အာဖဂန်နစ္စတန်- နောက်ဆုံးစစ်လေယာဥ်ထွက်ခွာခဲ့ပြီး အရှည်ကြာဆုံး အမေရိကန်စစ်ပွဲ အဆုံးသတ်

တပ်ဖွဲ့တွေအားလုံးစုံမှ နောက်ဆုံးလေယာဥ်ပေါ် နောက်ဆုံးကတက်ခဲ့တဲ့ လေကြောင်းချီတပ်ဖွဲ့က တပ်မှူး ဗိုလ်ချုပ် ခရစ်ဒေါန်နေဟျူး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တပ်ဖွဲ့တွေအားလုံးစုံမှ နောက်ဆုံးလေယာဥ်ပေါ် နောက်ဆုံးကတက်ခဲ့တဲ့ လေကြောင်းချီတပ်ဖွဲ့က တပ်မှူး ဗိုလ်ချုပ် ခရစ်ဒေါန်နေဟျူး

အာဖဂန်နစ္စတန်မှာ နှစ် ၂၀ ကြာ ဆင်နွှဲခဲ့တဲ့ အမေရိကန်စစ်တပ်ဟာ သူတို့ရဲ့ နောက်ဆုံး စစ်လေယာဥ်ကို ကာဘူးလ် လေဆိပ်ကနေထွက်ခွာခဲ့ပြီးနောက် အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်လိုက်ပါပြီ။

C17 စစ်လေယာဥ် မှာ အမေရိကန် သံအမတ်ကို တင်ဆောင်လာပြီး ကာဘူးလ် လေဆိပ်က ထွက်ခွာလာတယ်လို့ တာဝန်ရှိတဲ့ သူတွေအတည်ပြုပါတယ်။

နောက်ဆုံး အချိန်မတိုင်မီ ထွက်မလာနိုင်သူတွေအတွက်တော့ သံတမန်အစီအစဥ်တစ်ခုကို စီစဥ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်တွေရဲ့ နောက်ဆုံးလေယာဥ်ထွက်ခွာသွားပြီးနောက် တာလီဘန်တွေက လည်း သေနတ်တွေပစ်ဖောက်ပြီး အောင်ပွဲခံတာတွေ လုပ်ခဲ့ကြပါတယ်။

ဒီလေယာဥ်ထွက်ခွာ သွားတာဟာ အမေရိကန်တွေရဲ့ အာဖဂန်မှာ စစ်ရေးဝင်ရောက် စွက်ဖက်မှု အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့ မနက်အစောပိုင်းက ကာဘူးလ်လေဆိပ်ထဲကို ဝင်လာတဲ့ တာလီဘန်တွေ အမေရိကန်တွေထားခဲ့ စစ်ဝတ်စုံတွေယူဝတ်၊ ပစ္စည်းတွေကို ယူသုံးခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်္ဂါနေ့ မနက်အစောပိုင်းက ကာဘူးလ်လေဆိပ်ထဲကို ဝင်လာတဲ့ တာလီဘန်တွေ အမေရိကန်တွေထားခဲ့ စစ်ဝတ်စုံတွေယူဝတ်၊ ပစ္စည်းတွေကို ယူသုံးခဲ့ကြ

၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန်ထဲကို အမေရိကန်ဝင်ရောက်လာတဲ့ အချိန်မှာ အာဏာကို လက်လွှတ်ခဲ့ရတဲ့ တာလီဘန်တွေဟာ အခုအမေရိကန် ပြန်ထွက်သွားချိန်မှာတော့ အာဏာအလုံးစုံက သူတို့လက်ထဲ ပြန်ရောက်လာခဲ့ပါပြီ။

ဒါဟာ တာလီဘန်တွေ နိုင်ငံကို သိမ်းပိုက်လိုက်ပြီးနောက် သြဂုတ် ၁၄ ရက်က စပြီး နိုင်ငံထဲက လူတွေ သိန်းနဲ့ချီကယ်ထုတ်ခဲ့တဲ့ လုပ်ငန်းကြီးလည်း အဆုံးသတ်သွားတာ ဖြစ်ပါတယ်။

တစ်နေ့ကိုပျှမ်းမျှ အရပ်သား ၇၅၀၀ နဲ့ စုစုပေါင်း အရပ်သား ၁၂၃,၀၀၀ ကျော်ကို အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့ လေယာဥ်တွေက ကယ်ထုတ်ပေးခဲ့တယ်လို အမေရိကန် ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီး ကဲနက် မက်ကင်ဇီက ပြောပါတယ်။

အာဖဂန်နစ္စတန်က ကယ်ဆယ်ရေးလုပ်ငန်းစဥ်ဟာ ကြီးမားတဲ့ စစ်ရေး၊ သံတမန်ရေးနဲ့ လူသားချင်းဆိုင်ရာ အကူအညီပေးမှု ဖြစ်သလို အမေရိကန်အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးတွေထဲက တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

"စစ်ရေးဆောင်ရွက်ဆောင်ရွက်မှုကတော့ ပြီးပြီ။ သံတမန်ရေး လုပ်ငန်းကတော့ အသစ်ကနေ ပြန်စရမယ်" လို့လည်း သူက ဆိုပါတယ်။

တာလီဘန်တွေအနေနဲ့ တရားဝင် အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုခံရဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး သူတို့လုပ်ဆောင်မှုတွေကို စောင့်ကြည့်အကဲဖြတ်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရပ်သားတွေ နိုင်ငံအတွင်း လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ကို ခွင့်ပြုဖို့၊ အမျိုးသမီး တွေအပါအဝင် အာဖဂန်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ အကြမ်းဖက်အုပ်စုတွေ မခိုအောင်းနိုင်အောင် ကာကွယ်ထားဖို့ ဘယ်လောက်လုပ်ဆောင်နေသလဲ ဆိုတာတွေကနေ အကဲဖြတ်ခံနေရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးတော့ ကာဘူးလ်မြို့က အမေရိကန် သံရုံးကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ပြောင်းရွှေ့ အခြေစိုက်ထားမှာ ဖြစ်ပြီး အဲ့ဒီကနေ အမေရိကန်တွေနဲ့ အမေရိကန်နိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့ အာဖဂန်တွေကို အာဖဂန်က ထွက်ခွာချင်ရင် အကူအညီပေးဖို့ လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့လည်း သူက ဖြည့်စွက် ပြောပါတယ်။

လူတွေကို ဘေးကင်းရာပို့ဆောင်မှုတွေလုပ်ပေးခဲ့တဲ့ ဒီ ၁၇ရက်ကြာ လုပ်ငန်းမှာ ပါဝင်ခဲ့သူတွေ အားလုံးကို ကျေးဇူးတင်တဲ့ အကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီး အင်္ဂါညပိုင်းမှာလည်း တိုင်းပြည်ကို သူ မိန့်ခွန်းပြောဖို့ ရှိတယ်လို့ သိရပါတယ်။

အမေရိကန်တွေ ထွက်သွားအပြီး တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ် သူ့တပ်ဖွဲ့တွေကို ကာဘူးလ်လေဆိပ်မှာ စကားပြောနေစဥ်
ဓာတ်ပုံ ပုံစာ, အမေရိကန်တွေ ထွက်သွားအပြီး တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ် သူ့တပ်ဖွဲ့တွေကို ကာဘူးလ်လေဆိပ်မှာ စကားပြောနေစဥ်

အမေရိကန်တွေထွက်သွားပြီးနောက် တာလီဘန်တပ်တွေ ကာဘူးလ်လေဆိပ်ကို သိမ်းပိုက်ခဲ့ပြီး အမေရိကန်တွေချန်ထားခဲ့တဲ့ လေယာဥ်တွေပြင်ဆင်တဲ့ အဆောက် အအုံတစ်ခု ထဲကို ဝင်လာကြပါတယ်။

အဲ့ဒီကိုဝင်လာတဲ့ တာလီဘန်တပ်သားတစ်ချို့ဟာ အမေရိကန်တွေချန်ထားခဲ့တဲ့ စစ်အသုံးအဆောင်တွေနဲ့ စစ်ဝတ်စုံတွေကို ဝတ်ထားကြတာကိုလည်း တွေ့ရပါတယ်။

တာလီဘန်တွေဟာ အမေရိကန်တွေ ထားခဲ့တဲ့ ထောက်ပို့ပစ္စည်းတွေ ပစ္စည်းကိရိယာ ထိန်းသိမ်းခန့်ခွဲတာ၊ တန်ဆာပလာတွေကို စစ်ဆေးတာတွေနဲ့ ပတ်ဝန်းကျင် လုံခြုံရေး လုပ်နေကြတယ်လို့ အဲ့ဒီနေရာမှာ ရောက်နေတဲ့ လော့စ်အိန်ဂျလိစ်တိုင်းစ် သတင်းဌာနက ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။

အခုလို အာဖဂန်နစ္စတန်ထဲကနေ သူတို့ ထွက်သွားပေမယ့် အမေရိကန်တပ်ဖွဲ့တွေကို ဘာသာပြန်လုပ်ပေးနေသူ တစ်ယောက်အပြင် ကလေး ၆ ယောက်နဲ့ အရပ်သားတွေ သေခဲ့ရတဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်ခဲ့ တယ်ဆိုတာ အမေရိကန်ဘက်က ဖြေရှင်းရဖို့ ရှိနေပါတယ်။

ဒီကိစ္စကို အသေခံဗုံးခွဲသမားလို့ သံသယရှိသူတစ်ယောက်ကို တိုက်ခိုက်ဖို့ လုပ်ရင်းနဲ့ ဖြစ်တာလို့ အမေရိကန်တွေဘက်က ပြောထားပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ သတင်းမှားတစ်ခုရပြီး ကာဘူးလ်လေဆိပ်နားက ကားတစ်စီးကို တိုက်ခိုက်ခဲ့တာလို့ သေတဲ့သူတွေရဲ့ ဆွေမျိုးတွေဘက် ကတော့ ပြောနေပါတယ်။

အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်ကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။

presentational grey line

အာဖဂန်သန်းချီ အနာဂတ်မရေမှုတွေနဲ့ ကြုံလာနေရ

လိဇ် ဒူးဆက်၊ နိုင်ငံတကာ ဘီဘီစီ သတင်းထောက်ချုပ်

နှစ် ၄၀ စစ်ကြီး ဖြတ်သန်းခဲ့အပြီးမှာတောင် ဒီလောက် မသေချာမရေရာတဲ့ အကူးအပြောင်း အခြေအနေမျိုးကို အာဖဂန်တွေ မကြုံဖူးဘူးလို့ ယူဆရပါတယ်။

ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တိုင်းပြည်ကထွက်ပြေးသွားကြတဲ့ ထောင်ပေါင်းများစွာသော အာဖဂန်တွေဟာလည်း ကြောက်ရွံ့ထိတ်လန့်မှု၊ အနာဂတ်မရေရာမှုတွေအပြင် သူတို့ မိခင်မြေကို ဘယ်တော့မှ ပြန်လာနိုင်မယ်ဆိုတာလည်း ဘယ်သူမှမပြောနိုင်ပါဘူး

နိုင်ငံတွင်းမှာ ကျန်နေရစ်တဲ့ အာဖဂန် ၃၈သန်းဆိုရင်လည်း သူတို့ကို တာလီဘန်တွေက ဘယ်လိုပုံစံမျိုး အမိန့်ပေးအုပ်ချုပ်ဦးမလဲဆိုတာ မသိကြသေးပါဘူး။ အရင်တုန်းက တာလီဘန်တွေ အုပ်ချုပ်ခဲ့တုန်းကလို ပြင်းထန်ရက်စက်တဲ့ အပြစ်ပေးမှုတွေ၊ တင်းကျပ်တဲ့ စည်းမျဥ်းဥပဒေတွေကိုပဲ ပြန်အကောင်အထည်ဖေါ်မှာလားဆိုတာအတွက်လည်း စိုးရိမ်နေကြပါတယ်။

အာဖဂန်အများစုမြင်ရတဲ့ ကျေးလက်တောနယ်မှာတွေ့ရတဲ့ တာလီဘန်တွေရဲ့ အုပ်ချုပ်ပုံအရတော့ အရင်တုန်းကလိုပဲ ဖြစ်နေသလို ပြောင်းလဲလာတာကို မတွေ့ရပါဘူး။ တစ်ချို့နေရာတွေမှာဆို ပိုဆိုးလာတာတွေတောင် တွေ့ရပါတယ်။

အရင်တုန်းကဆို အနောက်အုပ်စု ညွန့်ပေါင်းအဖွဲ့ရဲ့ ပညာရေး အားပေးမှုကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လွတ်လပ်မှုကို အနည်းငယ် ပိုရခဲ့ကြပါတယ်။ အခုတော့ လွန်ခဲ့တဲ့ နှစ်၂၀ အတွင်းမှာ မွေးဖွားလာကြတဲ့ မိန်းကလေးငယ်တွေဟာ သူတို့အရင်ကရခဲ့တဲ့ ဘဝမျိုး ပြန်ရနိုင်တော့မှာမဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

မနက်ဖြန်ဆိုရင် ဒီနှစ်ရှည်ကြာစစ်ပွဲကြီးကတော့ စာမျက်နှာသစ် စပါပြီ။ အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲက ပြီးဆုံးသွားပေမယ့် အာဖဂန်တွေရဲ့ အနာဂတ်ကတော့ မရေရာမှုတွေအများကြီး စောင့်ကြိုနေပါတယ်။