ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NUG အစိုးရသစ်နဲ့ ကျန်ရှိနေတဲ့ မေးခွန်းများ
၂၀၂၀ ရွေးကောက်ခံအမတ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ တစ်ရပ်ကို ဧပြီလ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
ဒီအစိုးရကို ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်က ဦးဆောင်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ခန့်အပ်ထားပါတယ်။
ဒုတိယ သမ္မတအဖြစ် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒူဝါလရှီးလက ဆောင်ရွက်မှာ ဖြစ်သလို CRPH က ပြဋ္ဌာန်းခဲ့တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ လက်ရှိအစိုးရမှာ အဓိက အကျဆုံးရာထူးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရာထူးကိုတော့ လွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်းက တာဝန်ယူမှာ ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့တဲ့ အစိုးရတွေလက်ထက်မှာ အရပ်သားကိုယ်စားလှယ်တွေဘက်က ရွေးချယ်တင်မြှောက်ခွင့်မရှိတဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးရည်မွန် (ခ) ဦးတင်သစ်ကို ခန့်အပ်လိုက်ပြီး ဒုဝန်ကြီးတွေအဖြစ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေး မြန်မာအင်စတီကျူကို တည်ထောင်သူ အမျိုးသမီး ဒေါ်ခင်မမမျိုးနဲ့ မွန်ပြည်သစ်ပါတီရဲ့ ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်သူ MSICC က နိုင်ကောင်းရွက်တို့ကို တာဝန်ပေးထားပါတယ်။
အရပ်သားအစိုးရတွေ တင်မြှောက်ခွင့်မရခဲ့တဲ့ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနကိုတော့ သံလျင်မြို့နယ် ရွေးကောက်ခံအမတ် ဦးလွင်ကိုလတ်က ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမှာဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ခူးထဲဘူးကတော့ ဒုဝန်ကြီးဖြစ်လာပါတယ်။
နိုင်ငံတကာဆက်ဆံရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာတော့ ဒေါ်ဇင်မာအောင်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်လက်ထမ်းဆောင်မှာ ဖြစ်ပြီး ဒေါက်တာဆာဆာကတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
ဒီအစိုးရက ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးအဖြစ် ချင်းတိုင်းရင်းသား အဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီး ဒေါက်တာလျန်မှုန်းဆာခေါင်းကို တာဝန်ပေးထားပါတယ်။
အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ နော်ဆူဇန်လှလှစိုးက တာဝန်ယူမှာ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ လူငယ်နိုင်ငံရေးသမား ဒေါ်အိသဉ္စာ မောင်ကို ဒုဝန်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်မှု CDM လုပ်ဆောင်ဖို့ ဦးဆောင်တိုက်တွန်းသူတဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးက ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနနှစ်ခုကို ကိုယ်တွယ်မှာ ဖြစ်ပြီး လူကယ်ပြန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါက်တာဝင်းမြတ်အေးကတော့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
စီမံဘဏ္ဍာဝန်ကြီးအဖြစ် NLD ရွေးကောက်ခံအမတ် ဦးတင်ထွန်းနိုင်က ဆောင်ရွက်မှာ ဖြစ်ပြီး ကချင်တိုင်းရင်းသားတဦးဖြစ်တဲ့ ဒေါက်တာတူးခေါင်ကိုတော့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အစိုးရ ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်မယ့် ကြားကာလအမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီးဌာန ၁၁ နေရာအတွက် ဝန်ကြီး ၁၀ ဦးနဲ့ ဒုဝန်ကြီး ၁၂ ယောက်တို့ကို ခန့်အပ်တာဝန်ပေးထားပါတယ်။
ဒီအစိုးရအဖွဲ့မှာ ကချင်၊ ကရင်၊ မွန် စတဲ့ တိုင်းရင်းသားတွေကို အများစု နေရာပေးထားသလို လူငယ်တွေကိုလည်း ခန့်အပ်တာဝန်ပေးထားတာ တွေ့ရပါတယ်။
အစိုးရအသစ်ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကိုယ်စား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။
"အခုကျွန်တော်တို့ မြန်မာနိုင်ငံသမိုင်းမှာ တိုင်းရင်းသားတွေ အစုံလင်ဆုံးနဲ့ အားအကောင်းဆုံး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းနိုင်ပါပြီ။ နောက်ထပ်လည်း ပညာရှင်တွေ၊ လူငယ်တွေနဲ့ တိုးချဲ့ ဖွဲ့စည်းဦးမှာပါ။ ဒီအစိုးရအဖွဲ့ထဲမှာ အစုံအလင်ပါမှာပါ။ သပိတ်ခေါင်းဆောင်တွေကိုတောင် ပါဝင်ဖွဲ့စည်းထားမှာပါ။ ဒါဟာ Gen Z လို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ ပြည်သူလူ့ထုအင်အားနဲ့ ဒီအခြေအနေကို ရောက်လာတာပါ" လို့ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိဖွဲ့စည်းထားတဲ့ အစိုးရသစ်မှာ ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားတွေတော့ လောလောဆယ် ပါဝင်လာတာ မတွေ့ရပါဘူး။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဘက်တော့ ပြည်ထောင်စုသားတိုင်းရင်းသား လူမျိုးစုံ အားလုံး ပါဝင်ဖို့အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်နေပြီး လိုအပ်ရင်လိုအပ်သလို အစိုးရအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၃၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရစီ ပဋိညာဉ်တစ်ရပ်ကို သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ CRPH က ဒီပဋိညာဉ်ထဲမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လမ်းပြမြေပုံ ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပပျောက်ရေးကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အစိုးရသစ်ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ
တိုင်းရင်းသားတွေအများအပြားပါဝင် ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရသစ် NUG ဟာ သူတို့အစိုးရဖွဲ့တဲ့နေ့မှာပဲ ပထမဆုံးအကြိမ် အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ဒီသတင်းစာ ရှင်းလင်းပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုအောင် လုပ်ဆောင်နေတဲ့အခြေအနေတွေနဲ့ CDM ပြည်သူ့အာဏာဖီဆန်မှု ကိစ္စရပ်တွေကို ပြည်ထောင်စုဝန်ကြီးတွေက အဓိက ရှင်းလင်းခဲ့တာပါ။
တိုင်းရင်းသားအင်အားစုတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အမြဲချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုလည်း လာမယ့်ရက်ပိုင်းအတွင်း ဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဘယ်လိုတည်ထောင်မလဲ
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ တိုင်းရင်းသားလူမျိုးတချို့ ပါဝင်တယ်ဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပူးပေါင်းပါဝင်မှု အများစုမတွေ့ရသေးတဲ့အပေါ် ဝေဖန်ထောက်ပြမှုတွေ တချို့ ရှိခဲ့ပါတယ်။
တအာန်းပလောင် လက်နက်ကိုင်အဖွဲ့ TNLA ကတော့ NUG အစိုးရသစ်ကို ထောက်ခံကြိုဆိုပြီး လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားသလို အေအေ ရက္ခိုင့်တပ်တော်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း CRPH ဘက်က သူတို့ကို ဂရုတစိုက်ခေါ်ခဲ့ပေမယ့် အေအေရဲ့ ရပ်တည်ချက်နဲ့ မပါဝင်တာဖြစ်တယ်၊ အပြစ်ပြောစရာမလိုအပ်ပါလို့ တွစ်တာလူမှုကွန်ရက်မှာ ရေးပါတယ်။
တိုင်းရင်းသားတပ်ပေါင်းစုတွေအားလုံး ပါဝင်ဖို့အတွက် NUG အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ အမေးကိုတော့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က
"နဂိုရှိပြီးသား တိုင်းရင်းသားအဖွဲ့တွေရဲ့ အမည်ထက် ပိုမိုကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ပိုမိုကောင်းမွန်မယ်လို့ ဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်ခဲ့ကြတယ်။ဒါကြောင့် ကချင်၊ ကယား၊ မွန်နဲ့ ချင်းတို့မှာ အတိုင်ပင်ခံကောင်စီတွေ ဖွဲ့စည်းပြီး ပူးပေါင်းပါဝင်ခဲ့ကြတယ်။ NCA အပစ်ရပ်စာချုပ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း အစိုးရသစ်ကို ထောက်ခံတဲ့အကြောင်း ပြောကြားထားတယ်" လို့ ဆိုပါတယ်။
ကျန်တဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့လည်း အတူပေါင်းစည်းနိုင်ဖို့ ဆက်လက်ညှိနှိုင်းနေပြီး အဲဒီဆောင်ရွက်မှုတွေဟာ ပိုမိုအားကောင်းခိုင်မာလာမယ်ဆိုရင် ကျန်တဲ့တိုင်းရင်းသား ညီနောင်တွေကလည်း အတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့လည်း ဆိုပါတယ်။
စောင့်ဆိုင်းနေကြတဲ့ ဖက်ဒရယ်တပ်မတော်
အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူသေဆုံးမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ရှိလာနေတာကြောင့် ပြည်သူတွေကို အမှန်တကယ် အကာအကွယ်ပေးမယ့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း အစိုးရသစ်ဖွဲ့စည်းနိုင်မှုနဲ့အတူ လူထုက မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်ဆိုင်းနေပါတယ်။
ဒါပေမဲ့ အားလုံးပါဝင်တဲ့ ဖက်ဒရယ်တပ်မတော်တည်ထောင်နိုင်ဖို့ နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို အရင်ဆုံး ဖွဲ့စည်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
" ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ်ကို တည်ထောင်ရင် အနာဂတ်တပ်မတော်ဟာလည်း ဖက်ဒရယ်တပ်မတော် ဖြစ်ရမယ်။ NUG အစိုးရလက်အောက်မှာ မကြာမီ ပေါ်ပေါက်လာမယ့် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ လူထုကို အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်နေတဲ့ လက်ရှိ စစ်တပ်နေရာမှာ အစားထိုးနိုင်မယ့် တပ်မတော်ဖြစ်ဖို့ ရည်ရွယ်တယ်။ တချိန်မှာတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ရဲ့ အစိတ်အပိုင်းဖြစ်လာမယ်" လို့လည်း ဦးရည်မွန်က ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘယ်ချိန် ပေါ်ပေါက်လာမလဲဆိုတာကို တိတိကျကျ ပြောမသွားပေမယ့် အချိန်တိုအတွင်း တည်ဆောက်သွားမယ်လို့တော့ ဆိုပါတယ်။
ဒီတပ်မတော်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနဲ့ လူထုကို အမှန်တကယ် အကာအကွယ်ပေးတဲ့ တပ်မတော်ဖြစ်ဖို့ လိုအပ်ပြီး ဖယ်ဒရယ်တပ်မတော်မတိုင်ခင် ဖက်ဒရယ် Alliance ဆိုတဲ့ ပြည်ထောင်စု အစုအဖွဲ့မျိုးလည်းလည်း ပေါ်ပေါက်လာနိုင်ခြေရှိတယ်လို့လည်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
အစိုးရသစ်အပေါ် နိုင်ငံတကာထောက်ခံမှု
ဧပြီလ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG အစိုးရသစ်ကို ထောက်ခံတဲ့အကြောင်း၊ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဒီမိုကရေစီလိုလားတဲ့ နိုင်ငံကြီးတချို့က မကြာမီ ရက်ပိုင်းအတွင်း ကြေညာဖို့ ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။
"NUG အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သိပ်မကြာမီရက်ပိုင်းအတွင်း ကြေညာမယ့် နိုင်ငံတွေထဲမှာ အနောက်နိုင်ငံကြီးတွေပါတယ်။ အာရပ်နွေဦးကို ဖြတ်သန်းခဲ့တဲ့ အဓိက နိုင်ငံကြီး တစ်နိုင်ငံလည်း ပါတယ်" လို့လည်း ဆိုပါတယ်။
ကြားကာလအစိုးရဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေတဲ့အချိန်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အမေရိကန်နဲ့ ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေနဲ့ ထိတွေ့ဆောင်ရွက်ခဲ့ပြီး သူတို့ကလည်း လူထုရဲ့ ရပ်တည်ချက်ကို ထောက်ခံကြိုဆိုကြောင်း ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၁၅ ရက်နေ့မှာလည်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာနက လူတွေနဲ့ CRPH အဖွဲ့ဝင်တွေကြား ဆက်သွယ်ဆွေးနွေးပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ အရေးကြီးတဲ့အကြောင်း သဘောတူညီခဲ့တယ်လို့ အမေရိကန် အာရှ-ပစိဖိတ်မီဒီယာဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ခံအစိုးရလက်ထဲကနေ အာဏာရယူခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီကို ပြည်တွင်းကကော နိုင်ငံတကာကပါ အသိအမှတ်ပြုတာ မရှိဘူးလို့ NUG အစိုးရသစ် ပြည်ထောင်စုဝန်ကြီးတွေက ထောက်ပြပြောဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်နိုင်ဖို့ တရားဝင်မှု legitimacy မရှိသလို စွမ်းဆောင်နိုင်တဲ့ အရည်အချင်းလည်း မရှိတဲ့အတွက် ဒီနေ့ဒီချိန်ထိ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုဘူး။ အရင်စစ်အစိုးရတွေလက်ထက်မှာ ရရှိခဲ့ဖူးတဲ့ တရားဝင်မှုကိုတောင် မရရှိခဲ့ဘူးလို့လည်း ဦးလွင်ကိုလတ်က ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုတဲ့ အစိုးရဟာ ၂၀၂၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ ပြည်သူ့အစိုးရ၊ အဲဒီရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်တယ်လို့လည်း ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်းမှုန်းဆာခေါင်းက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရသစ်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု ရအောင် ကြိုးစားသွားမှာ ဖြစ်သလို တဖက်မှာလည်း ကိုယ့်အားကိုယ်ကိုယ်ပြီး ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အင်အားနဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဦးရည်မွန်က ဆိုပါတယ်။
စစ်အာဏာရှင်စနစ်အောက်မှာ အလုပ်တာဝန်မထမ်းဆောင်ဘဲ အာဏာဖီဆန်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတချို့ ရှိနေပေမယ့်လည်း CDM လုပ်ရှားမှုတွေနဲ့ သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြမှုတွေဟာ ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ ပုံစံမျိုးစုံ နည်းလမ်းမျိုးစုံနဲ့ ပေါ်ပေါက်နေမှာ ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။
တတ်နိုင်သမျှ ပြည်သူတွေ အထိအခိုက်အသေအပျောက် နည်းနိုင်သမျှနည်းအောင် အစိုးရသစ်က ဆောင်ရွက်သွားမှာ ဖြစ်သလို လူထုဘက်ကလည်း စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို အားအဖြစ်ယူကာ တက်ကြွနှိုးကြားနေတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကို ဆက်ပြီး ထိန်းသိမ်းသွားကြဖို့ ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းပါတယ်။