တရုတ်ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာမှာ မကြာမီ ထပ်ထိုးပေးမယ်

ကာကွယ်ဆေး

ဓာတ်ပုံ ရင်းမြစ်, MPA

အခုရက်ပိုင်းမှာ မြန်မာနိုင်ငံတွင်း ရောက်ရှိလာတဲ့ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ပြည်သူတွေကို စတင်ထိုးပေးဖို့အတွက် စစ်ကောင်စီလက်အောက် ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက တာ၀န်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။

ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေနဲ့ အသက်ကြီးရင့်သူတွေနဲ့ ဒေသအလိုက် ကိုဗစ်ဖြစ်ပွားမှု လူဦးရေပေါ် မူတည်ပြီး ဒီကာကွယ်ဆေးတွေကို အုပ်စုလိုက် ဦးစားပေးထိုးပေးသွားမယ်လို့ ကျန်းမာရေး၀န်ကြီးဌာန တာ၀န်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။

"ကျန်ခဲ့တဲ့ သူတွေထဲက နဂိုကတည်းက ဦးစားပေးသတ်မှတ်ထားတဲ့ အုပ်စုတွေ ရှိသေးတာပေ့ါ။ ဥပမာ ကျန်းမာရေး၀န်ထမ်းတွေ ကျန်တယ်။ စေတနာ့၀န်ထမ်းတွေ ကျန်တယ်။ ဘဏ်၀န်ထမ်းတွေ ကျန်တယ်။ ပုဂ္ဂလိက ကျန်းမာရေး၀န်ထမ်းတွေ ကျန်တယ်။ သူတို့ကို ဦးစားပေးပြီး ထိုးမယ်။ စနစ်တကျ ဖြစ်ဖို့ကတော့ ဒေတာ အချက်အလက်တွေ ကောက်နေတယ်။ အဓိက အဖွဲ့ကတော့ အသက်ကြီးတဲ့သူတွေကို ထိုးဖို့ လုပ်နေတယ်" လို့ ဆိုပါတယ်။

ဒီကာကွယ်ဆေးတွေကို တရုတ်-မြန်မာနယ်စပ်က ပြည်သူတွေကိုလည်း ဦးစားပေးထိုးပေးသွားမယ်လို့လည်း ကျန်းမာရေး၀န်ကြီးဌာနနဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကာကွယ်ဆေးတွေကို အရင်ကာကွယ်ဆေးထိုး စီမံချက်ကို ခေတ်ကာလနဲ့ အညီ အနည်းငယ် ပြုပြင်ပြီး ထိုးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးရဲ့ ပြောကြားချက်ကို စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ ဇန်နဝါရီလ ၂၇ ရက် က အိန္ဒိယ ကိုဗစ်ရှီးကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်းတွေကို ထိုးစဥ်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့မှာ ဇန်နဝါရီလ ၂၇ ရက် က အိန္ဒိယ ကိုဗစ်ရှီးကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်းတွေကို ထိုးစဥ်

ဦးစားပေး အုပ်စု တွေအလိုက် ထိုးပေးမှာ ဖြစ်ပြီး အသေးစိတ် အစီအစဥ်ကို ကာကွယ်ဆေးတွေ ရောက်ချိန်မှာ တစ်ပြိုင်တည်း ထုတ်ပြန်သွားမယ်လို့ ပြောထားပါတယ်။

တရုတ်နိုင်ငံက လှူဒါန်းတဲ့ ဆိုင်နိုဖမ်း ကာကွယ်ဆေးအလုံးပေါင်း ခုနစ် သိန်းကျော် ဇူလိုင်လ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ဒုတိယ အသုတ် ရောက်ရှိလာပြီး ဇူလိုင်လ ၂၃ ရက်မှာတော့ တရုတ်က လှူဒါန်းတဲ့ ကာကွယ်ဆေးတွေအပြင် မြန်မာနိုင်ငံက ၀ယ်ယူထားတဲ့ ဆိုင်နိုဗက် ကာကွယ်ဆေး တသန်းလည်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ၂၄ ရက်မှာလည်း ထပ်ရောက်လာဖို့ ရှိပါတယ်။

ဧပြီလအတွင်းကလည်း တရုတ်က ကာကွယ်ဆေး ငါးသိန်းလှူဒါန်းခဲ့ပေမယ့် ဒီဆေးတွေကို ပြည်သူအများစုက သွားမထိုးခဲ့ကြပါဘူး။

ဗီဒီယို ပုံစာ, တရုတ်ကိုဗစ်ဆေး ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ထိုးပေး

ပြည်တွင်းမှာတော့ တတိယလှိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ကူးစက်သူရော သေဆုံးသူဦးရေပါ အရင်လှိုင်းတွေထက် သိသိသာသာ များပြားနေပါတယ်။

အာဆီယံနိုင်ငံတွင်း တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေ ကိုဗစ် ပြန်လည်ကူးစက်ပြီး သေဆုံးသူတွေ ရှိလာတာကြောင့် အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံဟာ ကာကွယ်ဆေးတွေ ပြောင်းထိုးပေးတော့မယ်လို့ ကြေညာထားပါတယ်။

တရုတ်ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေကြား မေးခွန်းထုတ်လာချိန်မှာ မြန်မာနိုင်ငံကတော့ ကိုဗစ်ကာကွယ်ဆေး ၄ သန်း တရုတ်ကနေ ဝယ်ယူထားပါတယ်။

ဇူလိုင် ၂၃ ရက်မှာ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး ၂ သန်းထဲက ပထမအသုတ် ဆေး ၇ သိန်း ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myanmar

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၃ ရက်မှာ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး ၂ သန်းထဲက ပထမအသုတ် ဆေး ၇ သိန်း ရောက်လာ

တခါ အိန္ဒိယနိုင်ငံနဲ့ ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း ၀ယ်ယူထားတာရှိပေမယ့် လက်ရှိအချိန်ထိ ရောက်မလာသေးပါဘူး။

NLD အစိုးရလက်ထက် ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ကျန်းမာရေး၀န်ထမ်းတွေနဲ့ စေတနာ့၀န်ထမ်းတွေကို အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ပထမဆုံးအကြိမ် စတင်ထိုးပေးခဲ့ပါတယ်။

နိုင်ငံတဝန်း ကာကွယ်ဆေးထိုးမယ့် အစီအစဥ်ကို အခုနှစ် ဖေဖော်ဝါရီ ၅ ရက်‌မှာ အဆင့်အလိုက်ထိုးနှံသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးမှု အစီအစဥ် နှောင့်နှေးခဲ့သလို ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသားသူတွေတောင် ဒုတိယအကြိမ် ဆေးသွားရောက် မထိုးတာ ရှိပါတယ်။

စစ်ကောင်စီလက်အောက် ကျန်းမာရေးနဲ့ အားကစား၀န်ကြီးဌာနကတော့ ၂၀၂၁ ခုနှစ်အတွင်း အသက် ၁၈ နှစ်နဲ့အထက် လူသန်း ၂၀ နီးပါးကို ကာကွယ်ဆေးထိုးပေးဖို့ လျာထားဆောင်ရွက်နေပါတယ်။

ဗီဒီယို ပုံစာ, တရုတ် ကိုဗစ် ကာကွယ်ဆေး ဘယ်သူတွေဦးစားပေးထိုးပေးမှာလဲ