ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာသိမ်းပြီးနောက် ပျက်စီးယိုယွင်းလာနေတဲ့ မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်
မြန်မာပြည်တွင်း ရှေ့တန်းက ဝန်ဆောင်မှုတွေပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်နေတာတွေလုပ်နေတဲ့ စစ်ကောင်စီနဲ့ ကုသမှုတွေ လိုအပ် နေတဲ့ လူနာတွေကြားမှာ အခက်အခဲတွေ့နေကြပြီး တစ်ဖက်မှာလည်း ပြိုကျလုလု ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနဲ့ ရင်ဆိုင် နေရပါတယ်။
အသက် ၅၃ နှစ်အရွယ် မမိုးဟာ ကင်ဆာရောဂါဝေဒနာ နံပါတ်သုံး အဆင့်ကို ခံစားနေရသူ တစ်ယောက် ဖြစ်ပါတယ်။
သူ့ရောဂါအတွက် သုံးပတ်ကိုတစ်ခါ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဓာတ်ရောင်ခြည်ကုသမှု ခံယူနေရပါတယ်။
ဒါပေမဲ့ စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှာတော့ သူဆေးကုသမှု ခံယူနေတဲ့ ဆေးရုံ ပိတ်လိုက်ရပါတယ်။
အဲ့ဒီဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆေးရုံကို ပြန်အလုပ်မဆင်းကြတော့ပါဘူး။
သူ့အတွက် ဆက်လိုအပ်တဲ့ ဓာတ်ရောင်ခြည်ကုသမှုကို ပုဂ္ဂလိကဆေးရုံတွေမှာ သွားကုသခံလို့ ရပေမဲ့ ဒေါ်လာ ၇၀၀ လောက် ကုန်မယ့်ငွေကိုတော့ သူမတတ်နိုင်ပါဘူး။
အဲဒီ ဓာတ်ရောင်ခြည် ကုသမှုသာ ဆက်မရတော့ရင် သူဆက်ပြီး အသက်ရှင်ဖို့ကလည်း တစ်နှစ် နီးပါးလောက်ပဲ ကျန်တော့မှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် သူကြုံနေရတာနဲ့ပတ်သက်လို့ ဆရာဝန်တွေကို အပြစ်မတင်ဘူးလို့ သူက ပြောပါတယ်ဈ
"ဒီလိုဖြစ်ရတာ စစ်တပ်ကြောင့်ပါ၊ ကျွန်မ ကင်ဆာနဲ့ သေသွားခဲ့ရင်တောင် ကျေနပ်ပါတယ်၊ မြန်မာပြည်ကလူတွေအားလုံး ဒီမိုကရေစီနဲ့ ထိုက်တန်ပါတယ်" လို့ မမိုးက ဘီဘီစီကို ပြောပါတယ်။
ပြိုပျက်လုလု အခြေအနေ
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့ပြီး ထိခိုက်မှုတွေ ဆိုးဆိုးဝါးဝါး ကြုံလာရတဲ့ မြန်မာနိုင်ငံရဲ့ လုပ်ငန်းအစိတ်အပိုင်းတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းက ထိပ်ဆုံးက ပါပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ အလုပ်မဆင်းရေး CDM လှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေ ၊ ပုဂ္ဂလိက ဝန်ထမ်းတွေ အများကြီးနဲ့အတူ ထောင်နဲ့ချီတဲ့ ဆရာဝန်တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မြန်မာပြည်သူ ၅၄သန်းကို ကျန်းမာရေးစောင့်ရှောက်မှု အဓိက ပေးနေတဲ့ ဆေးရုံတွေနဲ့ ဆေးခန်း ၈၀ ရာခိုင်နှုန်းဟာ အစိုးရ ပိုင်တဲ့ လူထုကျန်းမာရေးစနစ်အောက်မှာ ရှိပါတယ်။
ပြည်သူတွေ အားထားနေရတဲ့ လူထုကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးဟာ ကမ္ဘာတဝန်း ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ နေ့ချင်းညချင်းလို ပြိုကျလုလု နီးပါး ဖြစ်လာခဲ့ရပါတယ်။
"ပြောရရင်တော့ ဒီအခြေအနေက စိတ်မကောင်းစရာအခြေအနေတစ်ရပ်ပါ၊ လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ်ကြီး တစ်ခုလုံး ပြိုကျလုဖြစ်နေပါပြီ" လို့ ရန်ကုန်မြို့ အခြေစိုက် နယ်စည်းမခြား ဆေးကုသရေးအဖွဲ့က ဒေါက်တာ မစ်ချယ်ဆန်မာ က ပြောပါတယ်။
စစ်တပ်က အာဏာထိန်းချုပ်ထားသရွေ့ အလုပ်ပြန်မဆင်းဖို့ ဆုံးဖြတ်ထားသလို စစ်တပ်က လူတွေကို အုပ်ချုပ်သူအဖြစ် လက်မခံနိုင်ဘူးလို့ ဆန္ဒပြပွဲတွေမှာ ၃ လ နီးပါး ပါဝင်ခဲ့တဲ့ မန္တလေးက ဆရာဝန်တစ်ယောက်က ပြောပါတယ်။
ဒေါက်တာကြည်ကြည်ဟာ အာဏာသိမ်းပြီး သီတင်းပတ် အနည်းငယ်ကြာမှာ ပုဂ္ဂလိကပိုင် ဆေးရုံ တစ်ရုံမှာ လူနာတွေကို နှစ်သိမ့်ဆွေးနွေးတဲ့အလုပ်ကို အခမဲ့ သွားလုပ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သူအလုပ်လုပ်နေတဲ့ ဆေးရုံတစ်ဝိုက်မှာ သူတို့ကို စောင့်ကြည့်နေတဲ့ စစ်သားတွေကို တွေ့ လိုက်ရတဲ့အခါမှာ ဒီအလုပ်က သူ့အတွက် အရမ်း အန္တရာယ် များတယ်ဆိုတာကို သဘောပေါက်မိ ခဲ့ပါတယ်။
ကျန်းမာရေး ဝန်ထမ်းတွေ ပစ်မှတ်ထားခံရ
မြန်မာနိုင်ငံက ဆန္ဒပြပွဲမှာပါတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်က ပစ်မှတ်ထားနှိမ်နင်းနေပြီး၊ အခမဲ့ ဆေးကုပေးနေတဲ့နေရာတွေကို ဝင်စီးနင်းတာ၊ဖမ်းဆီး ထိန်းသိမ်းတာတွေအပြင် အချို့နေရာတွေမှာဆို ရိုက်နှက်တာတွေအထိ ပါလုပ်ခဲ့ပါတယ်။
"ကျွန်မတို့ အရမ်းကို သတိထားရမယ်၊ အာဏာသိမ်းပြီးတဲ့အချိန်မှာ ဆေးရုံနားမှာ ကျွန်မတို့နေတဲ့ အစိုးရအိမ်ခန်းတွေကို စွန့်ခွာခဲ့ကြပြီး၊ အခုဆို မြို့တစ်ခြားဘက်မှာ သူငယ်ချင်းအချို့နဲ့ အတူ နေပါတယ်။ အခြေအနေက အရမ်းလည်း ကြောက်လန့်နေရတယ်"လို့ ဒေါက်တာကြည်ကြည်က ရှင်းပြပါတယ်။
တစ်ချို့ အစိုးရ ကျန်းမာရေး စောင့်ရှောက်မှု စင်တာတွေ လည်ပတ်နေဆဲ ဖြစ်ပေမဲ့ အဲ့ဒီနေရာ အများစုကို စစ်တပ်က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
အဓိကကျတဲ့ ဆေးရုံကြီးတွေက ကျန်းမာရေးဌာန ဝန်ထမ်းအကြီးအကဲတွေကို မေတ္တာရပ်ခံနေသလို တစ်ချို့ ဆရာဝန်တွေကိုလည်း အလုပ်ပြန်ဆင်းကြဖို့ စစ်တပ်က ကြိုးစား စည်းရုံးနေပါတယ်။ သူတို့အနေနဲ့ အခြေအနေက အောင်မြင်ဖို့ ခက်ခဲနေပါသေးတယ်။
ဆေးရုံ ကားရပ်တဲ့နေရာ အပြင်ဘက်နဲ့ ဝန်ထမ်းလိုင်းခန်းတွေထဲမှာ အခြေခံကျတဲ့ ကုသမှုတွေ လုပ်ပေးနိုင်ဖို့ ပြင်ဆင်နေပေမဲ့ စစ်တပ်နဲ့ သွားပတ်သက်မိရင် လူတွေက ပြောမှာ ကြောက်တာရော စစ်တပ်ကိုလည်း ကြောက်တဲ့အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုလေးတွေတောင် သွားမခံယူရဲတဲ့ လူတွေ အများကြီး ရှိနေတယ်လို့ လေ့လာသူတွေက ပြောနေပါတယ်။
မြို့ကြီးတွေက ပုဂ္ဂလိကဆေးရုံတွေမှာလည်း ပြဿနာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ တစ်ချို့ဆေးရုံတွေဆို လူနာတွေ ကုန်ကျစားရိတ်တွေကို အစပိုင်းမှာလျော့ပေးဖို့ ကြိုးစားခဲ့ပေမဲ့ အခက်အခဲတွေ ဆက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
"အသက်ကယ်ဖို့ အခြေအနေတွေအပြင် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လူအများစု မရကြဘူး" လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ နိုင်ငံတကာ အဖွဲ့ရဲ့ခေါင်းဆောင် ဂျိုင်း ဆင်ဟာက ပြောပါတယ်။
ပျက်စီးနေတဲ့ စနစ်
ဒါ့အပြင် ကိုဗစ်လို ကမ္ဘာ့ကပ်ရောဂါ တားဆီးရေး အတွက် နောက်ထပ် အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
"ကိုဗစ် ကာကွယ်ဆေးထိုးတဲ့ ကိစ္စကို ဇန်နဝါရီလက စလုပ်ခဲ့ပေမဲ့ အခုတော့ အဲ့ဒီကိစ္စမှာ ပါခဲ့တဲ့ သူတွေ ဆက်မပါကြတော့ဘူး။ ကိုဗစ်ကာကွယ်ရေး အတွက် ကျွန်တော်တို့လုပ်နေတာတွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်လာတဲ့ အချိန်မှာ ရောဂါရှိမရှိ စစ်ဆေးမှုတွေ ဆက်မလုပ်ကြတော့ သလို ကုသမှုတွေဘက်မှာလည်း ချို့တဲ့အားနည်းမှုတွေ ဖြစ်လာလို့ လူထု ကျန်းမာရေး စောင့်ရှောက်မှုဟာ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ကိုဗစ်-၁၉ ရောဂါကို ရှာဖွေ အတည်ပြု စမ်းသပ်မှုစနစ်ကလည်း ပျက်စီးနေတဲ့အပြင် စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကလည်း အားကိုးယုံကြည်စရာ မရှိသလို ဖြစ်နေပါတယ်။
အာဏာမသိမ်းခင် ဇန်နဝါရီလတုန်းက မြန်မာပြည်ထဲက ကိုဗစ်ရောဂါကူးစက်ခံရသူ အရေအတွက် ဟာ ၁၅၅၁၅ ဦးရှိခဲ့ပေမဲ့ အာဏာသိမ်းပြီး မတ်လထဲမှာတော့ ၅၃၈ ဦးအထိ ကျသွားတာကြောင့် ၉၇ ရာနှုန်းအထိတောင် လျော့သွားတယ်လို့ ပြောနိုင်ပါတယ်။
ကူးစက်ရောဂါ ပျံ့နှံ့ခြင်းနဲ့ ကာကွယ်ခြင်းနဲ့ ဆိုင်တဲ့ သုံးသပ်ချက် မပါဘဲ ပြောရရင်တော့ ရောဂါပိုး ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး သေတာတွေ များလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထား ပါတယ်။
ကြောက်စရာကောင်းတဲ့အခြေအနေ
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အခြား ရောဂါကူးစက် ပြန့်ပွားမှုတွေကလည်း တိုးလာသလို ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်၂၀အတွင်းမှာ မြန်မာပြည်က ရောဂါကူးစက် ပြန့်ပွားနှုန်းက နှေးသွားတယ်လို့ ဆရာဝန်တွေက ပြောနေတဲ့ တီဘီရောဂါနဲ့ အိတ်ချ် အိုင်ဗီ ရောဂါလို ကူးစက်နှုန်းက ပြန်တိုးလာနေ ပါတယ်။
ဥပမာအားဖြင့် အိတ်ချ်အိုင်ဗီ ရောဂါကူးစက်မှုကို ၁၉၉၀ ကျော်နှစ်တွေတုန်းက မြန်မာနိုင်ငံမှာ ရင်ဆိုင်ခဲ့ရပေမဲ့ နိုင်ငံတကာ အကူအညီ ထောက်ပံ့မှုနဲ့ အစိုးရက ဦးဆောင် လုပ်ဆောင်တဲ့ အစီအစဉ် ကြောင့် အိတ်ချ်အိုင်ဗီပိုး ကူးစက်မှုနဲ့အတူ သေနှုန်းတွေလည်း ကျဆင်းလာခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်ကြောင့် အဲ့ဒီအစီအစဉ်တွေ လုံးဝရပ်လုနီးပါး ဖြစ်သွားတယ်လို့ MSF အဖွဲ့ရဲ့ ပါဗလိုကိုလိုဗော့စ် က ပြောပါတယ်။
"မြန်မာပြည်ရဲ့ အကျိုးရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေ အလျင်အမြန် ပျောက်ဆုံးသွားတာ ဝမ်းနည်းစရာကောင်းအောင် တွေ့မြင်နေရသလို ထိတ်လန့်စရာလည်း ကောင်းပါတယ်" လို့ သူက ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ဆက်လုပ်ဖို့ အင်တင်တင် ဖြစ်နေတဲ့အတွက် နိုင်ငံတကာ အလှူရှင်ကြီးတွေကလည်း သန်းနဲ့ချီတဲ့ နာတာရှည် လူနာတွေကို စောင့်ရှောက်မှု ပေးနေတဲ့သူတို့ အစီအစဉ်ကို ငွေတွေကို ဆက်မပေးတော့ဖို့ စလုပ်နေကြတယ်လို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။
မြန်မာပြည်အထဲနဲ့ အပြင်ဘက်ကလူတွေ သိချင်နေတဲ့ မေးခွန်းက ဒီအခြေအနေအတိုင်း ဘယ်လောက်အထိ ဆက်သွားရမလဲ ဆိုတာပါ။
"ကျွန်တော်တို့တွေ ချောက်ကမ်းပါးဆီကို ဦးတည်ပြီး လျှောက်သွားနေရတဲ့သူတွေလို ဖြစ်နေတယ်။ ပြေလည်အောင်လည်း ဘယ်လိုဖြေရှင်းရမှန်း မသိသေးဘူး။
လူအဖွဲ့အစည်းတိုင်းအတွက် အဓိကကျောရိုးဖြစ်တဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုဟာ မြန်မာပြည်မှာ စပြိုလဲနေပြီ" လို့ မစ္စတာ ဆင်ဟာက ပြောပါတယ်။
ဒေါက်တာကြည်ကြည်ဟာ ဇန်နဝါရီလကတည်းက လစာမရတော့ပေမဲ့ သူ့စုထားတဲ့ငွေတွေ၊ မိဘတွေရဲ့ အကူအညီ အထောက်အပံ့နဲ့ ဆက်ရှင်သန်နေပါတယ်။
တစ်ဖက်မှာလည်း လူနာတွေ ဒုက္ခရောက်နေကြတာကို သူနားလည်ပါတယ်။
"လူနာတွေအကြောင်း တွေးမိလေ၊ ကျွန်မတို့ ပိုစိတ်မကောင်းရလေပါပဲ။ ကျွန်မတို့ ခံစား နာကျင်နေရပေမဲ့ ကျွန်မတို့ ဆက်လုပ်သွားမှာပါ။ အခုချိန်မှာ ကျွန်မတို့ကိစ္စတွေထက် ကျွန်မတို့ တိုင်းပြည်ကိစ္စက အရေးကြီးဆုံးလို့ ထင်တယ်။ အဲ့လိုမှမဟုတ်ရင် နောက်ထပ် နှစ်၂၀ သို့မဟုတ် ၃၀ လောက် ထပ်ခံရဖို့ ရှိတယ်လို့ ကျွန်မတို့ သိနေပါတယ် "လို့ ဒေါက်တာကြည်ကြည်ကပြောပါတယ်။
(ဆောင်းပါးထဲပါတဲ့သူတွေရဲ့ နာမည်အချို့ကို အမည်လွှဲသုံးထားပါတယ်)