အာဖဂန်နစ္စတန် - အရပ်သားတွေသေဆုံးမှုကို အမေရိကန်စစ်တပ် စုံစမ်းနေ

ထိခိုက်ပျက်စီးသွားတဲ့ ကား
ဓာတ်ပုံ ပုံစာ, ကာဘူးလ်မှာ အမေရိကန်တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုအပြီး တွေ့ရတဲ့ မြင်ကွင်း

အမေရိကန်တွေက အသေခံဗုံးခွဲသမားတစ်ယောက်ပါလာတယ်ဆိုပြီး ကာဘူးလ်မြို့မှာ ကားတစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးခြောက်ဦး အပါအဝင် မိသားစုတစ်စုထဲက လူ ၁၀ ဦး အသက်ဆုံးခဲ့ရတယ်လို့ ကျန်ရစ်သူ ဆွေမျိုးတွေက ဘီဘီစီကို ပြောပါတယ်။

အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့ အဲဒီကားထဲမှာ အိုင်အက်စ်အဖွဲ့ရဲ့ အာဖဂန်နစ္စတန်အုပ်စုခွဲနဲ့ ဆက်စပ်နေသူ အနည်းဆုံး တစ်ဦးပါလာတယ်လို့ ပြောထားပါတယ်။

သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကတော့ အဲဒီကားထဲမှာ အသေခံ ဗုံးခွဲသမား တစ်ယောက်မှ မပါပါဘူးလို့ ဆိုပါတယ်။

သေဆုံးသွားသူတွေထဲမှာ အရင်က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ခဲ့သူတွေပါဝင်ပြီး အမေရိကန်ကိုသွားဖို့ ဗီဇာလည်း ရထားကြပြီဖြစ်တယ်၊ သူတို့က ကားထဲမှာ ထိုင်နေပြီး ကလေးတွေက အနီးအနားမှာကစားနေကြတာဖြစ်တယ်လို့ သူတို့က ပြောပြပါတယ်။

အမေရိကန်စစ်ဌာနချုပ်က အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ပြောပါတယ်။ ဒါပေမဲ့ အရပ်သားတွေ ဘာကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဆိုပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒရုန်းနဲ့ တိုက်ခိုက်မှုအပြီးမှာ "နောက်ထပ် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတွေ" ဆက်ဖြစ်ခဲ့တာတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုပေါက်ကွဲမှုကြီးတွေဖြစ်ခဲ့တာဟာ "ကားထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ အများကြီးရှိနေနိုင်တယ်ဆိုတာကို ပြနေတာဖြစ်ပြီး ပေါက်ကွဲမှုတွေကြောင့် နောက်ထပ် ထိခိုက်သေဆုံးမှုတွေလည်း ဆက်ဖြစ်ခဲ့နိုင်တယ်" လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘီဘီစီက တိုက်ခိုက်ခံခဲ့ရတဲ့ အိမ်ကိုသွားကြည့်တဲ့အခါ နောက်ထပ် ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတဲ့ လက္ခဏာမျိုး မတွေ့ခဲ့ရပါဘူး။

အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ကတော့ ကာဘူးလ်က ဟာမက်ကာဇိုင်းနိုင်ငံတကာလေဆိပ်ကို အာဖဂန်မှာ ရှိတဲ့ အစ္စလာမ်မစ်နိုင်ငံလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အိုင်အက်စ်ရဲ့ အဖွဲ့ခွဲ အိုင်အက်စ်-ကေအဖွဲ့က တိုက်ခိုက်တော့မယ့် အစီအစဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ပြီး ဟန့်တားဖျက်ဆီးနိုင်ခဲ့တယ်လို့ အစောပိုင်းက ကြေညာခဲ့ပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ကား
ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေဟာ အဲဒီအချိန်က ကားထဲမှာ ရှိနေကြတယ်လို့ ဆွေမျိုးတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကာဘူးလ်လေဆိပ်အပြင်ဘက်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သား ၁၀၀ ကျော်နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ယောက်တို့သေဆုံးခဲ့ပြီးတဲ့နောက်မှာ အာဖဂန်နစ္စတန်မှာရှိနေသေးတဲ့ အမေရိကန်တပ်တွေကို အမြင့်ဆုံးတပ်လှန့်မှုနဲ့ အသင့်အနေအထားပြင်ထားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို အိုင်အက်စ်-ကေအဖွဲ့ကသူတို့လုပ်တာလို့ ကြေညာထားပါတယ်။ အဲဒီတုန်းက သေဆုံးခဲ့ရသူအတော်များများဟာ တာလီဘန်တွေ သြဂုတ်လ ၁၅ ရက်နေ့က ကာဘူးလ်မြို့ကို သိမ်လိုက်ပြီးတဲ့နောက် နိုင်ငံထဲက ထွက်ခွာချင်သူတွေကို တင်ဆောင်ထွက်ခွာနေတဲ့ လေယာဉ်တွေပေါ်လိုက်ခွင့်ရဖို့ ကြိုးစားနေကြသူတွေဖြစ်ကြပါတယ်။

အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ ရုပ်သိမ်းထွက်ခွာဖို့ နောက်ဆုံးရက်သတ်မှတ်ထားတဲ့ သြဂုတ်လ ၃၁ ရက်နေ့ နီးလာတာနဲ့ အမျှ တိုက်ခိုက်မှုတွေ ပိုတိုးပြီးတွေ့လာရလိမ့်မယ်လို့ အမေရိကန်တွေဘက်က အကြိမ်ကြိမ် သတိပေးထားပါတယ်။

ဒီနေ့ သြဂုတ်လ ၃၀ ရက် တနင်္လာနေ့မှာလည်း ကာဘူးလ်မြို့ပေါ်ကို ဖြတ်လို့ လေဆိပ်ဆီ ဦးတည်လာနေတဲ့ ဒုံးကျည်တွေကို အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားလိုက်နိုင်ခဲ့တယ်လို့ အရာရှိတစ်ယောက်က ရိုက်တာသတင်းအေဂျင်စီကို ပြောပါတယ်။

အာဖဂန်ပြည်တွင်း သတင်းမီဒီယာတွေမှာ ပြနေတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာတော့ ကာဘူးလ်မြို့က အိမ်တွေရဲ့ ခေါင်မိုးတွေတဝိုက် ဝေ့တက်လာတဲ့ မီးခိုးလုံးကြီးတွေကိုတွေ့ရပြီး လမ်းပေါ်မှာ မီးလောင်နေတဲ့ ကားတစ်စီးကိုလည်း မြင်ရပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

Presentational grey line

သမ္မတဘိုင်ဒန်ကို အသိပေးထား

အဲဒီလို ဒုံးကျည်နဲ့တိုက်ခိုက်မှုအကြောင်း သမ္မတဂျိုးဘိုင်ဒန်ကိုလည်း အသိပေးတင်ပြထားခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ကာဘူးလ်လေဆိပ်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အနှောင့်အယှက်မရှိဆက်လုပ်နေတဲ့အကြောင်း သမ္မတကို အသိပေးထားပါတယ်။ သမ္မတကလည်း မြေပြင်မှာရှိနေတဲ့ အမေရိကန်တပ်တွေကို အကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှကို နှစ်ဆကြိုးစားပြီး ဦးစားပေးလုပ်ဆောင်သွားဖို့ သူပေးထားတဲ့ အမိန့်ကို တပ်မှူးတွေကို ထပ်ညွှန်ကြားပါတယ်လို့ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအကြီးအကဲ ဂျန်ဆာကီက ပြောပါတယ်။

တနင်္လာနေ့ဖြစ်ရပ်တွေမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေရော အာဖဂန်လူမျိုးတွေပါ ထိခိုက်မှုရှိတယ်လို့ အခုအထိ မကြားရသေးပါဘူး။ လေဆိပ်ကို နောက်ထပ် တိုက်ခိုက်လာမှုတွေကနေ ကာကွယ်ရအောင် အမေရိကန်တပ်တွေက ဒုံးကျည်နဲ့ မော်တာအမြောက်ကာကွယ်ရေးစနစ်တွေ တပ်ဆင်ထားပါတယ်။

လေဆိပ်မှာ အာဖဂန်အမျိုးသမီးတစ်ဦးကို အမေရိကန်မရိန်းတပ်ဖွဲ့ဝင်က စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကာဘူးလ်လေဆိပ် တိုက်ခိုက်ခံရအပြီးမှာ အမေရိကန်တွေကို အသင့်အနေထားနဲ့ ပြင်ထား

တနင်္လာနေ့ နှောင်းပိုင်းမှာ ဗြိတိသျှဝန်ကြီးတွေနဲ့ အရာရှိတွေဟာ အာဖဂန်နစ္စတန်မှာ အာဏာပြန်ရယူလာတဲ့ တာလီဘန်တွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ လမ်းကြောင်းတစ်ခုကို ရှာဖွေဖို့ နိုင်ငံတကာအစည်းအဝေးတွေ တက်ကြဖို့ ရှိပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရာ့ဘ်က ဂျီ၇ နိုင်ငံက ဝန်ကြီးတွေနဲ့ရော၊ နေတိုးအဖွဲ့နဲ့ ကာတာနိုင်ငံက တာဝန်ရှိသူတွေနဲ့ပါ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာတော့ ပြင်သစ်နဲ့ ဗြိတိန်တို့က အာဖဂန်နစ္စတန်နိုင်ငံထဲက ထွက်ခွာချင်သူတွေကိုအကာအကွယ်ပေးနိုင်အောင် ကာဘူးလ်မှာ ဘေးမဲ့ဇုံတစ်ခု ဖန်တီးဖို့ လုံခြုံရေးကောင်စီကို အဆိုပြုဖို့ ရှိနေပါတယ်။