မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပုံမှန်ပြန်ဖြစ်နိုင်ပါ့မလား

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစလို မေလလယ်လောက်ထိ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေ ရောဂါရှာဖွေရေးလုပ်ငန်းတွေဟာ မြို့နယ်တော်တော်များများမှာ မလုပ်နိုင်တော့ဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ ကျန်းမာရေးကဏ္ဍရဲ့ အဓိက မဏ္ဍိုင်ကြီးတစ်ခုဟာ ယိုင်နဲ့ သွားခဲ့တယ်လို့ လည်း ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ကုသရေးမဏ္ဍိုင်ရဲ့ အစိုးရဆေးရုံ ဆေးခန်းတွေ မဖွင့်နိုင်ခဲ့တာ လူသိများခဲ့ပေမဲ့ ပြည်သူ့ကျန်းမာရေးဌာန အောက်မှာရှိတဲ့ ရောဂါကာကွယ်ရေး လုပ်ငန်းတွေ ထိခိုက်သွားတာတော့ လူအများ သတိ မပြုမိခဲ့ကြပါဘူး။

အထင်ရှားဆုံး လုပ်ငန်းစဉ်ကတော့ ကိုဗစ်နိုင်တင်း ကပ်ရောဂါဆိုင်ရာ ကာကွယ် စောင့်ရှောက်ခြင်းလုပ်ငန်းတွေ တုံ့ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် မွေးကင်းစ အရွယ်ကနေ ၅ နှစ်အထိ ကာကွယ်ဆေးထိုးတာ ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ ကူးစက်ရောဂါ ရှာဖွေရေးလုပ်ငန်းတွေဟာလည်း အရင်လို မလုပ်နိုင်တဲ့ နေရာဒေသတွေ များစွာရှိခဲ့ပါတယ်။

" ကာကွယ်ဆေးထိုးတဲ့ ကိစ္စတွေ အထူးသဖြင့် နယ်တွေ ရွာတွေ ဘက်မှာပေါ့နော်၊ ကာကွယ်ဆေးထိုးတာက လ တစ်လရဲ့ ပထမဦးဆုံးသီတင်းပတ်မှာ ထိုးရတာ၊ အဲဒီ လုပ်ငန်းမျိုးတွေက တော်တော်ကျဆင်းမယ့် သဘောရှိတယ်" ပြည့်သူကျန်းမာရေးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

မိုးမကျမီ နှစ်စဉ် မေလမှာ လုပ်လေ့ရှိတဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို ဒီနှစ်မှာ မလုပ်နိုင်ဘူးလို့ ဧရာဝတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်က မြို့နယ်ကျန်းမာရေးအရာရှိတစ်ဦးက ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေဟာ မြိုပေါ်ဒေသတွေအပြင် ကျေးလက်ဒေသတွေထိ အရောက်သွားကာ တီဘီ နဲ့ငှက်ဖျားတို့လို ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်း ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်း နဲ့ ရောဂါကွယ်ရေးအတွက် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရတာဖြစ်ပါတယ်။

ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အသည်းရောင်အသားဝါဘီ၊ တီဘီရောဂါ ၊ တီဘီကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး ၊ ၅ မျိုးစပ် ၊မေးခိုင် ကြက်ညှာ ဆုံဆို့ ပြင်းထန်အဆုတ်ရောင် တို့ပြီးရင် ဝက်သက်၊ ဂျိုက်သိုးတို့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ အမျိုးသမီးတွေအတွက်ဆို သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေးတွေ ထိုးပေးရပါတယ်။

ဒါအပြင် ကူးစက်မြန်ရောဂါတွေဖြစ်တဲ့ တီဘီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ ကိုဗစ်နိုင်တင်း ရောဂါသည်တွေကို ရှာဖွေပြီး ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်း ဖြစ်ပွါးတဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာလည်း ကိုဗစ်နိုင်တင်း ရောဂါမပြန့်ပွါးရေး ရောဂါပိုးရှိသူ ရှာဖွေရေး ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေခြင်း သံသယလူနာရှာဖွေခြင်း၊ ရောဂါပိုး ကွင်းဆက်ဖြတ်ခြင်း တို့ကို ပြည်သူ့ကျန်းမာရေးက ဝန်ထမ်းတွေက ဦးဆောင်ပြီး တခြားသောဌာနက ဝန်ထမ်းတွေ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ရပါတယ်။

ကိုဗစ်နိုင်တင်းဖြစ်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာလည်း ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်နိုင်တင်း ရောဂါ မပြန့်ပွါးရေး ဆောင်ရွက်ခဲ့ရတဲ့အတွက် အချို့သောလတွေမှာ ပုံမှန်လုပ်နေကျ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်း နဲ့ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေ မလုပ်နိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းဖြစ်ပွားမူ ကျဆင်းသွားတဲ့ အချိန်ကျတော့လည်း စစ်တပ်က အာဏာသိမ်းမူ့နဲ့ ကြုံလိုက်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းမူ့ကို ဆန့်ကျင့်တဲ့ ရုံးမတက်ရေးလှုပ်ရှားမူ့ CDM မှာ ပါဝင်ခဲ့ကြပါတယ်။

CDM လုပ်တဲ့ နိုင်ငံဝန်ထမ်းတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေက အများစုဖြစ်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ကလွဲလို့ ကျန် တိုင်းဒေသကြီးတွေမှာ ကျန်း မာရေးဝန်ထမ်းတွေဟာ CDM မှာ ပါဝင်ခဲ့ပါတယ်။

" အစပိုင်းမှာတော့ CDM လုပ်ပေမဲ့ ကာကွယ်ဆေးထိုးတာတွေ ကိုယ်ဝန်ဆောင်တွေကို ကြည့်ပေးတာတွေ လုပ်ပေးသေးတယ်၊ နောက်ပိုင်းမှာ ဖမ်းတယ်ဆီးတယ်၊ သတင်းတွေကြားတော့ မလုပ်ကြတော့ဘူး" လို့ပြည်သူ့ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖွားမီးယပ် သူနာပြုဆရာမတစ်ဦးကပြောပါတယ်။

CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲက ဆရာဝန်သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ၅၀၅ ( က ) နဲ့တရားစွဲဆိုတာတွေ ဖမ်းဆီးတာတွေ ရှိလာတဲ့အတွက် အချို့သော ဆရာဝန် သူနာပြုတွေဟာ အလုပ်ပြန်ဝင်သူ ရှိသလို့အချို့လည်း လွတ်မြောက်နယ်မြေကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

အဲဒီလိုအခြေအနေတွေ ရှိလာတဲ့အတွက် အရင်ကတည်းက လိုအပ်ချက်ရှိနေတဲ့ ပြည်သူ့ကျန်းမာရေး ဌာနမှာ ဝန်ထမ်းတွေ လျော့နည်းသွားခဲ့ပြီး အရင်ကလို ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို နေရာတိုင်းမှာ ထိထိရောက် မလုပ်နိုင်တာတွေ ရှိလာခဲ့ပါတယ်။

" WHO က သတ်မှတ်ထားတဲ့ စံနှုန်းက လူတစ်ထောင်မှာ အနည်းဆုံး ကျန်မားရေးဝန်ထမ်း က ၄ ဒဿမ ၇ ယောက် ရှိရမယ်၊ အာဏာမသိမ်းခင် အထိ မြန်မာနိုင်မှာ လူတစ်ထောင်မှာ ကျန်းမာရေး ဝန်ထမ်းက တစ်ယောက်ခွဲ ပဲရှိတာ အခုဆို အဲဒီအောက်ရောက်သွားပြီလို့" ပြည်သူ့ကျန်းမာရေးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တစ်ဦးကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဌာနမှာ ဆိုရင် လူသုံးထောင်ကို သူနာပြုဆရာမ တစ်ဦးနှုန်းဖြင့် ကျေးလက်ကျန်း မာရေး ဌာနတွေမှာစောင့်ရှောက်ပေးခဲ့ရတာလို့ဆိုပါတယ်။

နိုင်ငံတစ်ခုရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးစနစ် ဖြစ်လာဖို့ အဓိက ကျောထောက် နောက်ခံပေးထားတဲ့ ဒေါက်တိုင်ကြီး ၆ ခု ရှိပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ကျားကန်ပေးထားတဲ့ ဒေါက်တိုင်ကြီး ၆ ခုထဲကမှ ၄ ခု လောက်ဟာ ယိုင်နဲ့သွားတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ကျန်းမာရေးစနစ်ကြီး ကောင်းမွန်လာဖို အတွက် ဒေါက်တိုင်ကြီး ၆ ခုက Service Delivery ၊ Human Resource for Health (HRH) ၊ Access to Essential Medicine ၊ Health Financing ၊ Leadership နဲ့ Health Information System တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဒေါက်တိုင်ကြီး ၆ ခုထဲကမှ လူစွမ်းအားအရင်းအမြစ် HRH ၊မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေရရှိမူ Access to Essential Medicine ၊ကျန်းမာရေးအတွက် ငွေကြေးရ ရှိမူ Health Financing နဲ့ Leadership စတဲ့ ဒေါက်တိုင်ကြီး ၄ ခုဟာယိုင်နဲ့သွားခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေး ပညာရှင်အချို့က သုံးသပ်ကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျန်းမာရေးဝန်ထမ်း အရေအတွက် လျော့ကျသွားသလို ကျန်းမာရေး နဲ့ပတ်သက်လို့ နိုင်ငံတကာအကူအညီတွေ လျော့ကျ သွားလိမ့်မယ်လို့လည်း ပညာရှင်တွေကဆိုပါတယ်။

" ပိုလီယို ပပျောက်ရေး အရာရှိဆိုပြီးတော့ WHO ကတစ်နှစ်ကို တစ်ယောက် တိုင်းနဲ့ပြည်နယ်တိုင်းမှာ ခန့်ပေးတာ အဲလိုခန့်ပြီးတော့ ပိုက်စိတ်တိုက်ပြီးတော့ ရှာခိုင်းတာ ကျွန်မသိသလောက်တော့ အခုထိ ထပ်မခန့်နိုင်တော့ဘူး" လို့လည်း ပြည်သူ့ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

ဒါအပြင် အရင်သမ္မတဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ WHO အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူးစက်ရောဂါနဲ့ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းတွေအတွက် အထောက်အပံ့အကူအညီ တွေဟာလည်း စစ်ကောင်စီလက်ထက်မှာ လျော့ကျသွားပါတယ်။

အဲဒီလိုအဓိက မဏ္ဍိုင်ကြီး လေးခု ယိုင်နဲ့သွားတဲ့ မြန်မာနိုင်ငံမှာ ကူးစက်ရောဂါတွေ ပြန်လည် ဦးမော့လာမှာကိုလည်း ပညာရှင်အချို့စိုးရိမ်ကြပါတယ်။

ခြောက်လ တစ်နှစ်အတွင်း ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ထိထိ ရောက်ရောက် ပြန်မလုပ်နိုင်ဘူးဆိုရင် တီဘီ သွေးလွန်တုပ်ကွေး ဝက်သက် ကဲ့သို့သော ကပ်ရောဂါတွေ ပြန်လည် ဦးမောလာနိုင်တယ်လို့တော့ ပညာရှင်တွေက သုံးသပ်နေကြပါတယ်။