ရခိုင်မှာ အင်တာနက် ပြန်ဖွင့်ပေးဖို့ လူမှုအဖွဲ့အစည်းတွေ တောင်းဆို

ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံထားရတာ ၃ရက်ကြာ ရှိသွားပြီဖြစ်ပြီး အင်တာနက်လိုင်းတွေ ပြန်လည် ဖွင့်ပေးဖို့ ဇွန်လ ၂၄ရက်နေ့မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အမတ်တစ်ဦးက အရေးတကြီး အဆိုတင်သွင်းခဲ့ပါတယ်။

အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ အဆိုတင်သွင်းခဲ့သူ ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က လက်ရှိ ရခိုင်ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ အတွက် အစိုးရဌာနတွေမှာ အင်တာနက် အီးမေးလ် တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတာ ဖြစ်တာမို့ အခုလို အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတဲ့အတွက် ပြည်သူတွေတင်မက ပြည်နယ် အစိုးရအပေါ်မှာပါ အခက်အခဲ ရှိလာနိုင်တာကြောင့် အခုလို အဆိုတင်သွင်းခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။

ဒီလို အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာဟာ သတင်းအမှောင်ချလိုက်တဲ့ အနေအထား ဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်လာမယ့် အန္တရာယ်ကို စိုးရိမ်မိတယ်လို့လည်း သူက ပြောပါတယ်။

ဒီအဆိုကို ရခိုင်အမျိုးသားပါတီ ဘူးသီးတောင်မြို့နယ် အမတ် ဦးထွန်းအောင်သိန်း က ထောက်ခံ ဆွေးနွေးပြီး ကန့်ကွက်သူ မရှိတဲ့အတွက် လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ထပ်မံ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

အင်တာနက်လိုင်း အဖြတ်ခံရတဲ့ မြို့နယ်တွေကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့ ဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲကတော့ ပလက်ဝမြို့နယ် ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ အခုလို အင်တာနက်လိုင်းတွေ ဖြတ်တောက်တာဟာ တပ်မတော်နဲ့ တစ်စုံတစ်ရာ ပတ်သက်မှု မရှိဘူးလို့ ဇွန်လ ၂၂ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ဒီလို အင်တာနက်လိုင်းတွေ ဖြတ်တောက်ဖို့ ဆက်သွယ်ရေး ဝန်ကြီးဌာနက စလုပ်တာတော့ မဖြစ်နိုင်ဘူးလို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

ဒီမြို့နယ်တွေဟာ AA ရခိုင်တပ်ဖွဲ့နဲ့ တပ်မတော် တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေ ဖြစ်ပြီး AA ရဲ့ တိုက်ခိုက်မှုတွေမှာ အင်တာနက် အသုံးပြုပြီး ဗဟိုဌာနချုပ်နဲ့ ဆက်သွယ် ချိတ်ဆက်မှုတွေ လုပ်နေတာလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ယူဆနိုင်ကြောင်း၊ စစ်ရေးဆိုင်ရာ ကိစ္စ ဖြစ်တဲ့အတွက် အင်တာနက် ဖြတ်ဖို့ အစိုးရအဖွဲ့တွင်း အစည်းအဝေး ထိုင်တယ် ဆိုရင်တောင် ကာကွယ်ရေး ဝန်ကြီးက တောင်းဆိုလို့ ခုလို လုပ်ခဲ့တာလို့ ယူဆကြောင်း ဦးစည်သူအောင်မြင့်က ပြောပါတယ်။

ဒီလို အင်တာနက်လိုင်းတွေကို ဖြတ်တောက်လိုက်တဲ့ အပေါ် ပြောဆို ဝေဖန်မှုတွေ မြင့်တက်နေပြီး အင်တာနက် ဖြတ်တောက်တာကို မပြုလုပ်ဖို့ ဒစ်ဂျစ်တယ် အခွင့်အရေး လူပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်း ၂၀ ခန့်ကလည်း ဇွန်လ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။