"လက်နက်ကိုင်ခုခံမှု လုံးဝ အမြစ်ပြတ်သွားအောင် စစ်ရေးအရ ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး"-စစ်ရေးသုတေသီ အန်ထော်နီ ဒေးဗစ်

မုတ်သုံရာသီ အလွန် ပွင့်လင်းလာချိန်မှာ ဒေသကာကွယ်ရေး PDF အဖွဲ့တွေ အပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်တွေ အရှိန်မြင့် လာမယ် ဆိုတဲ့ နိုင်ငံတကာ သတိပေးမှုတွေ ရှိနေပါတယ်။

လက်တွေ့မှာလည်း ထန်တလန် မီးလောင်မှုနဲ့ မင်းတပ် တိုက်ပွဲတို့လို ချင်းတောင်တန်း တနံတလျား စစ်ရေး ပြင်းထန်မှုတွေ ရှိလာခဲ့ပြီး စစ်ကိုင်း၊ မကွေးထဲက နေရာတွေမှာပါ အောက်တိုဘာ နှောင်းပိုင်းကစလို့ အခု နိုဝင်ဘာ ပထမပတ်ထိ ပစ်ခတ်မှုတွေ၊ မီးလောင်မှုတွေ ဆက်တိုက် ပေါ်ပေါက် လာပါတယ်။

ဒီတော့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေး လှုပ်ရှားမှုနဲ့ အားနည်းချက် အားသာချက်၊ ဖော်ဆောင်နေတဲ့ စစ်ဇုံနယ်မြေတွေ အကြောင်း သုံးသပ်သွားမှာ ဖြစ်သလို၊ အဲဒီလို အလုံးအရင်း အင်အားသုံးလာတဲ့ စစ်ဆင်ရေးတွေ အပေါ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ စစ်ရေးအရ တုံ့ပြန်နိုင်စွမ်း ဘယ်လောက်ရှိလဲ၊ ဗျူဟာမြောက် ရည်မှန်းချက်တွေရော တန် ပြန် ချမှတ် နိုင်လား။

ဒီအကြောင်း အာရှ-ပစိဖိတ် ဒေသ စစ်ရေးနဲ့ လက်နက်ကိုင် ပဋိပက္ခ ကိုင်တွယ်ရေး ဆိုင်ရာ အထူး အကြံပေးတစ်ယောက် ဖြစ်တဲ့ ဘန်ကောက်မြို့ အခြေစိုက် သုတေသီ အန်ထော်နီ ဒေးဗစ်ကိုသတင်းထောက်ကိုဝေဖြိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်တွေရဲ့ ကိုင်တွယ်နေတာဟာ လက်ရှိမှာ အရှိန်အမြင့်ဆုံး အဆင့်ကိုရောက်လာပြီလား။ ဘယ်လို သုံးသပ်ထားပါသလဲ။

အန်ထော်နီဒေးဗစ်။စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုဟာ အမြင့်ဆုံး အဆင့်ကို ရောက်လာပြီလို့ မပြောနိုင်သေးပါဘူး။ အခုမှ အစပျိုး အရှိန်ယူနေတယ်လို့တောင် သုံးသပ်နိုင်ပါတယ်။ မိုးရာသီ ကုန်သွားတာ မကြာသေးဘူး မဟုတ်လား။ နောက်ပြီး စစ်တပ်အနေနဲ့ သူတို့ အခု ကြုံတွေ့ နေရတဲ့ လက်နက်ကိုင် အံတုမှုဟာ အရင်က အနေအထားတွေနဲ့ မတူဘဲ အခြေအနေ အသစ်၊ ပုံစံ အသစ် ဖြစ်နေပါတယ်။

ကျွန်တော် ဆိုလိုတာက တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရင်ဆိုင်ခဲ့ရတာဟာ လူမျိုးစု နယ်မြေတွေမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေဟာ နေပြည်တော်က သူတို့ရဲ့ အာဏာချုပ်ကိုင်မှု၊ သူတို့ရဲ့ "ဖြစ်တည်မှု" အပေါ်မှာ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

အခု စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အံတုမှုက၊ နယ်စပ်ဒေသတွေ၊ လူမျိုးစုနယ်မြေတွေလို့ ဝေးလံတဲ့နေရာတွေမှာတင် မဟုတ်တော့ပါဘူး။ ပြည်မမှာပါ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ ဆိုပြီး နေရာအနှံ့ ပေါ်ပေါက်လာတာပါ။ လူမျိုးစုအရလည်း "ဗမာ"တွေ ကိုယ်တိုင် ဒေသအနှံ့မှာ လက်နက်ကိုင် လမ်းကြောင်းပေါ် ရောက်လာကြတာ တွေ့ရပါတယ်။

ဒီအခြေအနေဟာ စစ်တပ်ရဲ့ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်လာစေပါတယ်။ ဒါကြောင့် ဒီလို အခြေအနေအသစ်ကို ကိုင်တွယ်ဖို့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေဟာ စစ်ရေးအရ ဗျုဟာချမှတ်ဆောင်ရွက် လာတာကို ပြီးခဲ့တဲ့လတွေမှာ တောက်လျှောက် တွေ့လာရပါတယ်။ အခု PDF ကိုင်တွယ်ရေး စစ်ရေး စီမံကိန်း အမြင့်ဆုံး အရှိန်ကို ရောက်ပြီလား ဆိုရင်၊ ကျွန်တော့် အဖြေကတော့ အခု လက်ရှိ တွေ့နေရတာတွေဟာ အစပျိုးရုံပဲ ရှိပါသေးတယ်။

ဘီဘီစီ။ အန်ထော်နီရေ။ အဲဒီ စစ်ရေး စီမံကိန်း အကြောင်း ခင်ဗျားရဲ့ အရေးအသားတွေမှာ " Western Theater" "အနောက်ဘက်မျက်နှာစာ" ဆိုပြီး ညွှန်းဆိုလေ့ရှိတာ သတိထားမိပါတယ်။ အမေရိကန် ပြည်တွင်းစစ်တုန်းက မစ္စစ္စပီမြစ် အရှေ့ဘက်နဲ့ အပါလေရှန် တောင်တန်းတွေရဲ့ အနောက်ဘက်က ဒေသတွေကို Western Theater ဆိုပြီး ခေါ်ခဲ့တာမျိုး ရှိတယ်။ အခု PDF ကိုင်တွယ်ရေး စစ်ရေး မျက်နှာစာ Western Theater ဆိုတာ ဘယ် အပိုင်းခြားကို ဆိုလိုတာလဲ ... အဲဒီမှာ စစ်တပ်ရဲ့ ဘယ်လို လှုပ်ရှားမှုတွေ ရှိနေတာလဲ။

အန်ထော်နီဒေးဗစ်။ ကျွန်တော် ရည်ညွှန်းတဲ့ Western Theater ဆိုတာကတော့ အခြေခံအားဖြင့်တော့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်း ၊ မြန်မာနိုင်ငံ မြောက်ဘက်ကနေ တောင်ဘက်ထိ တောက်လျှောက်ကို ဆိုလိုတာပါ။

မြောက်ဘက်မှာ ကချင်လက်နက်ကိုင် KIA တပ်မဟာတွေ လှုပ်ရှားနေတဲ့ နယ်မြေတွေနဲ့ တဆက်တစပ်တည်း ဖြစ်နေတဲ့ စစ်ကိုင်းထဲက အနောက်မြောက်ဘက်ပိုင်းဒေသတွေကနေ စပါတယ်။ အဲဒီကနေ ဟိုးတောင်ဘက် ရခိုင် လက်နက်ကိုင်တွေ AA အဖွဲ့ လှုပ်ရှား အားကောင်းခဲ့တာကို တွေ့မြင်ခဲ့ရတဲ့ ဘင်္ဂလားပင်လယ်အော် ပင်လယ်ထွက်ပေါက်ထိ ရှိနေတဲ့ ဒေသတနံတလျားကို Western Theater အဖြစ် ကျွန်တော်ရည်ညွှန်းပါတယ်။ အနောက်ဘက် အိန္ဒိယနဲ့ ထိစပ်နေတဲ့ ချင်းတောင်တန်း ဒေသတွေကိုလည်း ကျွန်တော် ထည့်သွင်းပါတယ်။

အဲဒီတော့ အဲဒီနယ်မြေတွေမှာ PDF ကိုင်တွယ်ရေး စစ်ရေးမြှင့်တင်နေတာ တွေ့နေရတဲ့ ဒေသကြီး ၄ ခု ဆိုပြီး ကျွန်တော် ထပ်ပြီး ပိုင်းခြားပါတယ်။ PDF ကိုင်တွယ်ရေး စစ်ဇုန် ၄ ခု လို့ ပြောနိုင်ပါတယ်။

ပထမတစ်ခုက မကွေးရဲ့ မြောက်ပိုင်းဒေသတွေပါ။ နောက် တစ်ခုက ချင်းတောင်တန်းရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာပါ။ တတိယကတော့ စစ်ကိုင်းထဲက တောင်ပိုင်း ဒေသတွေ ဖြစ်ပြီး၊ နောက်ဆုံး အရေးကြီးတဲ့ နယ်မြေကတော့ ကျွန်တော် ပြောခဲ့သလို ကေအိုင်အေ လှုပ်ရှားနေတဲ့နယ်မြေတွေနဲ့ တဆက်တည်း စစ်ကိုင်း အနောက်မြောက်ပိုင်းဒေသတွေ ဖြစ်ပါတယ်။

အဲဒီမှာ စစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲရေး ဗဟိုချက်မတွေဟာ ဘယ်နေရာတွေ ဖြစ်မလဲ ဆိုတာ အတိတကျ ပြောဖို့ ခက်ပေမယ့် လက်ရှိ မြင်တွေ့နေရ တာကတော့ မကွေးထဲမှာဆိုရင် ပခုက္ကူဟာ အချက်အခြာ ကျပါတယ်။ အဲဒီမှာ ၁၀၁ ခြေမြန်တပ်မဌာနချုပ် ရှိပါတယ်။ အဲဒီကနေ ချင်းအလယ်ပိုင်းထိ ကိုင်တွယ်နိုင်ပါတယ်။ ချင်းမြောက်ပိုင်းနဲ့ စစ်ကိုင်းထဲကနေရာတွေကို ကိုင်တွယ်ဖို့ကတော့ ကလေးမြို့နဲ့ အနောက်မြာက်တိုင်း စစ်ဌာနချုပ် နမခ အခြေစိုက်ထားတဲ့ မုံရွာဟာ အဓိကနေရာတွေ ဖြစ်မယ်လို့ ယူဆရပါတယ်။

အဲဒီ ကွပ်ကဲရေး ဌာနချုပ်တွေကို ဗဟိုပြုပြီး ကျွန်တော် ပြောခဲ့တဲ့ စစ်ရေးဇုန်နယ်မြေတွေမှာ တပ်မတော်ဟာ တိုက်ခိုက်ရေး ခြေလျင်တပ်ရင်းတွေကို နေရာချတာ၊ ယန္တရားတပ်တွေ၊ အမြောက်နဲ့ သံချပ်ကာတပ်တွေ ရွှေ့ပြောင်းတာတွေကို ပြီးခဲ့တဲ့ ၃ လကျော်ကာလအတွင်း သိသိသာသာသာ ပြုလုပ်နေခဲ့ ပါတယ်။ လေကြောင်းပစ်ကူလည်း ပေးတယ်ဆိုတာကို ချင်း မြောက်ပိုင်းမှာရော၊ စစ်ကိုင်းထဲမှာပါ တွေ့မြင်နေရပါတယ်။

ဘီဘီစီ။ ။ အန်ထော်နီရေ ... ဒီတော့ PDF တွေရဲ့ စစ်ရေး ဖော်ဆောင်နိုင်မှု၊ စစ်ကောင်စီ တပ်တွေရဲ့ ထိုးစစ်ကို တန်ပြန် ရင်ဆိုင်နိုင်မှု ဘယ်လို ရှိသလဲ ဆိုတဲ့ အပေါ်မှာရော ဘယ်လို သုံးသပ်နိုင်လဲ ခင်ဗျ။

အန်ထော်နီဒေးဗစ်။ ။ ခင်ဗျား သိတဲ့ အတိုင်းပဲ။ PDF ဆိုပြီး ပေါ်လာ ၆ လ တာ ဝန်းကျင်ပဲ ရှိပါသေးတယ်။ အခု ပွင့်လင်းရာသီ၊ ခြောက်သွေ့ရာသီ ရောက်လာတဲ့အခါ သူတို့လည်းပဲ ရာသီဥတု အခွင့်အရေး ပေးလာတာကို အသုံးချပြီး၊ တပ်ဖွဲ့တွေ ပိုအခြေခိုင်ဖို့၊ စနစ်တကျ ဖြစ်ဖို့ ကြိုးစားတည်ဆောက် နေကြတာကို သတိထားမိပါတယ်။

တတ်နိုင်သလောက် လက်နက်တွေ ဖြည့်ဆည်းတပ်ဆင်နေကြပါတယ်။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ တွဲပြီး လှုပ်ရှားကြတဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေအတွက် ပိုပြီးကောင်းတဲ့လက်နက်တွေ တပ်ဆင်လာနိုင်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ ပြောက်ကျား စစ်ကိုပဲ အခြေပြုရမှာပဲ ဖြစ်ပါတယ်။ လူသူ လက်နက် အပြည့် တပ်ဆင်ထားတဲ့ ၊ အမြဲတမ်း စစ်တပ်တစ်ခုနဲ့ သမားရိုးကျ ရင်ဆိုင်တိုက်ပွဲ ဖော်ဖို့ဆိုတာ လက်ရှိ အနေအထားနဲ့တော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် သုံးသပ်ပါတယ်။

စစ်ကြောင်းတွေဝင်လာရင် ထိပ်တိုက်ရင်ဆိုင်တာမျိုး မလုပ်ဘဲ တပ်ဖျောက်ပြီး ရှောင်တာ၊ အခြေအနေကို တွက်ဆပြီး အလစ်အငိုက် လက်ဦးမှုယူ ခြုံခိုတိုက်တာမျိုးလောက်ပဲ စစ်ရေး ဖော်နိုင်မယ်လို့ ယူဆပါတယ်။

ဒါကို အားနည်းချက် အနေနဲ့ ကျွန်တော် ပြောနေတာမျိုး မဟုတ်ပါဘူး။ တပ်ဖျောက်တာ၊ ပြန်စုစည်း တာတွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်တာကိုက ပြောက်ကျားစစ်ရဲ့ အားသာချက်တစ်ခုပါ။

စိတ်အားတက်ကြွမှု လွန်ကဲပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖော်တာတွေ လုပ်လာရင်သာ ကောင်းမွန်တဲ့ ရလဒ်၊ လိုချင်တဲ့ ရလဒ်မျိုးတွေ ရနိုင်ပါ့မလား ...။ အဲဒါကို စဉ်းစားသင့်ပါတယ်။

နောက်တစ်ခုက ကျယ်ပြန့်လှတဲ့ ဒေသအနှံ့မှာ တပ်မတော် အနေနဲ့ စစ်ရေးအရ တချိန်လုံး ထိန်းချုပ် အခြေစိုက်ထား နိုင်ပါ့မလား။ နောက်ပြီး စစ်ကြောင်းတွေ၊ အခြေစိုက်စခန်းတွေကို ထောက်ပံ့ပေးတဲ့ လမ်းကြောင်းတွေရဲ့ လုံခြုံရေးကလည်း ရှိနေပါတယ်။

သူတို့ အနေနဲ့ နယ်မြေအားလုံးမှာ PDF လုံးဝ ပျောက်သွားပြီး ရေရှည်လည်း ဆက်ပြီး ထိန်းထားနိုင်ဖို့ ဆိုတာနဲ့၊ ဒေသခံတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင် ပဋိပက္ခမှာ ထောက်ပံ့ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းတွေအားလုံး လုံခြုံမှု ရှိနေရေး ဆိုတာတွေမှာ အင်အားတွေ ပုံအောသုံးစွဲရမှာ ဖြစ်ပါတယ်။

ကျွန်တော် ပြောခဲ့တဲ့ အနောက်ဘက် မျက်နှာစာတကြောမှာ တိုက်ခိုက်ရေး အင်အား ၃ သောင်း ၀န်းကျင် ရှိနိုင်တယ်လို့ တွက်ဆရပါတယ်။

ဘီဘီစီ။ ။ အခုဆိုရင် နိုင်ငံတကာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ မြန်မာပြည်မှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်တွင်းစစ် ဖြစ်နေပြီ။ အရပ်သား ထိခိုက်မှုလည်း ကြီးမားလိမ့်မယ်လို့ ပြောနေကြပါတယ်။ အန်ထော်နီ့ အနေနဲ့ရော ဘယ်လို မြင်ပါသလဲ ...။

အန်ထော်နီဒေးဗစ်။ ။ လက်နက်ကိုင် ပဋိပက္ခတိုင်းမှာ အရပ်သားတွေ ထိခိုက်ကြရပါတယ်။ အထူးသဖြင့် ပဋိပက္ခနယ်မြေ ကျယ်ပြန့် နေတဲ့ လက်ရှိ မြန်မာ့အရေးမှာ ဆိုရင် အရပ်သား ထိခိုက်မှု ကြီးမား နိုင်ပါတယ်။ ကယား၊ ချင်းနဲ့ စစ်ကိုင်းတွေမှာ လူတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးရတာ၊ ထိခိုက် သေဆုံးရတာတွေ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။

နောက်တစ်ခုက မြန်မာ စစ်တပ်ရဲ့ ပြောက်ကျားစစ် ကိုင်တွယ်ပုံ ကိုင်တွယ်နည်း ဖြစ်တဲ့ ဖြတ် ၄ ဖြတ် ဆိုတာကို အရင် ပြည်တွင်းစစ်ကာလတွေမှာလည်း တွေ့ခဲ့မြင်ခဲ့ရပါတယ်။ ဒါကလည်း ဗြိတိသျှ တပ်တွေ မာလာယု ကျွန်းဆွယ် ( အခု မလေးရှား) မှာ ကွန်မြူနစ် သူပုန်တွေကို ကိုင်တွယ်ခဲ့တဲ့ နည်းကို ဆက်ခံထားတာပါ။ တခါ၊ အမေရိကန်တွေကို ကျောထောက် နောက်ခံပြုထားတဲ့ တောင်ဗီယက်နမ် စစ်တပ်လည်း ဒီနည်းကို သုံးခဲ့ပါတယ်။

သတင်း၊ ရိက္ခာ၊ ငွေကြေးနဲ့ ဒေသတွင်း ထောက်ခံမှု ဆိုတာတွေ ပြောက်ကျားတွေဆီ မရောက်အောင် ဖြတ်တောက်တာပါ။ အဓိကကတော့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ရှိနိုင်တဲ့နေရာတွေမှာပဲ ဒေသခံ ရွာသူရွာသားတွေကို နေထိုင်စေတာ ဖြစ်ပါတယ်။ ဒီတော့ ဒေသတွင်းကျေးရွာတွေ ရွာလုံးကျွတ် ပြောင်းရွှေ့ခံရပါတယ်။

တပ်မတော်ရဲ့ တောက်လျှောက် အပြုအမူတွေကနေ ဘာကို ကောက်ချက်ချနိုင်သလဲဆိုရင် သူတို့အနေနဲ့ စစ်ရေးအရ အပြည့်အဝ ထိန်းချုပ်နိုင်မှု မရှိမချင်း ဘယ်လိုသံခင်းတမန်ခင်း ဖြေရှင်းနည်းကိုမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အမေရိကန်ကနေလာတဲ့ ဘီလ်ရစ်ချက်ဆင်ရော၊ အာဆီယံ သံတမန်ရော ဘယ်သူမှ ကြားဝင်နိုင်မှာ မဟုတ်ပါဘူး။

တစ်ဘက်မှာလည်း မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ကြီးစိုးမှု၊ အုပ်ချုပ်မှုကို လုံးဝ လက်သင့်မခံတော့ဘဲ အဆုံးစွန် ရင်ဆိုင်ကြမယ် ၊ အသက်ပါပေးမယ် ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုးကို ပြီးခဲ့တဲ့ ၈ လ ကျော် ၉ လတာ ကာလအတွင်း ပြတ်ပြတ်သားသား တွေ့မြင်နေရပါတယ်။

ဒီတော့ အခု လာမယ့်လတွေမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်မယ်၊ လူတွေ အများကြီးရဲ့ အသက်တွေနဲ့လည်း ရင်းကောင်းရနိုင်တယ်။ ဒါပေမဲ့ လက်နက်ကိုင်ခုခံမှု လုံးဝအမြစ်ပြတ်သွားအောင် စစ်ရေးအရ ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။