ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံက ၂၂ မြို့နယ်မှာ အင်တာနက်တွေ ဖြတ်လို့ ဒေသခံတွေ အခက်ကြုံ
စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းလောက်ကစပြီး မကွေးတိုင်းထဲက မြိုင်၊ ဂန့်ဂေါ၊ ထီးလင်းနဲ့ ချင်းပြည်ထဲက ထန်တလန်မြို့အပါအဝင် ၁၁ မြို့နယ်မှာ မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရပါတယ်။
ချင်းပြည်နယ်မှာဆိုရင် မြို့တော်ဟားခါးကလွဲရင် ကျန်တဲ့ ၈ မြို့နယ်လုံးကို မိုဘိုင်းအင်တာနက်တွေပြတ် တောက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် လတ်တလော မိုဘိုင်းအင်တာနက်တွေဖြတ်တောက်ခံထားရတာဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းထဲက မြို့နယ် စုစုပေါင်း ၂၂ မြို့ နယ်အထိ ရှိလာပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တစ်မြို့ လုံးနီးပါးမီးရှို့ခံထားရတဲ့ မြို့ဖြစ်ပါတယ်။ တခြားအင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာ ပစ်ခတ်တိုက် ခိုက်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့တဲ့မြို့နယ်တွေနဲ့ အဲဒီမြို့နယ်တွေနဲ့ ဆက်စပ်မှုရှိတဲ့နေရာတွေဖြစ်ပါတယ်။
အခုနောက်ဆုံးအင်တာနက်ဖြတ်တောက်မှုတွေနဲ့ပတ်သတ်ပြီး ဘာကြောင့်ဖြတ်တောက်ထားတယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီလို မိုဘိုင်းအင်တာနက်တွေ ထပ်မံ ဖြတ်တောက်လိုက်တာကြောင့် ဒေသခံတွေ အရင်ကထက် ပိုခက်ခဲလာတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ထန်တလန်ဒေသခံအမျိုးသမီးက ''သတင်းတွေ လုံးဝမသိတော့ဘူး။ အခက်အခဲကတော့ အများကြီးရှိတာပေါ့။ နိုင်ငံခြားမှာနေတဲ့ အမျိုးတွေနဲ့လည်း အဆက်အသွယ်လုပ်လို့မရဘူး။ သတင်းတွေလည်း မသိရတော့ စိုးရိမ်တာပေါ့'' လို့ ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာစားရေးရိက္ခာအခက်အခဲရှိနေပြီး စစ်ရှောင်တစ်ချို့အတွက် ဆန်ရိက္ခာပြတ်တောက်တော့မယ့် အနေအထားရှိနေချိန်မှာ အင်တာနက်ထပ်မံဖြတ်တောက်တာကြောင့် အကူအညီတွေရရှိနိုင်ဖို့ အခက်အခဲ ဖြစ်လာတယ်လို့ ထန်တလန်ကနေ ရွှေ့ပြောင်းနေထိုင်နေရတဲ့ စစ်ရှောင်အချို့က ဘီဘီစီကို ပြောပြကြပါတယ်။
ချင်းပြည်နယ်နဲ့ ဆက်စပ်မှုရှိတဲ့ မြိုင်ဒေသမှာလည်း စင်တင်ဘာ ၂၃ ရက်ကပဲ မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်လိုက်တာကြောင့် အခက်အခဲရှိလာတယ်လို့ ဒေသခံတွေက ပြောပါတ်။
''သူတို့ အင်တာနက်ဖြတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုတွေဆီ ငွေလွှဲချင်တာတောင်မှ အဆင်မပြေတာတွေ တော်တော်လေးကို ဖြစ်သွားတယ်။ ပြည်သူတွေက ဘာသတင်းမှ မသိရတဲ့အခါကြတဲ့ ကြောင့်လန့်တကြား နေနေရတာပေါ့။ ပြေးရမှာလိုလို၊ လွှားရမှာလိုလို ဖြစ်နေတော့ တော်တော်လေးကို ဒုက္ခရောက်ပါတယ်'' လို့ မြိုင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသတချို့မှာ အရင်ကတည်းက နေ့မထွက်ရအချိန်သတ်မှတ်ချက် မနက် ၁၀ နာရီကနေ ညနေ ၅နာရီ မထွက်ရတဲ့ကန့်သတ်ချက်ကြောင့်လည်း အခြားဒေသတွေနဲ့ ဆက်သွယ်နိုင်မှုက လုံးဝနီးပါးပြတ် တောက်နေသလို အခုလိုအင်တာနက်ဖြတ်တောက်မှုကြောင့် အင်တာနက်ကို အသုံးပြုပြီး လုပ်ရတဲ့ လုပ်ငန်းတွေလည်း ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။