တရုတ် ကိုဗစ်ကာကွယ်ဆေး သုံးစွဲရေး WHO အတည်ပြု

ဆိုင်နိုဖမ်းရဲ့ ကိုဗစ်ကာကွယ်ဆေးကို တရုတ်ပြည်တွင်းမှာ သန်းနဲ့ချီ ထိုးနှံပေးထားပြီးဖြစ်ပြီး အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံတချို့ရဲ့ ဆေးဝါးကြီးကြပ်ရေးဌာနတွေကလည်း သုံးစွဲရေး အတည်ပြုထား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဆိုင်နိုဖမ်းရဲ့ ကိုဗစ်ကာကွယ်ဆေးကို တရုတ်ပြည်တွင်းမှာ သန်းနဲ့ချီ ထိုးနှံပေးထားပြီးဖြစ်ပြီး အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံတချို့ရဲ့ ဆေးဝါးကြီးကြပ်ရေးဌာနတွေကလည်း သုံးစွဲရေး အတည်ပြုထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ တရုတ်နိုင်ငံပိုင် ဆေးကုမ္ပဏီ ဆိုင်နိုဖမ်းက ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ် အခြေအနေတွေမှာ အသုံးပြုနိုင်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ အနောက်နိုင်ငံက မဟုတ်တဲ့ ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို WHO က ပထမဆုံး သုံးစွဲရေး အတည်ပြုတာလည်း ဖြစ်ပါတယ်။

WHO ဟာ လောလောဆယ်မှာ ဖိုင်ဇာ၊ အက်စ်ထရာဇန်နက်ကာ၊ ဂျွန်ဆင် အန် ဂျွန်ဆင်နဲ့ မက်ဒါးနား တို့ရဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုပဲ သုံးစွဲရေး အတည်ပြုထားတာ ဖြစ်ပါတယ်။

ဆိုင်နိုဖမ်းရဲ့ ကိုဗစ်ကာကွယ်ဆေးကို တရုတ်ပြည်တွင်းမှာ သန်းနဲ့ချီ ထိုးနှံပေးထားပြီးဖြစ်ပြီး အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံတချို့ရဲ့ ဆေးဝါးကြီးကြပ်ရေးဌာနတွေကလည်း သုံးစွဲရေး အတည်ပြုထားပြီးသား ဖြစ်ပါတယ်။

ဘေဂျင်းဇီဝထုတ်ကုန် ဌာနက ဖော်စပ်လိုက်တဲ့ ဆိုင်နိုဖမ်း ကိုဗစ်ကာကွယ်ဆေးဟာ စိတ်ချရတဲ့အပြင် ထိရောက်မှုရှိပြီး၊ အရည်အသွေးလည်း ကောင်းမွန်တယ်လို့ WHO က မေလ ၇ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကို အသက် ၁၈ နှစ် အထက်ကို နှစ်ကြိမ် ထိုးပေးရမယ့် ဆေးဖြစ်တယ်လို့လည်း WHO က တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံထုတ် နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတခုဖြစ်တဲ့ ဆိုင်နိုဗက်ကိုလည်း အလားတူ WHO က သုံးစွဲရေး အတည်ပြုဖို့က ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက်ကျနိုင်တယ်လို့ ဆိုပြီး ရုရှားရဲ့ စပွတ်နစ် ကိုဗစ်ကာကွယ်ဆေးကိုလည်း WHO က သုံးစွဲရေး အတည်ပြုနိုင်ဖို့ စိစစ်နေဆဲ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, မြန်မာပြည်တွင်း ကိုဗစ်အန္တရာယ်

ကိုဗစ်ကာကွယ်ဆေးတခုက WHO က အသိအမှတ်ပြုဖို့ ဘာလို့လိုအပ်သလဲ

ကိုဗစ်ကာကွယ်ဆေးတခုကို WHO က အသိအမှတ်ပြုခြင်းဟာ နိုင်ငံအသီးသီးက ဆေးဝါးကြီးကြပ်ရေးဌာနတွေအတွက် ဒီဆေးက စိတ်ချ ထိရောက်တယ်ဆိုတာ ယုံကြည်နိုင်တဲ့ လမ်းညွှန်ချက်တခုလည်း ဖြစ်ပါတယ်။

အခုလို WHO က အသိအမှတ်ပြုလိုက်တဲ့ အတွက်လည်း ဆင်းရဲ၊ ချမ်းသာနိုင်ငံတွေအကြားမှာ ကာကွယ်ဆေး ခွဲတမ်းရရှိမှု မကွာဟစေဖို့ စီစဉ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗက် အစီအစဉ်ထဲမှာ အခုလို အသိအမှတ်ပြုခံရတဲ့ဆေးကို ထည့်သွင်းပြီး ပါဝင်တဲ့ နိုင်ငံတွေအကြား ဖြန့်ချိပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီကိုဗက်အစီအစဥ်က ခွဲတမ်းတွေ ရရှိတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာတင်ပဲ တရုတ်နိုင်ငံက အကူအညီပေးတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သိန်း မြန်မာနိုင်ငံက ရထားပြီး ဖြစ်ပါတယ်။

ဆိုင်နိုဖမ်း ကိုဗစ်ကာကွယ်ဆေးကို WHO က အသိအမှတ် မပြုခင်မှာကတည်းက ဆေးအလုံး ၆၅ သန်း ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီဆေးအသုံးပြုတဲ့ နိုင်ငံတွေထဲမှာ ပါကစ္စတန်လို အိမ်နီးချင်းနိုင်ငံ ပါဝင်သလို၊ အရှေ့အလယ်ပိုင်းက အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးလည်းပါဝင်ပြီး၊ ဥရောပက ဟန်ဂေရီမှာတောင် အသုံးပြုခဲ့ပြီးတဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်ပါတယ်။

WHO က ဒီဆေးထုတ်လုပ်မှု ပုံစံနဲ့ ဆေးထိုးမှု ရလဒ်တွေကို လေ့လာချက်အရ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ပြရုံပဲ ပြသူတွေနဲ့ ဆေးရုံတင်တဲ့အထိ ရောဂါပြင်းသူတွကို ထိုးပေးရာမှာ ၇၉ ရာခိုင်နှုန်း ထိရောက်မှုရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီဆေးရဲ့ ထိရောက်မှုကို စမ်းသပ် အထိုးခံသူတွေထဲမှာ အသက် ၆၀ ကျော်သူ နည်းပါးတဲ့အတွက် အဲဒီ အသက်အရွယ်ပိုင်းမှာ ဒီဆေးရဲ့ ထိရောက်မှုကို မမှန်းဆနိုင်ခဲ့ဘူးလို့ WHO က ပြောဆိုခဲ့ပြီး အသက်ကြီးပိုင်းမှာ မထိရောက်ဘူးလို့ ယူဆစရာ အကြောင်းပြချက်တော့ မရှိဘူးလို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အဓိက အားသာချက်တခုကတော့ အပူချိန် ၂ နဲ့ ၈ ဒီဂရီစင်တီဂရိတ် အကြားမှာ ထားရပြီး သာမန် ရေခဲသေတ္တာအတွင်းက အအေးချိန်ပဲ ဖြစ်တဲ့အတွက် သိုလှောင်ရ လွယ်ကူပြီး WHO အတည်ပြုပြီးသား အက်စထရာ ဇန်နက်ကာ ရဲ့ ကိုဗစ်ကာကွယ်ဆေးလည်း အလားတူ သိုလှောင်ရ လွယ်ကူပါတယ်။

Graphic
ဓာတ်ပုံ ပုံစာ, လက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေ အားလုံးထဲမှာ တရုတ်က ကာကွယ်ဆေးနှစ်ခု၊ အိန္ဒိယက တခုနဲ့ နိုဗာဗက် ကာကွယ်ဆေးတို့ဟာ သိုလှောင်ရ အလွယ်ဆုံးလို့ ဆိုနိုင်

တရုတ် ကိုဗစ်ကာကွယ်ဆေးတွေက တခြားကိုဗစ်ကာကွယ်ဆေးတွေနဲ့ ဘာကွာသလဲ

တရုတ် ကိုဗစ်ကာကွယ်ဆေး နှစ်ခုဖြစ်တဲ့ ဆိုင်နိုဖမ်းနဲ့ ဆိုင်နိုဗက်တို့ဟာ အထူးသဖြင့် ဖိုင်ဇာနဲ့ မက်ဒါးနား ကိုဗစ်ကာကွယ်ဆေးတို့နဲ့ သိသိသာသာ ကွာခြားပါတယ်။

အဲဒီ တရုတ်ကိုဗစ်ကာကွယ်ဆေးနှစ်မျိုးကို သမားရိုးကျ ပိုဆန်တဲ့ နည်းလမ်းနဲ့ ဖော်စပ်ထားတာဖြစ်ပြီး ရောဂါပိုးရဲ့ သက်ရှိဇီဝဓာတ်ကို အသုံးမပြုတဲ့ ကာကွယ်ဆေး အမျိုးအစားဖြစ်ပါတယ်။

ဒီဆေးတွေမှာ အသက်မရှိတော့တဲ့ ကိုဗစ်ပိုး အပိုင်းအစတွေ ပါဝင်ပြီး ဒါတွေကို ခန္ဓာကိုယ်ထဲ ထိုးသွင်းခြင်းအားဖြင့် သက်ရှိ ကိုဗစ်ပိုးရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို မခံရစေပဲ ကိုယ်ခံအားစနစ်က ကိုဗစ်ပိုးကို ကာကွယ်နိုင်အောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ကိုယ်တိုင်ထုတ်လုပ်တဲ့ ကိုဗာဆင် ကာကွယ်ဆေးကလည်း အဲဒီ တရုတ်ကိုဗစ်ကာကွယ်ဆေးတွေ ဖော်စပ်ပုံနဲ့ နီးစပ်ပါတယ်။

ဘိုင်ယွန်တက်ခ်/ဖိုင်ဇာနဲ့ မဒန်းနား ကိုဗစ်ကာကွယ်ဆေးတွေကတော့ mRNA ကာကွယ်ဆေးအမျိုးအစား ဖြစ်ပြီး ကိုဗစ်ပိုးရဲ့ မျိုးဗီဇကို ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီး ကိုယ်ခံအားစနစ်ကို ကိုဗစ်ပိုး ကာကွယ်အောင် လေ့ကျင့်ပေးတဲ့ ဆေးတွေ ဖြစ်ကြပါတယ်။

ယူကေအခြေစိုက် အက်စထရာ ဇန်နက်ကာ ကိုဗစ်ဆေးဆိုရင်လည်း ဒီနှစ်မျိုးလုံးနဲ့မတူတဲ့ ကိုဗစ်ကာကွယ်ဆေး အမျိုးအစားဖြစ်ပြီး ချင်ပန်ဇီမျောက်တွေကို ကူးစက်တတ်တဲ့ အဖျားရောဂါပိုးထဲမှာ ကိုဗစ်ပိုးရဲ့ မျိုးဗီဇတွေ ထည့်သွင်းပြီး ကိုဗစ်ပိုး တကယ်ဝင်လာရင် ကိုယ်ခံအားစနစ်က တိုက်ဖျက်တတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

အက်စထရာ ဇနက်ကာ ကာကွယ်ဆေး ဖော်စပ်ပုံနဲ့ နီးစပ်တဲ့ ကာကွယ်ဆေးတွေကတော့ ရုရှားရဲ့ စပွတ်နစ် ကာကွယ်ဆေးနဲ့ ဂျွန်ဆင် အန် ဂျွန်ဆင် တို့ ဖြစ်ပါတယ်။

အမေရိကန်က ထုတ်လုပ်တဲ့ နိုဗာဗက် ကိုဗစ်ကာကွယ်ဆေးကတော့ တခြားကိုဗစ်ကာကွယ်ဆေးတွေ အားလုံးနဲ့ ဖော်စပ်ပုံ ကွဲလွဲပြီး ကိုဗစ်ပိုးရဲ့ မျိုးဗီဇတခုလုံးကို မဟုတ်ပဲ ပိုးရဲ့ အသားစ ပရိုတိန်းကို ခန္ဓာကိုယ်ထဲ ထည့်တဲ့ နည်းနဲ့ ဖော်စပ်ထားတာ ဖြစ်ပါတယ်။

ဘိုင်ယွန်တက်ခ်/ဖိုင်ဇာ နဲ့ မဒါးနား ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုက ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး အက်စရာ ဇနက်ကာရဲ့ ထိရောက်မှုကတော့ ၇၆ ရာခိုင်နှုန်းရှိပါတယ်။

လက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေ အားလုံးထဲမှာ တရုတ်က ကာကွယ်ဆေးနှစ်ခု၊ အိန္ဒိယက တခုနဲ့ နိုဗာဗက် ကာကွယ်ဆေးတို့ဟာ သိုလှောင်ရ အလွယ်ဆုံးလို့ ဆိုနိုင်ပြီး ၂ ဒီဂရီ စင်တီဂရိတ်နဲ့ ၈ ဒီဂရီ စင်တီဂရိတ်အကြား သာမန် ရေခဲရေသေတ္တာ အအေးချိန်နဲ့ သိုလှောင်ထားနိုင်ပါတယ်။

ဂျွန်ဆင် အန် ဂျွန်ဆင် ကာကွယ်ဆေးကလည်း အလားတူ သိုလှောင်နိုင်ပေမယ့် သုံးလသာ ခံပြီး အက်စထရာ ဇန်နက်ကာ ကာကွယ်ဆေးကတော့ အဲဒီ အအေးချိန်နဲ့ ခြောက်လ ခံပါတယ်။

ရုရှားရဲ့ စပွတ်နစ် ကာကွယ်ဆေးကတော့ ဆေးထိုးနိုင်တဲ့ အရည်အဆင့် ထားဖို့ အနုတ် ၁၈.၅ ဒီဂရီ စင်တီဂရိတ် လိုပေမယ့် အခဲ သဏ္ဍန် နဲ့ဆိုရင်တော့ သာမန်ရေခဲသေတ္တာ အအေးချိန်နဲ့ ထားနိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ သိုလှောင်ရ အခက်ဆုံးကတော့ ဖိုင်ဇာ လို့ ဆိုနိုင်ပြီး အနုတ် ၈၀ ကနေ အနုတ် ၆၀ ဒီဂရီ စင်တီဂရိတ် အအေးချိန်ဆိုရင် ခြောက်လနဲ့ သာမန်ရေခဲသေတ္တာ အပူချိန်နဲ့ ဆိုရင် ငါးရက် အထိသာ ခံပါတယ်။

မက်ဒါးနား ကိုဗစ်ကာကွယ်ဆေးကတော့ အနုတ် ၂၅ နဲ့ အနုတ် ၁၅ ဒီဂရီ စင်တီဂရိတ် အကြား ထားရှိရပြီး သာမန်ရေခဲသေတ္တာ အအေးချိန်နဲ့ဆိုရင် ရက် ၃၀ အထားခံပါတယ်။