အာရှမှာ တရုတ် ကိုဗစ်ကာကွယ်ဆေး အောင်မြင်မှု မှေးမှိန်လာနေပြီလား

အင်ဒိုနီးရှားမှာ ဆီနိုဗက် ကာကွယ်ဆေးကို အဓိက အသုံးပြုနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားမှာ ဆီနိုဗက် ကာကွယ်ဆေးကို အဓိက အသုံးပြုနေ

အာရှနိုင်ငံတွေတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးပေးရာမှာ တရုတ်နိုင်ငံထုတ်ဆေးတွေဟာ အဓိက အခန်းကဏ္ဍမှာ ပါ၀င်ပါတယ်။

အာရှမှာ တရုတ်နိုင်ငံထုတ် ဆီနိုဗက် ဒါမှမဟုတ် ဆီနိုဖမ်း ကာကွယ်ဆေးတွေကို လူသန်းနဲ့ချီက ထိုးပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာတော့ ဒီကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ကာကွယ်ဆေးထိုးမှု အစီအစဥ်တွေမှာ တရုတ်ထုတ် ဆေးတွေကို အဓိက သုံးခဲ့တဲ့ အာရှနိုင်ငံတချို့က တခြား ကာကွယ်ဆေးတွေ ပြောင်းသုံးတော့မယ်လို့ အခုအခါ ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခုလို ကြေညာလိုက်တာကြောင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေဟာ မယုံကြည်ရဘူးလားဆိုတဲ့ မေးခွန်းတွေအပြင် အာရှမှာ ကာကွယ်ဆေး ဒစ်ပလိုမေစီ လို့ခေါ်တဲ့ ကာကွယ်ဆေးအပေါ် အခြေခံပြီး သံခင်းတမန်ခင်း ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ထိုင်းနဲ့ အင်ဒိုနီးရှားမှာ ဘာတွေ ဖြစ်နေလဲ

ထိုင်းနိုင်ငံကတော့ သူတို့ရဲ့ ကာကွယ်ဆေးထိုးပေးမှု မူ၀ါဒကို ပြောင်းလဲနေပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာပါတယ်။

တရုတ်နိုင်ငံထုတ် ဆီနိုဗက် ကာကွယ်ဆေး နှစ်လုံးလုံး ထိုးပေးမယ့်အစား ဆီနိုဗက်နဲ့ အက်စတြာဇနက်ကာ ကာကွယ်ဆေးပေါင်းပြီး ထိုးပေးတော့မယ်လို့ ဆိုပါတယ်။

ဆီနိုဗက်ကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးတဲ့ ကျန်းမာရေး၀န်ထမ်းတွေကိုလည်း ကိုယ်ခံအားမြှင့်တင်တဲ့အနေနဲ့ နောက်ထပ် မတူတဲ့ ကာကွယ်ဆေးတစ်လုံး ထပ်ထိုးပေးမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က အလားတူ ကြေညာပါတယ်။

ဆီနိုဗက် ကာကွယ်ဆေးထိုးထားတဲ့ ကျန်းမာရေး၀န်ထမ်းတွေကို မိုဒါးနားကာကွယ်ဆေး ထပ်ထိုးပေးမယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးနှစ်လုံးလုံး ထိုးထားကြတဲ့ ကျန်းမာရေး၀န်ထမ်းတွေ ကိုဗစ်ကူးစက်ခံရပြီး တချို့သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် အခုလို ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ကာကွယ်ဆေးထိုးပြီးသား ကျန်းမာရေး၀န်ထမ်း အယောက် ၃၀၊ ထိုင်းမှာ ၂ ယောက် သေဆုံးတယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ဆေးထိုးမှု အထနှေးခဲ့တဲ့ ဒီနှစ်နိုင်ငံလုံးကတော့ ပိုးကူးစက်မှု အသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာနဲ့ သေဆုံးသူဦးရေ စံချိန်တင် မြင့်တက်ခဲ့သလို အာရှမှာ ကိုဗစ်ကူးစက်မှု ဗဟိုချက်နေရာသစ်ဖြစ်လာတဲ့ အင်ဒိုနီးရှားမှာလည်း ဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်နေသလို အောက်ဆီဂျင် ရှားပါးမှုနဲ့လည်း ကြုံနေရပါတယ်။

အင်ဒိုနီးရှားမှာ ကိုဗစ်ကူးစက်မှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားမှာ ကိုဗစ်ကူးစက်မှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရ

ကာကွယ်မှုတွေ တိုးမြင့်လုပ်ဆောင်ချင်လို့ အခုလို လုပ်တာလို့ နှစ်နိုင်ငံလုံးက ဆိုနေသလို မတူတဲ့ ကာကွယ်ဆေးနှစ်လုံး ရောထိုးတာဟာ ကိုယ်ခံအား ပိုမိုမြှင့်တင်ပေးနိုင်တယ်လို့ နိုင်ငံတွင်း လေ့လာမှုတွေမှာ တွေ့ရှိရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဆီနိုဗက် ကာကွယ်ဆေးဟာ "အသင့်အတင့် ထိရောက်မှု" ရှိပါတယ်လို့ အင်ဒိုနီးရှား ခရီးသွားလာရေး၀န်ကြီး ဆန်ဒီရေးဂ အူနိုက မကြာသေးခင်တုန်းကပဲ ဘီဘီစီကို ပြောထားပါတယ်။

"အခုလို ပြောင်းထိုးဖို့ ဆုံးဖြတ်လိုက်တာဟာ ကာကွယ်ဆေးတွေ ထိရောက်မှုမရှိဘူးဆိုတဲ့ စိုးရိမ်မှုတွေကြောင့်လို့ ထိုင်းနဲ့အင်ဒိုနီးရှား အစိုးရတွေက အဓိကအားဖြင့် ပြောဆိုနေကြတယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ကူးစက်ရောဂါဆိုင်ရာ သတိပေးမှုနဲ့ တုံ့ပြန်ဆောင်ရွက်မှု ကွန်ရက်ကို ဦးဆောင်သူ ဒေလီ ဖစ်ရှာက ပြောပါတယ်။

ဒါပေမဲ့ ကျန်းမာရေး၀န်ထမ်းတွေ ကိုဗစ်ကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် လုံလုံလောက်လောက် မရသေးဘူးဆိုတဲ့ အချက်ကိုလည်း သူက ထောက်ပြပြောဆိုလိုက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဆီနိုဗက် ကုမ္ပဏီဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။

မလေးရှားနိုင်ငံကလည်း သူတို့မှာယူထားတဲ့ ဆီနိုဗက် ကာကွယ်ဆေးတွေ ကုန်သွားတဲ့အခါ ဖိုက်ဇာ ကိုဗစ်ကာကွယ်ဆေးကို ပြောင်းထိုးတော့မယ်လို့ နောက်ပိုင်းမှာ ကြေညာပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကတော့ တရုတ်ကာကွယ်ဆေးတွေကို ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

တရုတ်ကာကွယ်ဆေးတွေဟာ ထိရောက်မှု ရှိသလား

ဗိုင်းရပ်စ်တွေကို သတ်ပစ်လိုက်တဲ့ ဆီနိုဗက်နဲ့ ဆီနိုဖမ်း ကာကွယ်ဆေးတွေဟာ ကိုဗစ် လက္ခဏာ ပိုးကူးစက်မှုတွေကို ကာကွယ်ရာမှာ ၅၀% ကနေ ၇၉% အထိပဲ ထိရောက်မှု ရှိတယ်လို့ ကမ္ဘာတစ်၀န်း လက်တွေ့ စမ်းသပ်မှုတွေမှာ တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်ကြောင့် ဆေးရုံတက် ကုသမှုခံယူရသူတွေ ဒါမှမဟုတ် သေဆုံးမှုတွေကို ကာကွယ်ရာမှာတော့ ထိရောက်မှု အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။

ဆီနိုဗက် ကာကွယ်ဆေးဟာ ဘရာဇီးလ်နိုင်ငံမှာဆို ၁၀၀% ထိရောက်မှု ရှိပြီး အင်ဒိုနီးရှား ကျန်းမာရေး၀န်ထမ်းတွေကြားမှာတော့ ၉၆% ကနေ ၉၈% အထိ ထိရောက်မှု ရှိတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။

"ကာကွယ်ဆေး အပြည့်အ၀ထိုးပြီးတဲ့ လူတွေမှာ ကိုဗစ်ကူးစက်မှုတွေ အတော်များများ ရှိနေသေးတာဟာ အကြောင်းအရင်း တချို့ကြောင့် ဖြစ်နိုင်တယ်" လို့ ဟောင်ကောင်တက္ကသိုလ်က ကူးစက်ရောဂါ ပြန့်ပွားမှုနဲ့ ကာကွယ်မှုဆိုင်ရာ ပညာရပ် ပါမောက္ခ ဘင်ဂျာမင် ကော်လ်လင်းက ပြောပါတယ်။

အဲဒီထဲက တစ်ချက်ကတော့ တခြားကာကွယ်ဆေးအများအပြားလိုပဲ တရုတ်ကာကွယ်ဆေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ အာနိသင် လျော့နည်းလာတာပါ။

ဆီနိုဗက် ကာကွယ်ဆေး နှစ်လုံးလုံး ထိုးထားတဲ့ သူတွေရဲ့ ပဋိပစ္စည်းတွေဟာ ရက်ပေါင်း ၄၀ တိုင်း တစ်၀က်လောက် ကျဆင်းလာတာ တွေ့ရတယ်လို့ ထိုင်းနိုင်ငံရဲ့ လေ့လာမှုတစ်ခုကို ဒီသီတင်းပတ်အတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ထပ်အကြောင်းအရာတစ်ခုကတော့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ရာမှာ ကမ္ဘာမှာ တကယ်ကူးစက်နေတဲ့ ကူးစက်သူအရေအတွက်နဲ့ နှိုင်းယှဥ်ရင် သတင်းအချက်အလက် စုဆောင်းမှု အတော်လေး နည်းတာ တွေ့ရပါတယ်။

အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် နေ့စဥ် ပိုးကူးစက်သူဦးရေဟာ သောင်းနဲ့ချီအထိ မြင့်တက်နေပါတယ်။

ဒါဟာ ကူးစက်မြန် ဒယ်တာ မျိုးကွဲသစ် ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အင်ဒိုနီးရှားမှာ အခုနောက်ပိုင်း တွေ့ရတဲ့ ပိုးကူးစက်မှုတွေမှာ ဒယ်တာမျိုးဗီဇပြောင်း ပိုးသစ်ကြောင့် ၆၀% ပါပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ ၂၆% ကူးစက်ခံထားရပါတယ်။

တရုတ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးတွေဟာ ကိုဗစ်မျိုးကွဲသစ်တွေကို ဘယ်လောက်ထိ ကာကွယ်ပေးနိုင်သလဲဆိုတာနဲ့ ပတ်သက်လို့ လူသိရှင်ကြား ထုတ်ပြန်တဲ့ သတင်းအချက်အလက် အခုထိ မရှိသေးပါဘူး။

ပါမောက္ခ ကော်လ်လင်းရဲ့ အဆိုအရ ဆီနိုဗက်နဲ့ ဆီနိုဖမ်းတို့လို ဗိုင်းရပ်စ်ပိုးတွေကို သတ်ပစ်လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ မူလဗိုင်းရပ်စ်ပိုးထက် ဒယ်တာမျိုးကွဲသစ်ကို ကာကွယ်ရာမှာ ၂၀% လျော့နည်း နိုင်တယ်ဆိုတာကို အစောပိုင်း လေ့လာမှုတွေမှာ တွေ့ရှိခဲ့ပါတယ်။

"ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို ဘယ်ကာကွယ်ဆေးမှ အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး။

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေဟာလည်း ရာနှုန်းပြည့် အကျိုးအာနိသင် မရှိဘူးဆိုပေမယ့် လူအများအပြားရဲ့ အသက်ကို ကယ်တင်နေဆဲ ဖြစ်တယ်" လို့လည်း သူက ဆိုပါတယ်။

ကာကွယ်ဆေးထိုးပြီးသားသူတွေ ပိုးကူးစက်ခံရတာဟာ ကာကွယ်ဆေးတွေက အာနိသင်မရှိလို့ မဟုတ်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

ကာကွယ်ဆေးတွေဟာ ကိုဗစ်ကြောင့် ဆိုးဆိုးဝါးဝါး နာမကျန်းဖြစ်တာတွေ မရှိအောင် တားဆီးပေးတယ်လို့လည်း ဆိုပါတယ်။

တရုတ်ကာကွယ်ဆေးတွေဟာ ဒယ်တာမျိုးကွဲသစ်ကို ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲဆိုတာ တရား၀င်အချက်အလက်တွေ ထွက်မလာသေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ်ကာကွယ်ဆေးတွေဟာ ဒယ်တာမျိုးကွဲသစ်ကို ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲဆိုတာ တရား၀င်အချက်အလက်တွေ ထွက်မလာသေး

တရုတ်နိုင်ငံမှာတော့ ကာကွယ်ဆေးထိုးပြီးသူတွေ ကိုဗစ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတွေ မတွေ့ရသေးပါဘူး။

အဲဒီက လူပေါင်း သန်း ၆၃၀ ကျော်ဟာ အနည်းဆုံးတော့ တရုတ်ကာကွယ်ဆေး ပထမအလုံးကို ထိုးထားပြီးကြပြီဆိုပေမယ့် လူဘယ်လောက်များများ ကာကွယ်ဆေး နှစ်လုံးလုံး ထိုးပြီးပြီလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဒါပေမဲ့ နေ့စဥ် ပိုးကူးစက်မှုနှုန်းတွေနဲ့ နိုင်ငံတွင်း ပိုးကူးစက်မှုတွေကို အလျင်အမြန် နှိမ်နင်းနိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ထားနိုင်ပြီလို့ ယူဆရပါတယ်။

တရုတ်ကာကွယ်ဆေး သံခင်းတမန်ခင်း

တရုတ်ကာကွယ်ဆေးတွေ အများဆုံး အသုံးပြုတဲ့ အာရှဒေသဟာ တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေး သံခင်းတမန်ခင်း ဗဟာဗျူဟာပိုင်းမှာ အဓိက အကျဆုံး နေရာလည်း ဖြစ်ပါတယ်။

အာရှနိုင်ငံ ၃၀ ကျော်ဟာ တရုတ်ကာကွယ်ဆေးတွေကို ၀ယ်ယူတာ ဒါမှမဟုတ် လှူဒါန်းမှုတွေကို လက်ခံခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ ဆီနိုဗက် ကာကွယ်ဆေး အများဆုံးး ၀ယ်ယူတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး အလုံးပေါင်း ၁၂၅ သန်းအထိ မှာယူထားပါတယ်။

"တရုတ်နိုင်ငံဟာ ကာကွယ်ဆေးတွေကို အင်တိုက်အားတိုက် ရောင်းချတာ၊ လှူဒါန်းတာတွေ လုပ်နေတာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေဟာ ဝူဟန်မြို့က ပထမဆုံး စတင်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ပြောင်းလဲဖို့ ကြိုးပမ်းတာအပြင် သူတို့ဟာ သုတေသနလုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ပြသချင်တဲ့အတွက် ဖြစ်တယ်" လို့ စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူ အီရန် ချောင်က ပြောပါတယ်။

တခြားနိုင်ငံထုတ် ကာကွယ်ဆေးအများအပြားကို ချမ်းသာတဲ့ နိုင်ငံတွေက စောစောစီးစီး မှာယူပြီး လက်ဝါးကြီး အုပ်ထားချိန်မှာ အာရှဒေသတွင်းက နိုင်ငံအများအပြား အထူးသဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေဟာ တရုတ်ကာကွယ်ဆေးတွေကို ကြိုဆိုခဲ့ကြပါတယ်။

"တရုတ် ကာကွယ်ဆေးရဲ့ အကျိုးအာနိသင်ဟာ အကောင်းကြီးမဟုတ်ဘူးဆိုပေမယ့် အကာအကွယ် နည်းနည်းဖြစ်စေတာကလည်း ဘာမှမရှိတာထက်စာရင် ကောင်းတယ်ဆိုတဲ့ သာမန်ယူဆချက်တွေ ရှိခဲ့တယ်"လို့ 'ဒေါက်တာ ချောင်က ပြောပါတယ်။

ဥပမာ အနေနဲ့ပြရမယ်ဆိုရင်တော့ ထိုင်းနိုင်ငံပါ။

ကာကွယ်ဆေးအများစုကို ထုတ်ဝေဖို့ ထိုင်းဘုရင်ပိုင်တဲ့ နိုင်ငံတွင်း ကုမ္ပဏီတစ်ခုကို အစောပိုင်းတုန်းက အားကိုးခဲ့ပေမယ့် ဒီနှစ်အတွင်း ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုအသစ်တွေ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း ကာကွယ်ဆေးဖြန့်ချီမှု နှေးကွေးမှုတွေကြောင့် တခြားနိုင်ငံထုတ် ကာကွယ်ဆေးတွေကို အစိုးရက ရှာဖွေခဲ့ရပါတယ်။

နိုင်ငံတွင်းမှာ ထုတ်လုပ်နေတဲ့ အက်စတြာဇနက်ကာ ကာကွယ်ဆေးကလွဲလို့ ပေးပို့မှု မြန်ဆန်တဲ့ ဆီနိုဗက် ကာကွယ်ဆေးတွေအပေါ်မှာပဲ ထိုင်းနိုင်ငံဟာ လက်ရှိအချိန်ထိ အဓိက မှီခိုနေရတာပါ။

ထိုင်းနိုင်ငံဟာ ဆီနိုဗက် ကာကွယ်ဆေးတချို့ကို အသုံးပြုနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံဟာ ဆီနိုဗက် ကာကွယ်ဆေးတချို့ကို အသုံးပြုနေ

" တခြားကာကွယ်ဆေးတွေ ပြောင်းထိုးဖို့ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို ထိခိုက်ပျက်စီးစေသလို အောင်မြင်မှုပုံရိပ်ကိုလည်း လျော့ကျစေနိုင်တယ်၊ နောက်ဆက်တွဲအနေနဲ့ တရုတ်နိုင်ငံရဲ့ နည်းပညာစွမ်းရည်အပေါ်မှာလည်း သံသယတွေ ရှိလာနိုင်တယ်" လို့လည်း ဒေါက်တာချောင်က ဆိုပါတယ်။

တရုတ်အစိုးရတော့ မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။ အရင်တုန်းကတော့ သူ့နိုင်ငံထုတ် ကာကွယ်ဆေးတွေဟာ ထိရောက်မှုရှိတယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

လူထုရဲ့ တုံ့ပြန်မှု

ကာကွယ်ဆေးထိုးပေးမှု နှေးကွေးခဲ့ပြီး ကိုဗစ်ပျံ့နှံ့မှုတွေ ဆိုးဝါးလာတဲ့ အခြေအနေတွေကြောင့် ထိုင်းနဲ့ အင်ဒိုနီးရှားအစိုးရတွေဟာ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

ဆီနိုဗက်ကာကွယ်ဆေးတွေဟာ အကာအကွယ်မပေးနိုင်ဘူးလို့ ၀န်ခံပြောဆိုထားတဲ့အချိန်မှာ ကျန်းမာရေး၀န်ထမ်းတွေကို ကိုယ်ခံအားမြှင့်တင်ပေးဖို့အတွက် ဖိုက်ဇာ ကာကွယ်ဆေး ထိုးပေးဖို့ ကန့်ကွက်ခဲ့တဲ့ အရာရှိတယောက်ကို ကိုးကားပြီး ကျန်းမာရေး၀န်ကြီးဌာနရဲ့ ပေါက်ကြားလာတဲ့ အချက်အလက်တွေကြောင့် ထိုင်းနိုင်ငံမှာ ဝေဖန်ပြောဆိုမှုတွေ ပိုမို မြင့်တက်ခဲ့ပါတယ်။

"ထိုင်းပြည်သူတွေ ဒေါသအကြီးအကျယ် ထွက်ခဲ့ကြပြီး ဘာကြောင့် ကျန်းမာရေး၀န်ထမ်းတွေကို အလေးမထားတာလဲ၊ ဒါဟာ အခြေခံ အကြောင်းအရင်း မဖြစ်သင့်ဘူးလို့လား" လို့လည်း မေးခွန်းထုတ်နေကြပါတယ်။

" ဆီနိုဗက်ကာကွယ်ဆေးအပေါ် မှီခိုမှုနဲ့ ထိုင်းအစိုးရရဲ့ ပြောဆိုဆက်ဆံမှုတွေအပေါ် လူအများအပြားက အင်မတန် စိုးရိမ်ခဲ့ကြတယ်" လို့ ချူလာလောင်ကွန်း တက္ကသိုလ်က တရုတ်နိုင်ငံအကြောင်း လေ့လာမှုဆိုင်ရာ ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ အမ်း တန်ဂျင်ယမ်းက ပြောပါတယ်။

" ဆီနိုဗက် ကာကွယ်ဆေးတွေဟာ အကျိုးအာနိသင် မရှိဘူးလို့ ယူဆပြီး ဒီဆေးကို ထိုးဖို့ ငြင်းဆန်တဲ့ လူအရေအတွက်လည်း အခုအချိန်မှာ ပိုမိုများပြားလာနေတယ်။ ထိုင်းအစိုးရအပေါ်မှာလည်း အင်မတန် ယုံကြည်မှု မဲ့နေကြတယ်။ ကာကွယ်ဆေး ကိစ္စဟာ နိုင်ငံရေး ရောယှက်မှုတွေ ပါ၀င်လာပြီ" လို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းမှာ ၀န်ကြီးချုပ်ရဲ့ ကိုင်တွယ်မှုတွေကြောင့် ရာထူးက နုတ်ထွက်ပေးဖို့နဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်မယ့် ကိုယ်ခံစွမ်းအားကို ထုတ်လုပ်ပေးတဲ့ mRNA ကာကွယ်ဆေး အမျိုးအစား ဖိုင်ဇာ ဒါမှမဟုတ် မိုဒါးနား ကာကွယ်ဆေးတွေ တင်သွင်းဖို့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လူရာနဲ့ချီ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ကာကွယ်ဆေးထိုးပြီးသူတွေ ကိုဗစ်ကူးစက်ခံရတယ်ဆိုတဲ့ အခုနောက်ဆုံး သတင်းတွေဟာ ကာကွယ်ဆေးတွေအပေါ် လူအများက အယုံအကြည်ကင်းမဲ့လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်ပေါ်က ထင်ပေါ် ကျော်ကြားသူတွေ၊ conspiracy theory လို့ခေါ်တဲ့ လျှို့၀ှက်ပူးပေါင်းကြံစည်မှု အယူအဆတွေကို ထောက်ခံအားပေးသူတွေက တရုတ်နိုင်ငံဆန့်ကျင်ရေး သဘောထားတွေကို ဖြည့်စွက်ပြီး ကာကွယ်ဆေးထိုးမှုကို ကန့်ကွက်တဲ့ သတင်းစကားတွေကို ဖြန့်၀ေနေကြပါတယ်။

ကျွမ်းကျင်ပညာရှင်တွေကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုကို ပိုမိုထိန်းချုပ်ဖို့နဲ့ အွန်လိုင်းပေါ်မှာ သတင်းတုသတင်းမှားတွေကို တိုက်ထုတ်ဖို့အတွက် ပိုပြီး ကြိုးပမ်းကြဖို့ တိုက်တွန်းနေပါတယ်။

"တရုတ်ကာကွယ်ဆေးတွေကို အသုံးပြုတာက ကောင်းပါတယ်၊ ဒါပေမဲ့ မျှော်လင့်ချက်တော့ အများကြီး ထားလို့ မရဘူး" လို့ ပါမောက္ခ ကော်လ်လင်း က ပြောပါတယ်။

" ကာကွယ်ဆေးထိုးပြီးသူတွေလည်း ကိုဗစ်ကူးစက်မှုတွေ ရှိတယ်ဆိုတာကို လက်ခံရမယ်။ ကာကွယ်ဆေးတွေအပေါ် လူတွေရဲ့ ယုံကြည်မှု ထိခိုက်နိုင်တာကြောင့် ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အသင့်ပြင်ထားရမယ်" လို့လည်း သူက ဆိုပါတယ်။