အာဖဂန်နစ္စတန် - တာလီဘန်လက်က ထွက်ပြေးလာတဲ့ အာဖဂန်ဒုက္ခသည်တွေ ဘယ်မှာ ခိုလှုံကြမလဲ

ကာဘူးလ်လေဆိပ်ကထွက်ခွာမယ့် အမေရိကန်စစ်တပ်လေယာဥ်ပေါ်် မှာ အာဖဂန်မိသားစုတွေကို တွေ့ရစဥ်
ဓာတ်ပုံ ပုံစာ, ကာဘူးလ်လေဆိပ်ကထွက်ခွာမယ့် အမေရိကန်စစ်တပ်လေယာဥ်ပေါ်် မှာ အာဖဂန်မိသားစုတွေကို တွေ့ရစဥ်

အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်းသွားပြီး နောက်ပိုင်း နိုင်ငံကို တာလီဘန်တွေက ပြန်သိမ်းပိုက်ခဲ့တာကြောင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာဟာ နိုင်ငံထဲကနေ အလုအယက် ထွက်ပြေးနေကြပါတယ်။

အိမ်နီးချင်းနိုင်ငံတွေထဲကို ရောက်နေပြီဖြစ်တဲ့ အာဖဂန်ဒုက္ခသည် အရေအတွက်ဟာ ၂.၂ သန်း အထိ ရှိနေပြီး ဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေးမတည်မငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အာဖဂန် နစ္စတန်နိုင်ငံရဲ့ နယ်စပ်တွေမှာ ရောက်နေတဲ့ ဒုက္ခသည် အရေအတွက်ဟာလည်း ၃.၅ သန်း လောက် ရှိနေပါပြီ။

လူဘယ်လောက်ထွက်ပြေးသလဲ

အခုအချိန်ထိတော့ ဘယ်လောက်ရှိနေပြီဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။

အာဖဂန်နစ္စတန်ကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်တဲ့လမ်းတွေကိုလည်း တာလီဘန်တွေက ထိန်းချုပ်ထားပါတယ်။ (တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို အောက်ကမြေပုံမှာ ပြထားပါတယ် ။)

ပြီးတော့ အာဖဂန်တွေ နိုင်ငံထဲက ထွက်သွားတာကို တာလီဘန်တွေက မကြိုက်ကြပါဘူး။

သတင်းတွေအရ ကုန်သည်တွေနဲ့ ခရီးသွားလာခွင့် လက်မှတ်ရထားတဲ့သူတွေသာ ဂိတ်တွေကို ဖြတ်ကျော်ခွင့်ရတယ်လို့ သိရပါတယ်။

"အာဖဂန်အများစုဟာ ပုံမှန်လမ်းကြောင်းတွေကနေဖြတ်ပြီး နိုင်ငံတွင်းက ထွက်သွားလို့မရပါဘူး။ ဒီနေ့အထိတော့ အန္တရာယ်ကင်းတဲ့ လမ်းကြောင်းဆိုတာ ရှာမတွေ့သေးပါဘူး" လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါတယ်။

အာဖဂန်ဒုက္ခသည်တွေ

ဒါပေမယ့် တချို့ ဒုက္ခသည်တွေကတော့ နိုင်ငံတွင်းက ထွက်လာနိုင်ခဲ့ကြပါတယ်။ တာလီဘန်တွေ ကာဘူးလ်မြို့ကို သိမ်းပြီး သိပ်မကြာခင်မှာ ထောင်နဲ့ချီတဲ့ အာဖဂန်တွေ ပါကစ္စတန်ဘက်ကို ထွက်ပြေးလာနိုင်ကြသလို အာဖဂန် ၁၅၀၀ လောက်ဟာလည်း ဥဇဘက်ကစ္စတန်ဘက်ကို ရောက်လာကြပါတယ်။ ပြီးတော့ နယ်စပ်နားတစ်ဝိုက်မှာလည်း တဲတွေထိုးပြီး နေနေကြပါတယ်။

မြို့တော်ကာဘူးလ် မှာတော့ ထောင်နဲ့ချီတဲ့လူတွေ နိုင်ငံတကာလေဆိပ်ကိုရောက်လာကြပြီး နိုင်ငံတွင်းကနေ ထွက်သွားနိုင်ဖို့ အသည်းအသန် ကြိုးစားနေကြပါတယ်။

တာလီဘန်တွေ သိမ်းပိုက်ပြီးကတည်းက လူ ၁၈၀၀၀ ကျော် လေဆိပ်ကနေ တဆင့် အာဖဂန်က ထွက်သွားကြပြီး အဲ့ဒီထဲမှာ အာဖဂန်နိုင်ငံသား ဘယ်လောက်ပါလဲဆိုတာကိုတော့ သေချာ မသိရဘူးလို့ နေတိုးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က သောကြာနေ့က ပြောထားပါတယ်။

အိုးအိမ်စွန့်ခွာပြေးတဲ့သူ ဘယ်လောက်ရှိနေပြီ လဲ

အခုအဖြစ်အပျက်က တိုင်းပြည်မတည်မငြိမ်မှုနဲ့ ပဋိပက္ခတွေကို နှစ်ပေါင်းများစွာရင်ဆိုင်နေရပြီး တိုင်းပြည်တွင်းက အကြီးအကျယ်ထွက်ပြေးကြတဲ့ အာဖဂန်တွေရဲ့ နောက်ဆုံး အခြေအနေပါ။

တာလီဘန်တွေ နိုင်ငံကို ပြန်မသိမ်းပိုက်ခင်တုန်းက အချိန်မှာတောင် တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ လူအရေအတွက်ဟာ ဒီတစ်နှစ်တည်းမှာတင် ၅၅၀,၀၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRရဲ့ အပြောအရ သိရပါတယ်။

အာဖဂန်ဒုက္ခသည်တွေ

လက်ရှိအခြေအနေမှာ နိုင်ငံတွင်း နေရာရွှေ့ပြောင်းနေရတဲ့ အာဖဂန်ဒုက္ခသည် အရေအတွက်ဟာ ၃.၅သန်း လောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အာဖဂန်နိုင်ငံတွင်းက နယ်စပ်တွေမှာ ရှိနေတဲ့သူတွေ အပြင် ပြီးခဲ့တဲ့နှစ်ကုန်မှာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံခွင့်လျှောက်ထားတဲ့သူတွေနဲ့ ဒုက္ခသည် ၂.၂သန်းလောက် ရှိနေပါတယ်။

အာဖဂန်တွေဟာ သူတို့နိုင်ငံ နေရာတော်တော်များများမှာ မိုး‌ခေါင်ရေရှားတာတွေ အစားအစာ ပြတ်လပ်တာတွေနဲ့ ဒီနှစ်ထဲမှာ ကြုံခဲ့ရပါတယ်။

နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံကျော် လူဦးရေ ၁၄ သန်း ကျော်ဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်က ဇွန်လတုန်းက သတင်းထုတ်ပြန်ထားပါတယ်။

အာဖဂန်ဒုက္ခသည်တွေ ဘယ်ကို ထွက်သွားနေကြလဲ

ပြီးခဲ့တဲ့နှစ် စာရင်းတွေအရတော့ အာဖဂန်နစ္စတန်ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်ရောက်ထားတဲ့သူ အရေအတွက် အများဆုံး အိမ်နီးချင်းနိုင်ငံတွေက ပါကစ္စတန်နဲ့ အီရန်ဖြစ်ပါတယ်။

ပါကစ္စတန်ကို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ၁.၅ သန်း ထွက်ပြေးလာကြပြီး အီရန်ကလည်း အာဖဂန်ဒုက္ခသည် ၇၈၀,၀၀၀ ကို လက်ခံထားတယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အာဖဂန်ဒုက္ခသည်တွေ

ဂျာမနီမှာ တတိယ အများဆုံးရောက်နေပြီး ၁၈၀,၀၀၀ ကျော် ကို လက်ခံထားပါတယ်။

တူရကီကလည်း ၁၃၀,၀၀၀ နီးပါးကို လက်ခံထားတာ ရှိပါတယ်။

နေထိုင်ခွင့်လျှောက်ထားဆဲ နေထိုင်ခွင့်ရမရမသိရသေးသူ အရေအတွက်က တူရကီထံမှာ ၁၂၅,၀၀၀၊ ဂျာမနီထံမှာ ၃၃,၀၀၀၊ ဂရိထံမှာ ၂၀,၀၀၀ အသီးသီး ရှိပါတယ်။

အီရန်ထံမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ အာဖဂန်တွေမရှိပေမယ့် အဲ့ဒီမှာရှိတဲ့ အာဖဂန်တွေကို ဒုက္ခသည်ကတ်တွေ တရားဝင်ထုတ်ပေးထားပြီး အီရန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာ သင်ကြားခွင့်တွေ ရထားကြပါတယ်။

ဘယ်တိုင်းပြည်တွေက အကူအညီပေးနေလဲ

အာဖဂန်တွေကို ကူညီဖို့ နိုင်ငံတချို့က ကမ်းလှမ်းကြသလို တစ်ချို့ တိုင်းပြည်တွေကတော့ ခိုလှုံခွင့် မပေးနိုင်ဘူးလို့ ငြင်းဆန်နေကြပါတယ်။

အီရန်

အီရန်က အာဖဂန်နယ်စပ်တစ်ဝိုက်က ခရိုင်သုံးခုမှာ ဒုက္ခသည်တွေနေထိုင်ဖို့ အရေးပေါ် တဲတွေ တည် ဆောက်ပေးထားပါတယ်။ ဒါပေမယ့် အီရန်ထဲကို ရောက်လာတဲ့ အာဖဂန်အားလုံး "အခြေအနေတွေပြန်ကောင်းလာရင် သူတို့ တိုင်းပြည်ကို ပြန်သွားရမှာ" လို့ အီရန်ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတွေက ပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရဆို အီရန်ကလက်ခံထားပြီးတဲ့ အာဖဂန်အရေအတွက်ဟာ ၃.၅ သန်း နီးပါးတောင်ရှိနေပြီးပြီလို့ သိရပါတယ်။

ပါကစ္စတန်

တာလီဘန်တွေသာ ထိန်းချုပ်နိုင်သွားရင် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ကို ပိတ်ဆို့ထားမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက ဇွန်လတုန်းက ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ထောင်ပေါင်းများစွာသော အာဖဂန်တွေ ပါကစ္စတန်ထဲကို ဝင်လာကြလို့ အနည်းဆုံး နယ်စပ်ဖြတ်ကျော်တဲ့ လမ်းကြောင်းကို ဖွင့်ထားရတယ်လို့ သိရပါတယ်။

ကုန်သည်တွေနဲ့ ခရီးသွားလာခွင့်လက်မှတ်ရှိတဲ့သူတွေကို ကန့်သတ်မှုတွေလုပ်သွားမယ်လို့ တာလီဘန်တွေက ပြောပါတယ်။

တာဂျစ်ကစ္စတန်

အရေအတွက် အတိအကျ မသိရပေမယ့် လတ်တလောရက်တွေ အတွင်းမှာ အာဖဂန်စစ်တပ်က တပ်သားတွေအအပါအဝင် အာဖဂန်ထောင်နဲ့ချီ တာဂျစ်ကစ္စတန်နိုင်ငံထဲကို ဖြတ်ဝင်လာကြတယ်လို့ သိရပါတယ်။ အာဖဂန်နစ္စတန်က‌ရောက်လာတဲ့ ဒုက္ခသည် တစ်သိန်းကျော်ကို လက်ခံဖို့ ပြင်ဆင်နေတယ်လို့ တာဂျစ်ကစ္စတန်ဘက်က ဇူလိုင်လတုန်းက ပြောထားပါတယ်။

ဥဇဘက်ကစ္စတန်

အာဖဂန်နစ္စတန်နဲ့ ဥဇဘက်ကစ္စတန် နယ်စပ်ကိုဖြတ်ပြီး အာဖဂန်ဒုက္ခသည် ၁၅၀၀ လောက် စခန်းချနေကြတယ်လို့ သိရပါတယ်။ သတင်းတွေအရ တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့် ဗီဇာရပြီးသား အာဖဂန်တွေကိုသာ တာလီဘန်တွေက သွားခွင့်ပေးတာလို့ သတင်းတွေအရ သိရပါတယ်။

ပင်ပန်းနွမ်းနယ်နေတဲ့ အာဖဂန်မိသားတစ်စုကို တူရကီလုံခြုံရေးအဖွဲ့က အီရန်နယ်စပ်မှာ အကူအညီပေးနေစဥ်
ဓာတ်ပုံ ပုံစာ, ပင်ပန်းနွမ်းနယ်နေတဲ့ အာဖဂန်မိသားတစ်စုကို တူရကီလုံခြုံရေးအဖွဲ့က အီရန်နယ်စပ်မှာ အကူအညီပေးနေစဥ်

ယူကေ

ရေရှည်လုပ်ငန်းစဥ်အနေနဲ့ အာဖဂန်ဒုက္ခသည် ၂၀,၀၀၀ ကို လက်ခံဖို့ အစီအစဥ်ရှိတယ်လို့ ယူကေက ကြေညာထားပါတယ်။

အာဖဂန်နိုင်ငံသားတွေ အခြေချနေထိုင်ဖို့ ယူကေအစိုးရရဲ့ အစီအစဥ်အရ ပထမဆုံးနှစ်မှာ အာဖဂန် ၅,၀၀၀ ကို လက်ခံသွားမှာဖြစ်ပြီး တာလီဘန်တွေလက်ထဲမှာ အန္တာရာယ်အများဆုံး ရင်ဆိုင်နေရတဲ့ အခြားလူနည်းစု၊ ဘာသာရေးခွဲခြားမှုရင်ဆိုင်နေရတဲ့သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးစားပေးခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အမေရိကန်

အာဖဂန်နစ္စတန်က ရွှေ့ပြောင်းအခြေချခွင့် အထူးဗီဇာလျှောက်ထားသူတွေ အပါအဝင် ပဋိပက္ခတွင်းကနေ ပြေးလာတဲ့ ဒုက္ခသည်အဖြစ် ရွေ့ပြောင်းအခြေချလာသူတွေနဲ့ အရေးပေါ် ဒုက္ခသည်အဖြစ်လက်ခံရမယ့်လူတွေ အတွက် ဒေါ်လာ သန်း ၅၀၀ သုံးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုပေးဖို့ ရှိပါတယ်။ ဒါပေမယ့် ဒုက္ခသည် အရေအတွက် ဘယ်လောက် လက်ခံသွားမယ်ဆိုတာကိုတော့ အမေရိကန်က မထုတ်ပြန်ခဲ့ပါဘူး။

ကနေဒါ

အမျိုးသမီးခေါင်းဆောင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ တာလီဘန်လက်ထဲမှာဆက်နေရင် အန္တရာယ်ရှိတဲ့ သူတွေကို ဦးစားပေးပြီး အာဖဂန်ဒုက္ခသည် ၂၀,၀၀၀ ကို အခြေချနေ ထိုင်ခွင့်ပေး သွားမယ်လို့ ကနေဒါအစိုးရကလည်း ပြောထားပါတယ်။

သြစတြေးလျ

လူသားချင်းစာနာထောက်ထားရေး ပြည်ဝင်ခွင့် အစီအစဥ်အရ လူ ၃,၀၀၀ လက်ခံဖို့ ရှိတယ်လို့ သြစတြေးလျက ပြောနေပါတယ်။ ဒါပေမယ့် လက်ရှိ လူသားချင်းစာနာထောက်ထားမှု ပြည်ဝင်ခွင့် အစီအစဥ်အရ သတ်မှတ်ထားတဲ့ အရေအတွက်သာလက်ခံမှာဖြစ်ပြီး အရေအတွက် ထပ်တိုးဖို့ မရှိဘူးလို့ သိရပါတယ်။

ဥရောပသမဂ္ဂ

၂၀၁၅ မှာ ကြုံခဲ့ရတဲ့ ရွေ့ပြောင်းအခြေချ အကျပ်အတည်းအရ ဥရောပ သမဂ္ဂနယ်မြေထဲကို ဒုက္ခသည်အရေအတွက် အများကြီးကို ထပ်ဝင်လာတာမျိုးမကြုံချင်တော့ဘူးလို့ ဥ‌ရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုရဲ့ တာဝန်ရှိတဲ့သူတွေက ပြောနေကြပါတယ်။

ဂျာမနီ

အာဖဂန်ဒုက္ခသည်တွေကို လက်ခံသွားမယ်လို့ ဂျာမနီဘက်က အရိပ်အယောင်တွေ ပြနေပေမယ့် အရေအတွက် အတိအကျကိုတော့ ထုတ်မပြောပါဘူး။ ၂၀၁၅ တုန်းက ရွေ့ပြောင်းအခြေချလာသူတွေ အကြီးအကျယ် ဝင်လာလို့ရအောင် တံခါးဖွင့်ပေးတဲ့ သူ့မူဝါဒကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဂျာမန်ဝန်ကြီးချုပ်အန်ဂလာမာကယ်က အာဖဂန်ဒုက္ခသည်တွေ သူတို့ အိမ်နီးချင်းနိုင်ငံ တွေမှာ လုံလုံခြုံခြုံနဲ့ နေထိုင်နိုင်ရေးအတွက် သူ့ အစိုးရက အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ပြင်သစ်

အာဖဂန်နစ္စတန်က "တရားမဝင် အခြေချလာသူတွေ အကြီးအကျယ်ဝင်လာမှာကို" ဥရောပအနေနဲ့ ကာကွယ်ရမယ်လို့ ပြင်သစ်သမ္မတ အီမန်နျုရယ်မက်ခရွန်က ပြောပါတယ်။ "

အန္တရာယ်ကျရောက်နိုင်ခြေအရှိဆုံးသူတွေကို ပြင်သစ်က ကာကွယ်ပေးသွားမှာ ဖြစ်ပေမဲ့ အခုဖြစ်နေတာတွေရဲ့ အကျိုးဆက်တွေကို ဥရောပတစ်ခုတည်းက တာဝန်မယူနိုင်ဘူးလို့ ပြောပါတယ်။

အာဖဂန်ဒုက္ခသည်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

သြစတြီးယား

အာဖဂန်ဒုက္ခသည်တွေ လက်ခံသွားဖို့ သြစတြီးယားမှာ အစီအစဥ်မရှိပါဘူး။ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားတာ အငြင်းခံရတဲ့သူတွေ ပြန်ပို့ဖို့ကိစ္စကိုတောင် ဦးစားပေးဆက်လုပ်သွားဖို့ ပြည်ထဲရေး ဝန်ကြီးက ပြောနေပြီး အာဖဂန်နစ္စတန်ကို တိုက်ရိုက် ပြန်ပို့လို့မရရင် ပို့လို့ရမယ့်နေရာ၊ ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေ ထားဖို့နေရာတွေ အာဖဂန်နစ္စတန်အိမ်နီးချင်းနိုင်ငံတွေမှာ တည်ဆောက်သွားဖို့ စည်းရုံးတိုက်တွန်းသွားမယ်လို့ ပြောနေပါတယ်။

ဆွစ်ဇာလန်

အာဖဂန်နစ္စတန်ကနေ တိုက်ရိုက်ရောက်လာမယ့် ဒုက္ခသည်တွေအများကြီး လက်ခံသွားမှာ မဟုတ်ဘူးလို့ ဆွစ်ဇာလန်က ပြောနေပါတယ်။

တူရကီ

အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်ရေးအတွက် ပါကစ္စတန်အစိုးရနဲ့ တူရကီအစိုးရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတာရီဆက်တေရစ် အာဒိုဂန်က ပြောထားပြီး ဒုက္ခသည်လှိုင်းသစ်တစ်ခု တူရကီကို ရောက်လာနိုင်မယ့် ကိစ္စအတွက်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းလာတဲ့သူတွေ မဝင်လာနိုင်အောင် အီရန်နဲ့ပူးပေါင်းပြီး နယ်စပ်တံတိုင်း တည်ဆောက်သွားဖို့လည်း စီစဥ်ထားပါတယ်။

မြောက်မက်ဆီဒိုးနီးယား၊ အယ်လ်ဘေးနီးယားနဲ့ ကိုဆိုဗို

အမေရိကန်ရဲ့တောင်းဆိုမှုအရ ဒုက္ခသည် ၄၅၀နဲ့ ၃၀၀ကို ယာယီလက်ခံသွားမယ်လို့ မြောက်မက်ဆီဒိုးနီးယားနဲ့ အယ်လ်ဘေးနီးယားက ပြောထားပါတယ်။ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ မရခင်ကာလမှာ အဲ့ဒီနိုင်ငံတွေမှာ ဒီဒုက္ခသည်တွေကို နေထိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ အမေရိကန်ကိုသွားမယ့် ဒုက္ခသည်တွေကို ယာယီလက်ခံသွားဖို့ ကိုဆိုဗိုမှာလည်း အစီအစဥ်ရှိပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ယူဂန်ဒါ

ယူဂန်ဒါကလည်း အာဖဂန်ဒုက္ခသည် ၂,၀၀၀ ကို လက်ခံသွားဖို့ ရှိပါတယ်။ အရှေ့အာဖရိကနိုင်ငံ ယူဂန်ဒါဟာ အာဖရိကမှာ အာဖဂန်ဒုက္ခသည်အများဆုံး လက်ခံတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယ အများဆုံးလက်ခံတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။