ပဋိပက္ခတွေနဲ့ ရုန်းကန်ရဦးမယ့် ရခိုင်

ရခိုင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ UEC ရဲ့ထုတ်ပြန်ကြေညာချက်ဟာ စစ်ဘောင်ဧရိယာကို ချဲ့လိုက်တဲ့သဘောဖြစ်နေတယ်လို့ ဝေဖန်မှုတွေရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရခိုင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ UEC ရဲ့ထုတ်ပြန်ကြေညာချက်ဟာ စစ်ဘောင်ဧရိယာကို ချဲ့လိုက်တဲ့သဘောဖြစ်နေတယ်လို့ ဝေဖန်မှုတွေရှိ

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့အခြေအနေမရှိတာကြောင့် ကချင်၊ ကရင်၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းနဲ့ပြည်နယ်တွေက တချို့နေရာမှာ ရွေးကောက်ပွဲမကျင်းပတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကနေ အောက်တိုဘာ ၁၆ ရက်နေ့မှ ထုတ်ပြန်ကြေညာခဲ့တာပါ။

ရွေးကောက်ပွဲမလုပ်ဖြစ်တော့ဘူးဆိုတဲ့ မဲဆန္ဒနယ်မြေတွေထဲ ရခိုင်ပြည်နယ်က နေရာအများဆုံးအဖြစ် မြို့နယ် ၉ မြို့နယ်နဲ့ ကျေးရွာရပ်ကွက်ပေါင်း ၁၃၃ ခု ဖျက်သိမ်းခံလိုက်ရတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲဖျက်သိမ်းခံလိုက်ရတဲ့မြို့ နယ် ၉ ခုကတော့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေဖြစ်ပြီး ကျန်တဲ့ကျေးရွာအုပ်စုတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကတော့ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ စတဲ့ မြို့နယ်လေးခုက မဲဆန္ဒနယ်မြေတချို့ ဖြစ်ကြပါတယ်။

လုံခြုံရေးအကြောင်းပြချက်နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ ထုတ်ပြန်ထားတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေထဲမှာ တိုက်ပွဲတစ်ကြိမ်မှ မဖြစ်ဖူးသလို စစ်ရေးနဲ့ပတ်သက်လို့ ဘာပြဿနာမှမရှိဖူးတဲ့ ပေါက်တောမြို့နယ်လည်း ပါဝင်နေပါတယ်။

တိုက်ပွဲတစ်ကြိမ်မှ မဖြစ်ဖူးသလို စစ်ရေးနဲ့ပတ်သက်လို့ ဘာပြဿနာမှမရှိဖူးတဲ့ ပေါက်တောမြို့နယ်လည်း ပါဝင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ ထုတ်ပြန်ထားတဲ့အထဲ တိုက်ပွဲတစ်ကြိမ်မှ မဖြစ်ဖူးသလို စစ်ရေးနဲ့ပတ်သက်လို့ ဘာပြဿနာမှမရှိဖူးတဲ့ ပေါက်တောမြို့နယ်လည်း ပါဝင်

ပေါက်တောမြို့နယ်ဟာ စစ်တွေမြို့ရဲ့ တစ်ဖက်ကမ်းမှာ တည်ရှိပြီးတော့ အဲ့ဒီမှာ တပ်မတော်တပ်ရင်းဌာနချုပ်တွေလည်း မရှိသလို အေအေဘက်က လှုပ်ရှားမှုတွေကိုလည်း မတွေ့ရတဲ့မြို့နယ်တစ်ခုပါ။ ပေါက်တောမြို့နယ်ဟာ တောင်ဘက်မှာ ဘင်္ဂလားပင်လယ်အော်၊ အနာက်ဘက်မှာ ကုလားတန်မြစ်၊ အရှေ့ဘက်မှာ လေးမြို့မြစ်နဲ့ မြောက်ဘက်မှာ စွန်ရဲမြစ်တို့ အကြား ဖရုံကာသုံးကျွန်းနဲ့ တခြားကျွန်းငယ်လေးတွေကို စုဖွဲ့ထားတဲ့မြို့နယ်တစ်ခု ဖြစ်ပါတယ်။

မြစ်ချောင်းတွေပေါများတဲ့အတွက် တစ်နေရာနဲ့တစ်နေရာ သွားလာရေးခက်ခဲသလို ပထဝီအနေအထားအရ စစ်ရေးအတွက် စိတ်ဝင်စားစရာမကောင်းတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ မြို့နယ်ရဲ့တောင်ဘက် အမှတ် ၁ မဲဆန္ဒနယ်မြေက ဒေသခံတွေဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြပြီးတော့ မြို့နယ်ရဲ့ မြောက်ဘက် အမှတ် ၂ မဲဆန္ဒနယ်မြေက ဒေသခံတွေဟာ မြစ်ချောင်းတွေကို အမှီပြုပြီး ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။

ခေတ်အဆက်ဆက် တည်တည်ငြိမ်ငြိမ်နဲ့ရှိလာခဲ့တဲ့ပေါက်တောမြို့နယ်ကို လာမယ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရား မျှတတဲ့ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ UEC က သတ်မှတ်လိုက်တာဟာ ၂၀၂၀ အလွန် ရခိုင်လွှတ်တော်မှာ ပြည်သူ့ နိုင်ငံရေးအသံတွေ ထွက်မလာအောင် သင်းကွပ်လိုက်တာ ဖြစ်တယ်လို့ လက်ရှိပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက သုံးသပ်ပါတယ်။

ပေါက်တောလောက်မငြိမ်းချမ်းဘဲ တိုက်ပွဲတွေဖြစ်နေတဲ့ ပလက်ဝမှာ ရွေးကောက်ပွဲ လုပ်ဖြစ်တဲ့အပေါ် ဝေဖန်တာတွေရှိ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ပေါက်တောလောက်မငြိမ်းချမ်းဘဲ တိုက်ပွဲတွေဖြစ်နေတဲ့ ပလက်ဝမှာ ရွေးကောက်ပွဲ လုပ်ဖြစ်တဲ့အပေါ် ဝေဖန်တာတွေရှိ

"ပလက်ဝက တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်ဆိုပေမယ့် ပြည်သူ့ကိုယ်စားပြု အခြေအနေတွေ ပေါ်လာအောင် ဒီမိုကရေစီ အခင်းအကျင်းတွေ ပိုကျယ်ပြန့်လာအောင်အတွက် ပလက်ဝကို စစ်ပွဲဘယ်လောက်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲကျင်းပတယ် ဆိုတာ တော်တော်ကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။

ဒီဘက်ကိုးမြို့နယ်မှာလည်း ပလက်ဝနည်းတူ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ အနေအထားတွေ ရှိတယ်ဆိုတာ သုံးသပ်မိပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့မြို့နယ်ကို ကျင်းပလို့ရလို့ တိုက်ပွဲမရှိတဲ့ ကျွန်တော် တို့ ပေါက်တောမြို့နယ်ကို မကျင်းပနိုင်ဘူးဆိုတာကတော့ လက်တွေ့နဲ့ကွာပါတယ်။

မောင်တောတို့၊ ဘူးသီးတောင်တို့၊ ရသေ့တောင်တို့လို တခြားရခိုင်ပါတီတွေနိုင်မယ့်နေရာတွေကို ဖျက်လိုက်တာကတော့ ရခိုင်နိုင်ငံရေးအသံကို သင်းကွပ်လိုက် တာနဲ့အတူတူပဲဗျ"လို့ ဦးအောင်ကျော်ထွီးက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းဟာ တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတစ်ခု ဖြစ်ပေမယ့် မြောက်ပိုင်းတစ်ခွင်လုံးက စစ်မြေပြင်တွေမဟုတ်ဘဲ တချို့နေရာတွေမှာသာ တိုက်ပွဲပြင်းထန်တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်မြို့နယ်တွင်း မြောက်ပိုင်းဘက်မှာ ဖြစ်ပြီး တောင်ပိုင်းက တိုက်ပွဲမရှိသလောက်လို့ ပြောလို့ရပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေမှာလည်း တစ်မြို့နယ်လုံး စစ်ပွဲဧရိယာမဟုတ်တာကို တွေ့ရှိရပါတယ်။

လုံခြုံရေးအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိတဲ့အတွက် ရွေးကောက်ပွဲကို ဖျက်သိမ်းတဲ့နေရာမှာ ဒေသတည်ငြိမ်နေတဲ့ အစိတ်အပိုင်းတွေကိုတော့ ကျင်းပမယ်ဆိုရင် သမာသမတ်ကျတဲ့ စဉ်းစားဆုံးဖြတ်ချက်လို့ လက်ခံနိုင်ကြောင်း ဒေသခံနိုင်ငံရေးသမားတွေက ပြောပါတယ်။

ရခိုင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ UEC ရဲ့ထုတ်ပြန်ကြေညာချက်ဟာ စစ်ဘောင်ဧရိယာကို ချဲ့လိုက်တဲ့သဘောဖြစ်နေပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီအရေး၊ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက်ဆိုရင် နိုင်ငံရေး ဘောင်ကို ချဲ့ယူဖို့လိုအပ်ပြီး ဒီအပေါ်မှာ ပြန်လည်သုံသပ်မှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ ရခိုင်နိုင်ငံရေးအသိုင်းအဝန်းတွေကြား ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

"အခုချန်လှပ်ထားတဲ့ မြို့နယ်တွေမှာ၊ ကျေးရွာအုပ်စုတွေမှာ၊ ဘေးကင်းလုံခြုံလာပြီ။ အန္တရာယ်ရှိစေဖို့ အကြောင်းတွေ မပေါ်ပေါက်ပါဘူးလို့ ဒီသဘောထားမှတ်ချက်တွေ ရှင်းရှင်းလင်းလင်း သိလာရတဲ့အခါ ဒီနေရာတွေကိုဆက်လက်ပြီး ကျင်းပသွားမှာပါ။

အခု ၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာကျင်းပတဲ့ရက်မှာ မီရင်လည်းပဲ ကျင်းပသွားဖို့ရှိပါတယ်။ တကယ်လို့ အန္တရာယ်မရှိတော့ ဘေးကင်းလုံခြုံစွာနဲ့ ဆန္ဒမဲပေးနိုင်တယ်ဆိုလို့ရှိရင်လည်း အဲ့ဒီအခါမှာ ကျွန်တော်တို့ ကျင်းပသွားဖို့ရှိပါတယ်" လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကော်မရှင်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်လာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေရှိမရှိ စုံစမ်းလေ့လာမှုတွေပြုလုပ်နေပြီး ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေရှိမရှိ ဆိုတာကို ထပ်မံပြီးတော့ ကြေညာသွားဖို့ရှိတယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အခြေပြု နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးကတော့ ပဋိပက္ခတွေမရှိတဲ့ ပေါက်တောလိုနေရာကို ပယ်ဖျက်လိုက်ပြီး ပဋိပက္ခတွေ အကြီးအကျယ်ရှိနေတဲ့ ပလက်ဝလိုနေရာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ဆုံးဖြတ်တာဟာ လက်ရှိအာဏာရပါတီ NLD မဲအနိုင်ရမယ့်နေရာတွေကို ပြိုင်ဖို့ဆုံးဖြတ်ပြီး ရှုံးမယ့်နေရာတွေကို ပယ်ဖျက်လိုက်တဲ့ သဘောကို တွေ့နေရတယ်လို့ ဆိုပါတယ်။

ကော်မရှင်အနေနဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ရမှာဖြစ်ပြီး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တစ်ခုချင်း၊ လုပ်ရပ်တစ်ခုချင်းဟာ စစ်မှန်တဲ့ တရားမျှတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ မလုပ်ဆောင်နိုင်တဲ့ အနေအထားကို တွေ့နေရပြီး ဒါဟာ ကော်မရှင်အနေနဲ့ သူတို့ရဲ့သမိုင်းကို သူတို့ကိုယ်တိုင် ရေးတာသာဖြစ်တယ်လို့ ဦးကျော်ဇောဦးက ဝေဖန်ပြောဆိုပါတယ်။

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ ပစ်ခတ်မှုတွေကြား အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏ ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ ပစ်ခတ်မှုတွေကြား အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏ ရှိနေတာပါ။

စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြို့နယ်တွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဒေသခံတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပြီး အဲ့ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပတော့လို့ ပြည်သူတွေကို အခြေပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ မရှိတော့ရင် ရခိုင်နိုင်ငံရေးအသိုင်းအဝန်းရဲ့ အသံတွေက မှေးမှိန်သွားတဲ့ သဘောမျိုး ဖြစ်လာမှာကို ရခိုင်နိုင်ငံရေးအင်အားစုတွေက စိုးရိမ်နေကြပါတယ်။

"အခုပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ အဲ့ဒီလူတွေရဲ့ ကိုယ်စားပြုပြီးတော့ ပြောရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ ကိုယ်စားပြုပြီးပြောဖို့ လူတွေ မရှိတော့ဘူးပေါ့ဗျ။ ပဋိပက္ခဖြစ်နေတဲ့နေရာတွေဆိုရင် ပိုလိုတယ်။ ပြီးခဲ့တဲ့ တစ်နှစ်နှစ်နှစ်အတွင်း ဖမ်းဆီးချုပ်နှောင်မှုအတွင်း သေဆုံးသွားတဲ့သူတွေ အနည်းဆုံး အယောက် သုံးဆယ်ကျော် ရှိနေပြီ။ အပြစ်မဲ့အရပ်သား သုံးရာလောက် သေသွားပြီ။ ပြီးလို့ရှိရင် စစ်ဘေးရှောင်တွေ နှစ်သိန်းကျော်လာပြီ။ ဒီလိုဖြစ်ပျက်နေတဲ့ မြို့နယ်တွေမှာ ပိုလို့တောင်လိုအပ်သေးတယ်"လို့ ဦးကျော်ဇောဦးက ပြောပါတယ်။

စစ်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေထဲမှာ ၉ မြို့နယ်ကို ရွေးကောက်ပွဲမကျင်းပတော့ဘူးလို့ ပယ်ဖျက်လိုက်တာကြောင့် စစ်တွေတစ်မြို့နယ်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ရခိုင်က နှစ်နှစ်ကျော် ပြည်တွင်းစစ်မှာ နေရပ်စွန့်ခွာရသူက နှစ်သိန်းကျော်ရှိနေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ရခိုင်က နှစ်နှစ်ကျော် ပြည်တွင်းစစ်မှာ နေရပ်စွန့်ခွာရသူက နှစ်သိန်းကျော်ရှိနေပါပြီ။

ဒေသခံတိုင်းရင်းသားပါတီတွေကို ထောက်ခံတဲ့မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲမကျင်းပတော့ဘူးလို့ ထုတ်ပြန်ကြေညာတာ ဟာ နိုင်ငံရေးအရ သံသယဖြစ်ဖွယ်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

ရွေးကောက်ပွဲမလုပ်တော့ဘူးလို့ ကြေညာထားတဲ့မြို့နယ် ကိုးမြို့နယ်ဟာ ခေတ်အဆက်ဆက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရခိုင်တိုင်းရင်းသားပါတီတွေကပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၀ ရွေရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် ပြည်နယ်လွှတ်တော်ဟာ စစ်တပ်ကလွှမ်းမိုးတဲ့လွှတ်တော်၊ ပြည်နယ်အစိုးရကလည်း ပြည်ထောင်စုအစိုးရကခန့်အပ်တဲ့အစိုးရဖြစ်နေမယ်ဆိုလို့ရှိရင် ပြည်သူလူထုရဲ့ တကယ့်စစ်မှန်တဲ့နိုင်ငံရေးလိုလားချက်တွေနဲ့ ကင်းကွာသထက် ကင်းကွာပြီးတော့ ပြဿနာတွေ ပိုများလာနိုင်ခြေ ရှိနေတယ်လို့ AFP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးက သုံးသပ်ပါတယ်။