ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေး-ဂန့်ဂေါလမ်းပေါ်ကတိုက်ပွဲများ
နိုဝင်ဘာလ ၂ ရက်၊ ၃ ရက်၊ ၄ ရက်တွေအတွင်း ကလေး-ဂန့်ဂေါလမ်းပေါ်မှာ အာဏာသိမ်း စစ်ကောင်စီ စစ်သားတွေနဲ့ အရပ်သားလက်နက်ကိုင်ပြောက်ကျားတွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဲဒီလမ်းပေါ်မှာရှိတဲ့ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွရွာတွေကိုလည်း စစ်ကောင်စီက စီးနင်းဝင်ရောက် နှိမ်နင်းမှုတွေဖြစ်ပွားခဲ့ပါတယ်။
အဲဒီရက်ပိုင်းတွေ အတွင်းဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို ဒေသခံတွေ ပြောပြချက်နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တချို့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရသမျှကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။
အမှတ်မထင်ရောက်လာတဲ့အိမ်စီးကား
နိုဝင်ဘာလ ၂ ရက်နေ့မနက်ပိုင်းမှာ အိမ်စီးကားအဖြူတစီး ကလေးမြို့ကနေ ထွက်ခွာလာပါတယ်။ အဲဒီအိမ်စီးကားအဖြူလေးဟာ မွန်းတည့်အချိန်ပတ်ဝန်းကျင်လောက်မှာ နတ်မြောင်းရွာနားကို ရောက်လာတယ်လို့ နတ်မြောင်းရွာသူ မစပယ် (အမည်လွှဲ) က ဘီဘီစီကို ပြောပါတယ်။
"မွန်းတည့်အချိန်လောက်ဖြစ်မယ်ထင်တယ်။ အဲဒီအချိန်လောက်မှာ ဟာဟိုမှာ အိမ်စီးကားအဖြူလေးတစီးလာနေပြီဟေ့လို့ ပြောသံကြားလို့ ကျွန်မတို့ ထွက်ကြည့်ပါတယ်။ ဒီလမ်းကို ပီဒီအက်ဖ်တွေက မိုင်းတ ွေထောင်ထားတယ်။ မလာပါနဲ့လို့ တားထားတာလေ။ အဲဒါအိမ်စီးကားလေးလာတာတွေ့လို့ ထွက်ကြည့်တာ။ သူ့ကို စစ်ဆေးဖို့တားတော့ သူက တရကြမ်း မောင်းပြေးတယ်။ အဲဒါကိုတော့ ကျွန်မကိုယ်တိုင် မြင်လိုက်ရပါတယ်။ သူ့ကားပေါ်မှာ လက်နက်လည်း ပါတယ်လို့ ပြောတယ်။ သူက အရင်စပစ်တာလို့လည်း ပြောတယ်ရှင့်။ အဲသလို ဆက်မောင်းသွားပြီး နတ်ချောင်းဘက်ရောက်တော့ ပီဒီအက်ဖ်တွေက ဝိုင်းပစ်လိုက်တာ ကားဘီးလည်း ပေါက်သွားပြီး ကားပေါ်က အမျိုးသမီးလည်း ဒဏ်ရာရသွားတယ်လို့ သတင်းကြားရပါတယ်ရှင့်။"
ကားပေါ်ပါလာသူ အမျိုးသမီးကို ပီဒီအက်ဖ်အဖွဲ့က စစ်ဆေးရာမှာ ညောင်တုန်းမြို့ဇာတိဖြစ်ပြီး အမည်က မချစ်ပိုပိုထွေးလို့ ဆိုပါတယ်။ မချစ်ပိုပိုထွေးဟာ ကလေးမြို့ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က ဗိုလ်မှူးသန်းနိုင်နဲ့ ရင်းနှီးပတ်သက်သူတယောက်လို့ ဆိုပါတယ်။ မချစ်ပိုပိုထွေးကို ဆေးကုသပေးခဲ့ပေမဲ့ သေဆုံးသွားတယ်လို့ဆိုပြီး သူ့ရုပ်အလောင်းကို ဆေးရုံပို့ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
မချစ်ပိုပိုထွေးကို မဘသဘုန်းကြီးတပါးပိုင်ကားနဲ့ လုံခြုံရေး အစောင့်အရှောက်ပါ ထည့်ပြီး လိုက်ပို့ပေးဖို့ စစ်ကောင်စီစစ်တပ်က စီစဉ်ခဲ့ပေမဲ့ သူကမစောင့်ဆိုင်းဘဲ ဗိုလ်မှူးသန်းနိုင် တပ်စခန်းချနေတဲ့ သံဖိုကျေးရွာကို သူ့အစီအစဉ်နဲ့သူ ထွက်ခွာလာခဲ့တာလို့ ပြောကြောင်း ပီဒီအက်ဖ် အဖွဲ့နဲ့ နီးစပ်သူတဦးက ဘီဘီစီကို ပြောပါတယ်။ သံဖိုကျေးရွာဟာ ကလေးမြို့နဲ့ မိုင် ၂၀ ကျော်လောက်ဝေးပါတယ်။
မိုင်းရှင်းဖို့လား၊ မချစ်ပိုပိုထွေးအတွက်လား
နိုဝင်ဘာလ ၂ ရက်နေ့ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့စစ်ကား ၈ စီးဟာ ကလေးမြို့ကနေ နတ်ချောင်း၊နတ်မြောင်း၊ ချောင်းခွကျေးရွာတွေရှိရာ ကလေး၊ ဂန့်ဂေါလမ်းဘက် ထွက်လာပါတယ်။
ဗိုလ်မှူးသန်းနိုင်နဲ့ ပတ်သက်တဲ့ မချစ်ပိုပိုထွေး အပစ်ခံရလို့ ထွက်လာတာလို့ ဒေသခံတချို့က ယူဆကြပါတယ်။ ပီဒီအက်ဖ်အဖွဲ့နဲ့နီးစပ်သူတွေရဲ့ သုံးသပ်ချက်ကတော့ စစ်ကောင်စီဟာသူတို့တပ်ဖွဲ့တွေအတွက် စားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးပစ္စည်းတွေ ချင်းပြည်နယ်ဟားခါးမြို့အထိ ပုံမှန်ပို့ဆောင်နိုင်ရေးအတွက် သို့မဟုတ် သူတို့ရဲ့ စစ်ဆင်ရေးလမ်းကြောင်းတွေချောမွေ့စေရေးအတွက် ကလေးဂန့်ဂေါလမ်းပေါ်မှာ ပီဒီအက်ဖ်တွေ ထောင်ထားတဲ့မိုင်းတွေကို ရှင်းလင်းဖို့ ထွက်လာတာလို့ ဆိုပါတယ်။
ညနေ ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီစစ်သားတွေဟာ စည်သာနဲ့နတ်မြောင်းရွာအကြား မိုင်းရှင်းဖို့ ခြေလျင်တက်လာစဉ် ပီဒီအက်ဖ်တွေက မိုင်းဆွဲတိုက်ခိုက်တာခံလိုက်ရပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်သား ၃ ယောက်သေပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ပီဒီအက်ဖ်က သတင်းထုတ်ပြန်ပါတယ်။
ပန်းမွန်ချောင်းတိုက်ပွဲ
ကလေးမြိုတောင်ပိုင်း ရန်ကြီးအောင်ရွာဘက်ကနေ နတ်ချောင်း၊ ချောင်းခွရွာဘက် စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း နတ်ချောင်းနဲ့ချောင်းခွအကြားရှိ ပန်းမွန်ချောင်းမှာ ကလေးမြို့ပီဒီအက်ဖ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရ စာရင်းတော့ မသိရသေးပါဘူး။ ဒါပေမဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆုတ်ခွာမသွားဘဲ ကျောက်ခွဲစက်မှာ စခန်းချတပ်စွဲနေခဲ့ပါတယ်။
လက်နက်ကြီးနဲ့ ကျေးရွာတွေကိုပစ်ခတ်
တခြားတဖက်မှာရှိတဲ့ နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့တွေဟာ စည်သာရွာ အခြေခံပညာအထက်တန်းကျောင်းမှာ တပ်စွဲပြီး နတ်မြောင်း၊ နတ်ချောင်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခဲ့ပါတယ်။
"စည်သာဘက်ကနေ ရှေ့ဆက်တက်မလာတော့ဘဲ ကျွန်မတို့ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာပါ။ ပထမတလုံးက ရွာ့အပြင်ဘက် ယာခင်းထဲကျပါတယ်။ ဒုတိယတလုံးက ရွာထဲက အိမ်တလုံးပေါ်ကို ကျပါတယ်။ ညနေပိုင်းမှာ တတိယတလုံးပစ်သေးတယ်လို့ ပြောတယ်။ ဘယ်ကျသလဲ မသိတော့ဘူး။ ကျွန်မလည်း ရွာထဲမှာဆက်မနေရဲတော့လို့ ထွက်ပြေးခဲ့ရတယ်ရှင့်။ တညလုံးလက်နက်ကြီးတွေနဲ့ ဆက်ပစ်ပါတယ်ရှင့်။"
နတ်မြောင်းရွာမှာ အိမ်တွေအမိုးပျက်စီးခဲ့ပါတယ်။ နတ်ချောင်းရွာနယ်မြေ ၁ က ဦးမောင်ပါရဲ့အိမ်ပေါ်လည်း လက်နက်ကြီးကျည်ထိမှန်ပြီး အိမ်အမိုးပျက်စီးခဲ့ပါတယ်။ နတ်ချောင်းရွာထဲက တခြားအိမ်တအိမ်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာလ ၃ ရက် စစ်သားတွေ မိုင်းရှင်းချီတက်လာ
နိုဝင်ဘာလ ၃ ရက်မနက်ပိုင်းမှာတော့ ကလေးမြို့ကနေ စစ်တပ်ထပ်မံချီတက်လာတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ လမ်းမှာ မိုင်းရှင်းပြီး ဖြည်းဖြည်းချင်းချီတက်လာရတဲ့အတွက် ချက်ချင်းရောက်မလာပါဘူး။ တချိန်တည်းမှာပဲ စည်သာရွာမှာရှိတဲ့တပ်ကလည်း လက်နက်ကြီးတွေနဲ့ ရွာဘက်ကို ဆက်လက်ပစ်ခတ်နေပါတယ်။
နိုဝင်ဘာ ၃ ရက်မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နတ်ချောင်းရွာနယ်မြေ အမှတ် ၁ ကအမျိုးသမီးငယ် ၁ ယောက် သေဆုံံးခဲ့ပါတယ်။ နတ်ချောင်းရွာတောင်ပိုင်းက ဦးမောင်ရီလည်း လက်နက်ကြီးကြောင့် ခြေထာက်တဖက်ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်လို့သိရပြီး အသက်သေဆုံးမှုရှိမရှိ တည်မပြုနိုင်သေးပါဘူး။
လက်နက်ကြီးထိတဲ့လူနာတွေကို ကယ်ဆယ်ဖို့ ပရဟိတကားသွားရောက်ခဲ့ရာမှာ ကားနဲ့တလံအကွာမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကားဘေးတခြမ်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ လာရောက်ကူညီကယ်တင်သူထဲက နှစ်ဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာတချို့ရသွားခဲ့ပါတယ်။
ဒုတိယအကြိမ်ပန်းမွန်ချောင်းတိုက်ပွဲ
နတ်ချောင်းနဲ့ ချောင်းခွအကြား ပန်းမွန်ချောင်းအနီး ကျောက်ခွဲစက်မှာ တပ်စွဲထားတဲ့စစ်တပ်ကိုတော့ နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီခွဲအချိန်လောက်မှာ ကလေးပီဒီအက်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တို့သုံးဖွဲ့ပေါင်းပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ ညှပ်တိုက်ခဲ့ရာမှာ ၄ နာရီကြာတဲ့အထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
နတ်မြောင်း၊ နတ်ချောင်းရွာတွေကို လက်နက်ကြီးနဲ့ပစ်နေတဲ့ စည်သာ အထက်တန်းကျောင်းထဲကတပ်ဖွဲ့တွေဟာ ပန်းမွန်ချောင်းမှာ အတိုက်ခိုက်ခံနေရတဲ့စစ်ကောင်စီစစ်သားတွေကို စစ်ကူပေးဖို့ထွက်ခွာလာခဲ့ကြပါတယ်။ ချီတက်လာတဲ့ သူတို့စစ်ယာဥ်တန်းကို စည်သာရွာအလွန် နတ်မြောင်းရွာမရောက်ခင်မှာပဲ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြန်ပါတယ်။ မိုင်းဆွဲပြီးနောက် အရပ်သားပြောက်ကျားတွေဟာ နတ်မြောင်းရွာအနီးကစောင့်ကြိုပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့လည်း ကလေးပီဒီအက်ဖ်က စာထုတ်ပြန်ကြေညာခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က စစ်သား ၄၇ ယောက်အထိသေဆုံးပြီး ပကဖ ၁ ယောက်နဲ့ အရပ်သား စုစုပေါင်း ၆ ယောက်သေဆုံးတယ်လို့ ပီဒီအက်ဖ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီစစ်သားတွေရဲ့ရုပ်အလောင်းအများအပြား ဆေးရုံရောက်လာတယ်လို့ ကလေးမြို့စစ်ဆေးရုံနဲ့ နီးစပ်သူတဦးကလည်းဆိုပါတယ်။ အလောင်းအရေအတွက်အတိအကျကိုတော့ သူမသိဘူးလို့ဆိုပါတယ်။
ကျေးရွာတွေကို စစ်ကောင်စီ စီးနင်း
နေ့လယ် ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီစစ်ကား ၃၂ စီး ချီတက်လာပြီး ပြောက်ကျားအဖွဲ့တွေ ဆုတ်ခွာသွားပါတယ်။ စစ်ကောင်စီစစ်သားတွေဟာ နတ်မြောင်းနဲ့နတ်ချောင်းရွာရဲ့လမ်းဘေးမှာရှိတဲ့ ဆိုင်ကြီးတွေနဲ့ ချမ်းသာတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို ဝင်ရောက်လုယက်ဖျက်ဆီးသွားတယ်လို့ ဒေသခံရွာသူ မစပယ်က ဆိုပါတယ်။
"လမ်းဘေးတန်းမှာရှိတဲ့အိမ်ကြီးအိမ်ကောင်းတွေ အကုန်လုံး အလုခံရတယ်ရှင့်။ ဦးကြည်ဓာတ်ဆီဆိုင်ကဆိုရင် ဓာတ်ဆီပေပါတိုင်ကီ ၁၀ လုံးကို ကားပေါ်တင်သွားတယ်။ အိမ်တွင်းဝင်ပြီး ဆိုလာပြား၊ ဘက္ထရီအိုး၊ ရုပ်မြင်သံကြားတွေ ယူသွားတယ်။ ရေခဲသေတ္တာဖွင့်ပြီး အစားအသောက်တွေလည်း စားသွားတယ်။ အဝတ်အစားတွေကို မွှေနှောက်ပြီး ကောင်းတဲ့ဟာတွေ ယူသွားတယ်။ မကောင်းတဲ့ဟာတွေ လွှင့်ပစ်ခဲ့တယ်။ ဖုန်းဆိုင်မှာလည်း အဲသလိုပဲ။ ဖုန်းတွေ၊ ငွေဖြည့်ကတ်တွေ ယူသွားတယ်။ သူတို့မလိုချင်တာတွေ လမ်းပေါ်လွှင့်ပစ်ခဲ့တယ်ရှင့်။"
ဦးကြည်ဓာတ်ဆီဆိုင်အပြင် ချမ်းမြေ့မိုဘိုင်းဖုန်းပြုပြင်ရေးဆိုင်၊ ဆူပါဟိုက်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ အင်အားအိမ်ဆောက်ပစ္စည်းဆိုင်တွေလည်း ဖောက်ထွင်းပြီးပစ္စည်းတွေယူသွားတာခံခဲ့ရပါတယ်။
နတ်ချောင်းရွာမှာ စစ်ကောင်စီစစ်သားတွေ ဝင်ရောက်လာပြီး ဆိုင်ကယ်တွေယူသွားတယ်လို့ အဲဒီအချိန်တုန်းက စပါးကျီအောက်မှာဝပ်ပြီးပုန်းအောင်းရင်း မြင်ခဲ့ရသူအမျိုးသမီးတဦးက အခုလိုပြောပြပါတယ်။
"ဆိုင်ကယ်တွေကို တုတ်နဲ့လျှိုထမ်းပြီး ကားပေါ်တင်သွားကြတာကို စပါးကျီအောက်မှာ ဝပ်ပြီးပုန်းနေရင်းက မြင်လိုက်ရပါတယ်။ အိမ်တွေထဲက အဝတ်အစားတွေကိုလည်း ယူတယ်။"
အရပ်သား ၆ ယောက်သေဆုံးတယ်လို့ ကလေးပီဒီအက်ဖ်ကကြေညာတဲ့အထဲမှာ ၃ ယောက်ရဲ့ ရုပ်အလောင်းဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာတွေ့မြင်ခဲ့ရပါတယ်။ ချောင်းခွရွာသား ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး နှစ်ဦးကိုသတ်ဖြတ်ထားလို့ အလောင်းပြန်တွေ့ခဲ့ရပါတယ်။ ကျန် ၁ ယောက်ကပျောက်ဆုံးဆဲဖြစ်ပါတယ်။ ကျန်တဲ့ ရုပ်အလောင်း ၁ လောင်းက နတ်ချောင်းရွာခင်အေးတိုက်က ကိုညီညီလင်းဖြစ်ပါတယ်။ သူဟာဦးခေါင်းကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရပြီး ဦးခေါင်းခွံပွင့်သွားတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ ကိုညီညီလင်းဟာ တင်သား၊ အရှေ့စည်း၊ ဒိုးနွယ်ကုန်း ပဋိပက္ခမှာတုန်းက ဦးခေါင်းဒဏ်ရာရထားလို့ အနားယူနေစဉ်မှာ အခုလို မမျှော်လင့်ပဲ ပစ်အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ကျေးရွာဒေသခံတွေကဆိုပါတယ်။
"စစ်သားတွေက သူတို့အကျအဆုံးများလို့စိတ်ဆိုးနေကြတာ ထင်ပါတယ်။ ချောင်းခွဘက်မှာ သူတို့မီးတင်ရှို့လို့ မီးလောင်နေတာကို ကျွန်မတို့ရွာကနေ လှမ်းမြင်ရပါတယ်။"
အိမ် ၃ လုံးကို စစ်သားတွေကမီးရှို့သွားတယ်လို့ရွာသားတွေကဆိုပြီး မီးလောင်ကျွမ်းနေပုံဗီဒီယိုကိုလည်း လူမှုကွန်ရက်ပေါ်တင်ခဲ့ပါတယ်။
နိုဝင်ဘာလ ၃ ရက် ညပိုင်းမှာတော့ အခြေအနေ အေးဆေးငြိမ်သက်သွားပါတယ်။
နိုဝင်ဘာ ၄ ရက်ဖမ်းဆီးနှိမ်နင်းမှုများ
ဒါပေမဲ့ နိုဝင်ဘာလ ၄ ရက်မနက်ခင်းမှာ ရွာတွေထဲကို ဝင်ရောက်မွှေနှောက်ပြီး လူတွေကို ဖမ်းဆီးခဲ့ပါတယ်။ နတ်ချောင်းရွာက လူငယ် ၁၆ ယောက်အဖမ်းဆီးခံရပါတယ်။ ကိုညီညီလင်းရဲ့ မိုဘိုင်းဖုန်းကို စစ်ကောင်စီက သိမ်းဆည်းသွားပြီး မိုဘိုင်းဖုန်းထဲမှာ ဓာတ်ပုံတွေ့တဲ့သူတွေကို ကိုညီညီလင်းနဲ့ ရင်းနှီးသူတွေဆိုပြီး မသင်္ကာမှုနဲ့ ရှာဖွေဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ ယောက်ျားအများစုဟာ စစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံရမှာ ကြောက်ပြီးထွက်ပြေးတိမ်းရှောင်ကြပါတယ်။
"အကုန်လုံးနည်းပါးက စစ်တပ်က ိုကြောက်လို့ ထွက်ပြေးကြတာ။ ကျန်းမာရေးမကောင်းလို့ မပြေးနိုင်တဲ့လူလောက်ပဲ ကျန်တယ်ရှင့်။ အခုတော့ လူမရှိတဲ့အိမ်တွေကို မီးရှို့မယ်လို့ စစ်တပ်က ပြောလို့ တချို့ကြောက်ပြီး ပြန်ကြတာလည်းရှိတယ်။ ကျွန်မတို့ကတော့ ပြန်ရမှာလည်းကြောက်လို့ မီးရှို့ချင်ရှို့ပစေတော့ဆိုပြီး ထားလိုက်တော့တယ်" လို့ ထွက်ပြေးတိမ်းရှောင်နေသူ နတ်ချောင်းရွာသူတယောက်က ဘီဘီစီကိုပြောပါတယ်။
ရွာထဲက ဝက်တွေကိုသတ်ဖြတ်ပြီးချက်စားသွားတယ်လို့လည်း ဆိုပါတယ်။ သူတို့ချက်စားတဲ့ဝက်အပြင် ကျန်တဲ့ဝက်တွေကိုလည်း သတ်သွားတယ်လို့ ဆိုပါတယ်။
ထွက်ပြေးရင်ပစ်မယ်၊ လူမရှိတဲ့အိမ်မီးရှို့မယ်လို့ အော်ဟစ်ပြောဆိုနေတယ်လို့လည်း ဆိုပါတယ်။ နတ်ချောင်းရွာ နန်းတော်ကုန်းရပ်မှာ စစ်ကောင်စီ စစ်သားတွေက မော်တော်ဆိုင်ကယ်နဲ့လှည့်ပတ်ရှာဖွေပြီး ယောက်ျားတွေတွေ့ရင် ဆွဲခေါ်နှိပ်စက်ညှဉ်းပန်းတယ်လို့လည်း ဒေသခံတယောက်က ဘီဘီစီက ိုပြောပါတယ်။
နတ်ချောင်းရွာထဲက ဦးမျိုးမင်းနဲ့ဒေါ်မာမင်းဆေးတိုက်မှာလည်း စစ်ကောင်စီစစ်သားအများအပြားနေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ နေရာတချို့မှာ စနိုက်ပါပြောင်းတပ်သေနတ်ကိုင်စစ်သားတွေက နေရာယူထားတယ်လို့လည်း ဆိုပါတယ်။
ငြိမ်သက်ခြင်းနဲ့ ငြိမ်းချမ်းခြင်း
နိုဝင်ဘာလ ၄ ရက်ညပိုင်းမှာတော့ အခြေအနေဟာ ငြိမ်သက်အေးစက်နေပါတယ်။ ငြိမ်သက်တာဟာ ငြိမ်းချမ်းခြင်းလို့ဆိုဖို့ ခက်ခဲနေပါတယ်။ ရွာသူရွာသားအများအပြားဟာ ကိုယ့်အိမ်ကိုယ်ရာကို မပြန်နိုင်ကြဘဲ ရွာ့အပြင်ဘက်အမိုးအကာမရှိတဲ့နေရာတွေမှာ ဆောင်းရာသီကို ရင်ဆိုင်ရင်း သောကပွားနေကြရပါတယ်။ ရွာထဲမှာနေထိုင်ကြသူတွေမှာလည်း ကျီးလန့်စာစား ဖြစ်နေကြပါတယ်။ စစ်ကောင်စီကလည်း ကျေးရွာတွေဟာ ပီဒီအက်ဖ်တွေရဲ့ ပေါက်ပွားရာ၊ ခိုလှုံရာနေရာတွေလို့ ယူဆထားပုံရပါတယ်။
အခုချိန်ထိ စစ်ကောင်စီစစ်သားတွေ မပြန်ကြသေးဘဲ စခန်းချနေဆဲဖြစ်တဲ့အတွက် ငြိမ်သက်မှုဟာဘယ်လောက်တာရှည်မလဲဆိုတာတော့ မသိနိုင်သေးဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။