တရုတ် ဆိုင်နိုဗက် ကိုဗစ်ကာကွယ်ဆေး အရေးပေါ်သုံးအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ရ

တရုတ်ရဲ့ ဆိုင်နိုဗက် ကာကွယ်ဆေးကို ဖိလစ်ပိုင်အပါအဝင် နိုင်ငံအတော်များများမှာ အသုံးပြုနေပြီဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ရဲ့ ဆိုင်နိုဗက် ကာကွယ်ဆေးကို ဖိလစ်ပိုင်အပါအဝင် နိုင်ငံအတော်များများမှာ အသုံးပြုနေပြီဖြစ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အရေးပေါ်လိုအပ်ချက်မှာ သုံးဖို့အတွက် တရုတ်ရဲ့ ဆိုင်နိုဗက် (Sinovac) ကိုဗစ်ကာကွယ်ဆေးကို အာမခံအတည်ပြုလိုက်ပါတယ်။

ဒီကာကွယ်ဆေးထိုးပြီးရင် ကိုဗစ်ရောဂါရမှုနဲ့ ကိုဗစ်ရောဂါလက္ခဏာရမှုတွေရဲ့ ၅၁% ကို ကာကွယ်နိုင်ပြီး ရောဂါလက္ခဏာ အပြင်းအထန်ခံစားရတာ၊ ဆေးရုံတက်ရတဲ့ အထိဖြစ်တာမျိုးကို ၁၀၀% အထိ အကာအကွယ်ပေးနိုင်တယ်လို့ WHO က ပြောပါတယ်။

WHO က ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ တချို့ အထောက်အထားတွေနဲ့ အချက်အလက်တွေ ကွာခြားမှုတွေရှိနေတာမျိုးကတော့ တွေ့ရဆဲပဲလို့ သိရပါတယ်။

အရင်တုန်းက တရုတ်ရဲ့ ဆိုင်နိုဖမ်း (Sinopharm) ကိုဗစ်ကာကွယ်ဆေးကို WHO က မီးစိမ်းပြပြီးတဲ့နောက် အခုနောက် ဆေးတမျိုး ခွင့်ပြုချက် ရလာတာပါ။

ဆင်းရဲ ချမ်းသာနိုင်ငံမရွေး ကိုဗစ်ကာကွယ်ဆေးရဖို့ လုပ်ဆောင်နေတဲ့ Covax အစီအစဉ် မှာ သုံးစွဲဖို့အတွက် ဆိုင်နိုဖမ်း (Sinopharm) ကာကွယ်ဆေးကို အသိအမှတ်ပြုမှုက အတော် အထောက် အကူပေးခဲ့ပါတယ်။

အခု ဒီ ဆိုင်နိုဗက် ကာကွယ်ဆေးဟာ နိုင်ငံအတော်များများမှာ သုံးနေကြတဲ့ကာကွယ်ဆေးပါ၊ အသက် ၁၈ နှစ် အထက် လူတွေထိုးနှံနိုင်ကြောင်း အာမခံထားပြီး ဒုတိယအကြိမ်ထိုးတာကို ပထမအကြိမ်ထိုးပြီး ရက်သတ္တပတ် ၂ ပတ် ကနေ ၄ ပတ် အကြာမှာ ထိုးရမှာပါ။

အရေးပေါ်သုံးအတွက် အတည်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ “ဘေးကင်းလုံခြုံစိတ်ချရမှု၊ ထိရောက်တဲ့ အာနိသင်ရှိမှု၊ ထုတ်လုပ်နိုင်ခွင့် စတာတွေအတွက် ချမှတ်ထားတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီ”ဆိုတဲ့ သဘောပါလို့ WHO က ပြောပါတယ်။

ဆိုင်နိုဗက် ကာကွယ်ဆေးကို ဘရာဇီးက မြို့တမြို့မှာ အရွယ်ရောက်ပြီးသားသူအားလုံးနီးပါးကို ထိုးနှံပေးပြီးတဲ့နောက်မှာ ကိုဗစ်ကြောင့် သေဆုံးနှုန်း ၉၅%ကျဆင်းသွားတယ်ဆိုတာကို လေ့လာချက် တခုအရ သိရပါတယ်။

ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လို ခရိုင်အတွင်းက ဆာရာနာမြို့မှာ လူဦးရေ ၄ သောင်း ၅ ထောင်လောက်ရှိပြီး လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကို အဲဒီကာကွယ်ဆေးထိုးပြီးတဲ့ အခါမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုလည်းကျဆင်းခဲ့သလို၊ ဆေးရုံတက်ရတာတွေလည်း ကျဆင်းခဲ့ကြောင်းအဲဒီ လေ့လာမှုကနေ တွေ့ရှိရပါတယ်။

ကမ္ဘာမှာ ကိုဗစ်ကြောင့် ဘရာဇီးက လူသေဆုံးမှု ဒုတိယ အများဆုံးဖြစ်ခဲ့တာပါ။

ဆိုင်နိုဖမ်းရဲ့ ကိုဗစ်ကာကွယ်ဆေးကို တရုတ်ပြည်တွင်းမှာ သန်းနဲ့ချီ ထိုးနှံပေးထားပြီးဖြစ်ပြီး အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံတချို့ရဲ့ ဆေးဝါးကြီးကြပ်ရေးဌာနတွေကလည်း သုံးစွဲရေး အတည်ပြုထား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဆိုင်နိုဖမ်းရဲ့ ကိုဗစ်ကာကွယ်ဆေးကို တရုတ်ပြည်တွင်းမှာ သန်းနဲ့ချီ ထိုးနှံပေးထားပြီးဖြစ်ပြီး အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံတချို့ရဲ့ ဆေးဝါးကြီးကြပ်ရေးဌာနတွေကလည်း သုံးစွဲရေး အတည်ပြုထား

အခု တရုတ်ရဲ့ ဒုတိယ ကာကွယ်ဆေးကို အတည်ပြုမှုက ဆေးလိုအပ်မှု အတွက် ရုန်းကန် နေရတဲ့ Covax အစီအစဉ် အတွက် အင်အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

WHO ရဲ့ ကျန်းမာရေးထုတ်ကုန်ပစ္စည်းတွေ လက်လှမ်းမီနိုင်ရေးဆိုင်ရာဌာနက လက်ထောက် အထွေထွေ အတွင်းရေးမှူး မာရီယန်ဂျယ်လာ ဆီမော်က “ကမ္ဘာတလွှားမှာ ဆေးဝါးရရှိနိုင်မှု အကြီးအမား ကွာဟချက်တွေ ရှိနေတာကို ဖြေရှင်းနိုင်ဖို့အတွက် ကိုဗစ် ၁၉ ကာကွယ်ဆေး အမျိုးမျိုးကို ကမ္ဘာကြီးက အရေးတကြီးလိုအပ်နေပါတယ်”လို့ ပြောပါတယ်။

သူက “ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင်အောင် Covax အစီအစဉ်မှာ ဆေးဝါး ထုတ်လုပ်သူတွေ ပါဝင်ကြဖို့၊ နည်းပညာတွေ အချက်အလက်တွေကို မျှဝေကြဖို့ တိုက်တွန်းပါတယ်”လို့လည်း ဆိုပါတယ်။

Covax အစီအစဉ်အတွက် သူတို့ ကိုဗစ် ကာကွယ်ဆေး အလုံးပေါင်း ၁၀ သန်း ထုတ်လုပ် ထားပြီးပြီလို့ တရုတ်ကပြောပြီး၊ ဒီနှစ်ကုန်မတိုင်မီ ကာကွယ်ဆေး အလုံးပေါင်း သန်း ၃၀၀၀ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံမှာလည်း ဒီဆိုင်နိုဗက် ကာကွယ်ဆေးက ထိုးနေကြပြီဖြစ်သလို ချီလီ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ထိုင်းနဲ့ တူရကီနိုင်ငံတွေ မှာလည်း ဒီဆေးကို သုံးစွဲနေကြတာပါ။

ဆိုင်နိုဗက် ကာကွယ်ဆေးရဲ့ အားကောင်းချက်တွေထဲက တခုကတော့ ဒီဆေးကို ရေခဲသေတ္တာ တွင်း အပူချိန်ဖြစ်တဲ့ ၂ ကနေ ၈ ဒီဂရီ စင်တီဂရိတ်အကြားမှာ သိုလှောင်သိမ်းဆည်း ထားနိုင် တာပါ။

ကိုဗစ်ကာကွယ်ဆေး သိုလှောင်တဲ့နေရာမှာ အေးခဲတဲ့ ရေခဲမှတ်အောက် အတော်များများအထိ ရောက်အောင် ထားဖို့အခြေအနေတွေ သိပ်မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီ ဆိုင်နိုဗက် ကာကွယ်ဆေးက ပိုပြီး အသုံးတည့်ပါတယ်။

အခုဒီဆေးကို WHO က အတည်ပြုပေးလိုက်တဲ့အချိန်ဟာ ကမ္ဘာ့ကပ်ကို အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့က အမေရိကန်ဒေါ်လာ ၅၀ ဘီလျံ ရင်းနှီးထည့်ဝင်ကြဖို့ WHO အကြီးအကဲတွေအနေနဲ့ ပန်ကြားနေကြတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ကာကွယ်ဆေးကို နိုင်ငံတွေအကြား မညီမမျှရနေကြရင် ကမ္ဘာ့ကပ်က ပိုရှည်ကြာသွားနိုင်ပြီး လူတွေလည်း ပိုသေကြရလိမ့်မယ်လို့ သူတို့က ထုတ်ပြန် ပန်ကြားထားပါတယ်။

ကာကွယ်ဆေးထုတ်လုပ်တာတွေ၊ အောက်စီဂျင် ထောက်ပံ့တာတွေ၊ ကိုဗစ် ရောဂါ ကုသမှု တွေအတွက် ငွေကြေးရင်းနှီးမြှုပ်နှံရာမှာ မျှတစွာရင်းနှီးမြှုပ်နှံကြဖို့လည်း သူတို့က တောင်းဆို ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေ လှူဒါန်းကြဖို့ကိုလည်း သူတို့က ချမ်းသာတဲ့ နိုင်ငံတွေကို တိုက်တွန်းပါနေတယ်။