တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အကြောင်း ဘယ်လောက်သိထားပြီလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ကမ္ဘာနဲ့တစ်ဝန်း အပြိုင်အဆိုင် ကြိုးပမ်းထုတ်လုပ် နေကြရာမှာ တရုတ်နိုင်ငံ ဆိုင်နိုဗက် (Sinovac) ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ နိုင်ငံတကာမှာ ရှေ့ကပြေးနေတဲ့ ကာကွယ်ဆေးတွေထဲက တစ်ခုဖြစ်ပြီး တရုတ်ကနေ နိုင်ငံခြားတိုင်းပြည်တွေကို တင်ပို့နေပါပြီ။
ဘေဂျင်းအခြေစိုက် ဆိုင်နိုဗက်ကုမ္ပဏီက တင်ပို့လိုက်တဲ့ ကိုရိုနာဗက် (CoronaVac) ကာကွယ်ဆေးတွေ အင်ဒိုနီးရှားကို ရောက်ရှိနေပြီး အဲဒီမှာ ပြည်သူအမြောက်အမြားကို ထိုးပေးဖို့ ပြင်ဆင်နေပါပြီ၊ နောက်ထပ် ဆေးအလုံးပေါင်း တစ်သန်း ရှစ်သိန်း ဇန်နဝါရီလ ကျရင် ထပ်မံရောက်လာဦးမှာပါ။
ဒါပေမဲ့ ဒီကာကွယ်ဆေးဟာ နောက်ဆုံးအဆင့် (တတိယအဆင့်)စမ်းသပ်မှုကို ဖြတ်သန်းရဖို့ ရှိပါသေးတယ်။ဒါကြောင့် ဒီ တရုတ်ကာကွယ်ဆေးအကြောင်း ကျွန်ုပ်တို့ ဘယ်လောက်သိထားကြပြီလဲ ဆိုတဲ့ အမေးက ပေါ်လာပါတယ်။
တခြားကိုဗစ်ကာကွယ်ဆေးတွေနဲ့ ဆိုင်နိုဗက်(Sinovac) ဘာတွေကွာခြားပါလဲ
ဆိုင်နိုဗက်ရဲ့ ကိုရိုနာဗက် (CoronaVac) ကာကွယ်ဆေးက သေဆုံးပြီးသား ကိုရိုနာ ဗိုင်းရပ်စ်အပိုင်းအစ တွေကို အသုံးပြုထားတာဖြစ်ပြီး ဒီကာကွယ်ဆေးကိုထိုးပြီးရင် လူ့ ကိုယ်ခန္ဓာက ကိုယ်ခံအားစနစ်ဟာ ဒီဗိုင်းရပ်စ်ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသွား စေပါတယ်။ နောက်ပြီး ဘေးထွက်ဆိုးကျိုးရောဂါတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်လည်း နည်းပါတယ်။
မိုဒန်နာ (Moderna) နဲ့ ဖိုင်ဇာ (Pfizer) ကာကွယ်ဆေးတွေကတော့ mRNA ကာကွယ်ဆေးတွေပါ၊ ဆိုလိုတာကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ကုဒ် ကို လူ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းပေးလိုက်တဲ့အခါ အဲဒီကနေ ဗိုင်းရပ်စ် ပရိုတင်းတွေ (ဗိုင်းရပ်စ်ပိုး အပြည့်အစုံတစ်ခုလုံးမဟုတ်ပါ) ထွက်လာစေပါတယ်၊ အဲဒီ ဗိုင်းရပ်စ် ပရိုတင်းတွေက လူ့ကိုယ်ခံအား စနစ်ကို လေ့ကျင့်ပေးသွားပြီး တကယ့်ဗိုင်းရပ်စ် ကိုယ်ခန္ဓာထဲကို ဝင်လာတဲ့အခါမှာ တိုက်ခိုက်နိုင်တဲ့အခြေအနေကို ဖြစ်စေပါတယ်။
"ကိုရိုနာဗက် (CoronaVac) က ကာကွယ်ဆေးထုတ်တဲ့ နည်းလမ်းက အစဉ်အလာ နည်းလမ်းပါ၊ ဥပမာ - လူသိများပြီးသား ခွေးရူးပြန်ရောဂါ (rabies) ကာကွယ်ဆေးမျိုးလိုပေါ့" လို့ နန်ယန် နည်းပညာ တက္ကသိုလ်က တွဲဖက် ပါမောက္ခ လျို ဒါဟိုင်က ဘီဘီစီကိုပြောပါတယ်။
"mRNA ကာကွယ်ဆေးတွေကတော့ ကာကွယ်ဆေးအမျိုးအစား အသစ်ဖြစ်ပြီးတော့ လူထုကြားထဲမှာ သုံးထားပြီးပြီ၊ အောင်မြင်ထားပြီးပြီဆိုတဲ့ ဥပမာတော့ မရှိသေးပါဘူး" လို့ ပါမောက္ခ လျိုက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UNIVERSITY OF OXORD
အညွှန်းအရ ဆိုင်နိုဗက် ကာကွယ်ဆေးရဲ့ အဓိက အားသာချက်တွေထဲက တစ်ခုကတော့ အောက်စဖို့ ကာကွယ်ဆေးလိုပဲ ၂ ကနေ ၈ ဒီဂရီ စင်တီဂရိတ် လောက် အေးထားနိုင်တဲ့ ပုံမှန် ရေခဲသေတ္တာထဲမှာ ဆေးကို သိုလှောင်ထားနိုင်ပါတယ်။ မိုဒန်နာ ကာကွယ်ဆေးက ရေခဲမှတ်အောက် -၂၀ ဒီဂရီ စင်တီဂရိတ် မှာထားရတာဖြစ်ပြီး ဖိုင်ဇာ ကာကွယ်ဆေးကတော့ ရေခဲမှတ်အောက် - ၇၀ ဒီဂရီ စင်တီဂရိတ်မှာ ထားရတာပါ။
သဘောကတော့ ရေခဲမှတ်အောက် အများကြီးအေးနေတဲ့ အခြေအနေအောက်မှာ ကာကွယ်ဆေးအများအပြားကို ထိန်းသိမ်းထားဖို့ရာ အခက်အခဲရှိနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆိုင်နိုဗက်နဲ့ အောက်စဖို့ (AstraZeneca)ကာကွယ်ဆေး နှစ် မျိုးက ပိုအသုံးဝင်မယ့်သဘောပါ။

ဒီဆိုင်နိုဗက် ကာကွယ်ဆေးက ဘယ်လောက်အစွမ်းထက်ပါလဲ
ဒီအချိန်မှာ ပြောရအတော်ခက်ပါသေးတယ်။ လန်းဆက် Lancet ဂျာနယ်အရ ဆိုင်နိုဗက် ကာကွယ်ဆေးကို စမ်းသပ်နေကြရာမှာ ပထမနဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုပဲ ရနိုင်ပါသေးတယ်။
ဂျာနယ်မှာပါဝင်တဲ့ အဆိုပါ ကာကွယ်ဆေးဆိုင်ရာ စာတမ်းရေးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဇူ ဖန်ကိုင်က ပထမအဆင့် စမ်းသပ်မှုမှာ လူပေါင်း ၁၄၄ ယောက်ပါဝင်ခဲ့ပြီး ဒုတိယအဆင့် စမ်းသပ်မှုမှာ လူပေါင်း ၆၀၀ ပါဝင်ထားတဲ့ ဒီစမ်းသပ်မှုတွေကို အခြေခံထားတဲ့ ရလဒ် အရ ဒီကာကွယ်ဆေးဟာ အရေးပေါ်သုံးစွဲဖို့ အတွက်သင့်တော်ပြီ ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလအတွင်းတုန်းက ဆိုင်နိုဗက် ကုမ္ပဏီက မစ္စတာ ယင်က စမ်းသပ်မှုတွေ ကို ဗော်လံတီယာပေါင်း ၁၀၀၀ ကျော်နဲ့ လုပ်ခဲ့ရာမှာ "လူအနည်းအပါးက နည်းနည်း ပင်ပန်းသွားတာမျိုး ဒါမှမဟုတ် မအီမသာဖြစ်တာမျိုးကိုတွေ့ရတယ်၊ ဒီလိုဖြစ်တာ ၅% ထက်မကျော်ပါဘူး" လို့ ဆိုပါတယ်။
ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဘေးနဲ့ သေနှုန်း ဒုတိယအများဆုံးဖြစ်နေတဲ့ ဘရာဇီးမှာ အောက်တိုဘာလတုန်းက ဒီကာကွယ်ဆေးကို နောက်ဆုံးအဆင့်ဖြစ်တဲ့ တတိယအဆင့် စမ်းသပ်မှုတွေကို လုပ်ခဲ့ပါတယ်။ ဗော်လံတီယာ အဖြစ် အစမ်းသပ်ခံတဲ့ သူတစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းထွက်လာတဲ့အတွက် နိုဝင်ဘာလမှာ အဲဒီစမ်းသပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်၊ ဒါပေမဲ့ သေဆုံးတာက ဒီစမ်းသပ်မှုနဲ့ မဆိုင်ကြောင်းသိခဲ့ရပြီးတဲ့နောက် စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။
ဘရာဇီးမှာ ဆိုင်နိုဗက်နဲ့ တွဲဖက်အလုပ်လုပ်တဲ့ ဘူတန်တန် အင်စတီကျု (Butantan Institute) က ဒီဇင်ဘာ ၁၅ ရက် မတိုင်မီ အဲဒီစမ်းသပ်မှုက ရလဒ်တွေကို ဆိုင်နိုဗက်က ထုတ်ပြန်သွားမယ်လို့ သူတို့မျှော်မှန်းထားကြောင်းပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါမောက္ခ လျိုက "ရနိုင်တဲ့ သတင်းအချက်အလက်က အကန့်အသတ်ရှိနေသေး တဲ့အတွက်" ဒီကာကွယ်ဆေးရဲ့ အစွမ်းထက်မှု ကို အခုအချိန်မှာ မှတ်ချက်ပေးဖို့ ခက်နေသေးတယ်လို့ပြောပါတယ်။
"အရင်အစပျိုးရထားတဲ့ အချက်အလက်တွေအရကြည့်ရင် ဒီကာကွယ်ဆေးဟာ အစွမ်းထက်တဲ့ ကာကွယ်ဆေးတစ်ခုပါ၊ ဒါပေမဲ့ တတိယအဆင့် စမ်းသပ်မှုက ရလဒ်တွေကို စောင့်ကြည့်ဖို့လိုသေးတယ်" လို့ သူက ဆိုပါတယ်။
"ဒီစမ်းသပ်မှုက ဘယ်လိုလူမျိုးရယ်လို့ မဟုတ်ပဲ ကြုံရာလူ ဘယ်သူ့ကို မဆို စမ်းသပ်ထားပြီး အရေအတွက်ကလည်း ထောင်နဲ့ချီတဲ့ လူတွေကို စမ်းသပ်တာပါ၊ လူဦးရေအကုန်လုံးအတွက် စိတ်ချလက်ချနဲ့ အစွမ်းထက်ထက် သုံးနိုင်အောင်အတွက် ဒီလိုစမ်းသပ်မှပဲ ကာကွယ်ဆေးက စိတ်ချရမှာပါ။"
တစ်နှစ်မှာ ဒီကာကွယ်ဆေး အလုံးပေါင်း ဘယ်လောက်ထုတ်နိုင် မလဲ
ဆိုင်နိုဗက် ကုမ္ပဏီ ဥက္ကဋ္ဌက သူတို့အနေနဲ့ အသစ်ဆောက်လုပ်ထားတဲ့ စတုရန်း မီတာ ၂၀၀၀၀ အကျယ် ဆေးဝါးထုတ်စက်ရုံကနေ တစ်နှစ်ကို ဆေးအလုံးပေါင်း သန်း ၃၀၀ ထုတ်လုပ်နိုင်မယ်လို့ တရုတ်အစိုးရ မီဒီယာ CGTNကိုပြောပါတယ်။
တခြားကိုဗစ်ကာကွယ်ဆေးတွေလိုပဲ ဒီဆေးက နှစ် ခါထိုးဖို့ လိုအပ်တဲ့အတွက် တစ်နှစ်ကို လူပေါင်း သန်း ၁၅၀ အတွက်ပဲ လုံလောက်ပါလိမ့်မယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံ လူဦးရေရဲ့ ဆယ်ပုံ တစ်ပုံ သာသာပဲ ရှိပါတယ်။
ဒါပေမဲ့ ဒီဆိုင်နိုဗက် ကာကွယ်ဆေးတွေကို အင်ဒိုနီးရှားကို တင်ပို့ပြီးဖြစ်သလို၊ တူရကီ၊ ဘရာဇီး၊ ချီလီ စတဲ့ နိုင်ငံတွေနဲ့လည်း သူတို့ သဘောတူညီချက်တွေ လုပ်ပြီးပါပြီ။
ကာကွယ်ဆေးဝယ်ဖို့အတွက် အာဖရိကတိုက်နိုင်ငံတွေကို ဒေါ်လာ နှစ်ဘီလီယံ ချေးမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုတဲ့ သတင်း ထွက်ခဲ့သလို၊ လက်တင် အမေရိကနဲ့ ကာရေဘီယံဒေသ နိုင်ငံတွေကိုလည်း ဒေါ်လာ ၁ ဘီလီယံ ချေးမယ်ဆိုတဲ့ သတင်းလည်း ထွက်တဲ့အတွက် ကာကွယ်ဆေး ဒီပလိုမေစီ ပြိုင်ပွဲမှာ တရုတ်က အသာစီးရနေပုံပဲလို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်။ ဒီသဘောတူညီချက် တွေအတွက် လိုက်နာရမှာတွေက ဘာတွေလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
MERICS က သုံးသပ်သူ ဂျက်ကော့ဘ် မတ်ဒဲလ်က "ဘေဂျင်းအနေနဲ့ ဒီအသက်ကယ် နည်းပညာတွေကို သုံးပြီး စီးပွားရေးအရ၊ သံတမန်ရေးအရ အမြတ်ရအောင် လွှမ်းမိုးလုပ်ကိုင်သွားလိမ့်မယ်" ABC သတင်းဌာနကို ပြောပါတယ်။
ကာကွယ်ဆေးတစ်လုံးအတွက် ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲဆိုတာ အသေအချာ မသိရနိုင်ပေမဲ့ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက တရုတ်နိုင်ငံ ယီဝုမြို့မှာ စမ်းသပ်အဆင့် ကာကွယ်ဆေးတွေကို ထိုးပေးနေတဲ့ သူနာပြုတွေက ဆေးတစ်လုံးကို ဒေါ်လာ ၆၀ နဲ့ညီမျှတဲ့ ယွမ် ၄၀၀ နီးပါး အခယူကြတာကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Science Photo Library
အင်ဒိုနီးရှားနိုင်ငံ အစိုးရပိုင် ဆေးဝါးကုမ္ပဏီ Bio Farma က ဒီကာကွယ်ဆေး တစ်လုံးကို ရူပီး ၂၀၀၀၀၀ (၁၃.၆ ဒေါ်လာ) ကကုန်ကျမယ်လို့ ဆိုပါတယ်။
တစ်လုံးကို ၄ ဒေါ်လာ လောက်ကုန်ကျတဲ့ အောက်စဖို့ ကာကွယ်ဆေးထက် ဒီဆိုင်နိုဗက် ကာကွယ်ဆေးက စျေးကြီးတယ်ဆိုပေမဲ့လည်း တစ်လုံးကို ၃၃ ဒေါ်လာကျမယ့် မိုဒန်နာ ကာကွယ်ဆေးထက် စျေးသက်သာပါတယ်။ မိုဒန်နာ က ၂၀၂၁ ခုနှစ်အတွင်းမှာ ဆေးအလုံးရေ သန်း ၅၀၀ တင်ပို့နိုင်မယ်လို့ ရည်မှန်းထားပြီး အောက်စဖို့ ကာကွယ်ဆေးက ၂၀၂၁ ခုနှစ် ပထမ ၃ လ ပတ်အကုန်လောက်မှာ ဆေးအလုံးပေါင်း သန်း ၇၀၀ ထုတ်လုပ်ပြီးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
တရုတ်ကထုတ်တဲ့ တခြား ကာကွယ်ဆေးတွေကကော ဘယ်လိုလဲ
စမ်းသပ်မှု နောက်ဆုံးအဆင့်ကိုရောက်နေကြတဲ့ တရုတ်ကာကွယ်ဆေးတွေ စုစုပေါင်း ၄ ခုရှိပါတယ်။
အဲဒီထဲက တစ်ခုက ဆိုင်နိုဖမ်း (Sinopharm) ကာကွယ်ဆေးဖြစ်ပြီး အငြင်းပွားစရာ အရေးပေါ် အစီအစဉ်နဲ့ တရုတ်လူဦးရေ တစ်သန်းနီးပါးကို ထိုးပေးပြီးပါပြီ။
ဆိုင်နိုဖမ်း ကာကွယ်ဆေး စမ်းသပ်မှု တတိယအဆင့်နဲ့ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ရဦးမှာပါ။
"အရေးပေါ် အသုံးပြုဖို့ အခွင့်မပေးသေးခင် တတိယအဆင့် စမ်းသပ်မှုကို သုံးသပ်ဖို့ စောင့်ဆိုင်းရတာက ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ"လို့ National University of Singapore က ပါမောက္ခ ဒေါက်တာ ဒေးလ် ဖစ်ရှာက CNBC သတင်းဌာနကို ပြောပါတယ်။
ပါမောက္ခ ဖစ်ရှာက ဒီလို စမ်းသပ်မှုအဆင့်တွေ မပြီးသေးဘဲ လုပ်နေကြတာတွေက "လုပ်ရိုးလုပ်စဉ်နဲ့ မညီပါဘူး"၊ အနောက်နိုင်ငံတွေမှာဆိုရင် "လက်မခံနိုင်ကြပါဘူး" လို့ ပြောပါတယ်။
တရုတ်ပြည်တွင်းကအတော်များများနေရာတွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင် နေပြီး "ပုံမှန်လိုဖြစ်လာတဲ့ အခြေအနေသစ်"တွေအပေါ် လူတွေက အသားကျ လာနေပါပြီ။
ဆိုနိုဖမ်းဟာ ဒီဇင်ဘာလ ၉ ရက်နေ့က ယူအေအီး အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ မှတ်ပုံတင် အသိအမှတ်ပြုတာကို ရခဲ့ပါတယ်။ အဲဒီက အာဏာပိုင်တွေက ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တဲ့ တတိယအဆင့်စမ်းသပ်မှုမှာ ၈၆% အစွမ်းထက်တယ်လို့ ဆိုပါတယ်။ ယူအေအီး အစိုးရအရာရှိတွေက ဒီကာကွယ်ဆေးကို အခု ဘယ်လိုအသုံးချနေပြီလဲဆိုတာကိုတော့ မပြောပါဘူး။








