ရန်ကုန်ကို Stay at Home အမိန့်ထပ်တိုးဦးမှာလား

NLD ပါတီ ထောက်ခံသူများမှ မဲဆွယ်စည်းရုံးရေး ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Kaung Zaw Hein/MPA

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့မှာ NLD ပါတီအားပေးထောက်ခံသူအများအပြားနဲ့ မဲဆွယ်စည်းရုံးရေး ပြုလုပ်

ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ ခုစလုံးကို နေအိမ်တွင်းမှာပဲနေကြဖို့ Stay At Home အမိန့်ထုတ်ပြန်ထားတာ အောက်တိုဘာ ၂၁ ရက်နေ့မှာ သီတင်းပတ် ၄ ပတ်တာရှိသွားပါပြီ။

ကိုဗစ်ဖြစ်ပွားသေဆုံးမှု အများဆုံးဖြစ်နေတာကြောင့် ရန်ကုန်တိုင်းကို စက်တင်ဘာ ၂၁ ရက်နေ့ကစတင်ပြီး နေအိမ်တွင်းမှာပဲ နေထိုင်ဖို့ အမိန့်ထုတ်ပြန်ကန့်သတ်ခဲ့တာဖြစ်ပြီး သတ်မှတ် လုပ်ငန်းတွေကလွဲပြီး လက်ခစားစနစ်နဲ့လုပ်ကိုင်တဲ့စက်ရုံအလုပ်ရုံတွေကိုပါ ပိတ်ထားဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ကန့်သတ်ထားတဲ့ CMP လက်ခစားစနစ်နဲ့လုပ်ကိုင်တဲ့ စက်ရုံအလုပ်ရုံတွေကို ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ ပြန်လည်လည်ပတ်ဖို့ ဖြေလျှော့ပေးခဲ့ ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ကန့်သတ်ထားတဲ့ စက်ရုံအလုပ်ရုံတွေကို ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ ပြန်လည်လည်ပတ်ဖို့ ဖြေလျှော့ပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Ye Myo Khant / MPA

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ကန့်သတ်ထားတဲ့ စက်ရုံအလုပ်ရုံတွေကို ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ ပြန်လည်လည်ပတ်ဖို့ ဖြေလျှော့ပေးခဲ့

စက်ရုံတွေပြန်လည်ပတ်ခွင့်ပြုဖို့ ကြေညာခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ စက်ရုံအလုပ်ရုံအများဆုံးရှိတဲ့ လှိုင်သာယာမြို့နယ်မှာ ပိုးတွေ့လူနာက ၃၀၀ ကျော်နဲ့ ရန်ကုန်တစ်တိုင်းလုံးမှာ အများဆုံးတွေ့ခဲ့လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေဘက်က ဝေဖန်ပြောဆိုတာတွေလည်းရှိခဲ့ပါတယ်။

ဒီလိုဖြေလျှော့ပေးတာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့

' ' အခု ကိုဗစ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာလည်း နိုင်ငံရဲ့တခြားလည်ပတ်ဖို့လိုတဲ့ ယန္တရားတွေလည်ပတ်နိုင်ဖို့ လည်း ဆက်ပြီးလုပ်နေရပါတယ်။စီးပွားရေးဘက်ကိုလည်း ကြည့်ရပါတယ်။ရေရှည်စီးပွားရေးအမြင်နဲ့လည်း ကြည့်ရပါတယ်။'' လို့ အောက်တိုဘာ ၁၆ ရက်နေ့က ကိုဗစ်နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူများကို တင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ရန်ကုန်ကို ထိန်းချုပ်နိုင်ပြီလား

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၃၈၅၀၂)ဦးနဲ့ သေဆုံးသူက (၉၄၅) ဦးအထိရှိ သွားပြီဖြစ်ပါတယ်။

ဖြစ်ပွားသေဆုံးသူဦးရေအနေနဲ့ တိုင်းနဲ့ပြည်နယ်အားလုံးအနက် ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်နေ့ တစ်ရက်တာပိုးတွေ့လူနာ (၁၁၇၁) ဦးမှာ ရန်ကုန်တိုင်းက (၇၇၃) ဦးရှိနေဆဲ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဒီအနေအထားမှာ ရန်ကုန်ကို ကိုဗစ်ဖြစ်ပွားမှုထိန်းချုပ်နိုင်ပြီလားဆိုတဲ့အခြေအနေပေါ် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ' ' ထိန်းချုပ်နိုင်ပြီလားလို့ပြောရင် ဘယ်သူမှမပြောနိုင်ဘူး။ US ကိုသွားမေးရင်တောင် သူတောင်ရွာလည်သွားမှာ။ အဓိကက အခုက အကျဘက်ကိုတည်နေတယ်။ ပိုးတွေ့နှုန်းနဲ့ကြည့်ရင် လည်း တောက်လျှောက်ကျနေတယ်။ တဘက်ကကြည့်ရင်တော့ case load ကတော့ နဲနဲတင်းခံနေတဲ့အနေ အထားရှိတယ်။ ထောင်တက်နေတဲ့ ကိန်းဂဏန်းတွေရဲ့ ရာဇဝင်ကို လိုက်ကြည့် ရင်တော့ အင်စတီကျူးရှင်းကို အခြေခံတဲ့နေရာတွေမှာတော့ တွေ့ရတယ်။

ဥပမာ- ဘုန်းတော်ကြီးကျောင်းတွေတွေ့ရတယ်။ ဘိုးဘွားရိပ်သာမှာတွေ့ရတယ်။ ဈေးလိုနေရာမျိုး၊ စက်ရုံ၊ အလုပ်ရုံတွေမှာလည်း တွေ့ရတယ်။ ဒီဟာမျိုးတွေကတော့ အထူးသတိထားပြီး ဆက်ပြီးတော့ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ရမှာပေါ့။ ကျန်းမာရေးတစ်ဘက်တည်းကတော့လုပ်လို့မရဘူး။ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ ဒီလိုမျိုးဦးကျိုးကျလာတဲ့အချိန်မှာ ဖိပြီးလုပ်လိုက်ရင် တက်လာတဲ့ဂဏန်းတွေက ကျသွားမှာပေါ့။'' လို့ ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆရာဝန်၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများကို Tests & Care ဧရာဝတီစင်တာတွင် ဦးစားပေး စစ်ဆေးပေးမည်

ဓာတ်ပုံ ရင်းမြစ်, Ko Ye / MPA

ဓာတ်ပုံ ပုံစာ, ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆရာဝန်၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများကို Tests & Care ဧရာဝတီစင်တာတွင် ဦးစားပေး စစ်ဆေးပေးမည်

Stay at home ကန့်သတ်ချက် ပြန်လည်ဖယ်ရှားဖို့ ဘာတွေလိုမလဲ

ကိုဗစ်ဖြစ်ပွားမှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်ကို stay home အမိန့်နဲ့ အသွားအလာကန့်သတ်ပြီး ထိန်းချုပ်တာတွေလုပ်ခဲ့ပြီးတဲ့နောက် ပိုးတွေ့နှုန်း ၁၀ ရာနှုန်းအထက်မှာ ရှိရာကနေ အခုသီတင်းပတ်တွေအတွင်းမှာတော့ ၁၀ ရာခိုင်နှုန်း အောက်ကိုအနည်းငယ်ကျလာခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ သတ်မှတ်ချက်အရ ဖြေလျှော့ပေးမှုတွေပြုလုပ်ဖို့ရာ ပိုးတွေ့ရာခိုင်နှုန်းဟာ ၅ ရာခိုင်နှုန်းနဲ့ ၅ရာခိုင်နှုန်းအောက်မှာ ရှိနေရမှာဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့ရဲ့အနေအထားအရ အသွားအလာကန့်သတ်တာကို ဆက်ပြီးလုပ်သင့်တယ်လို့ အထွေထွေရောဂါကုသမားတော် ဒေါက်တာမြင့်ဦးကလည်းအကြံပြုပြောဆိုပါတယ်။

' ' ပိုးတွေ့တာက မြို့လယ်ခေါင်မှာဖြစ်တာနည်းပြီး အင်းစိန်တို့ မရမ်းကုန်းတို့ အပြင်ဘက်ကို ပြန့်နေတယ်။ ဒါကြောင့်ကျွန်တော့်အမြင်ကတော့ ရန်ကုန်ကို စတေးဟုမ်းဆက်ထားသင့်တယ် လို့ မြင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲကာလလည်းရှိသေးတော့ တစ်လလုံးတိုးလိုက်တာထက် ၁ပတ် ၂ပတ်လောက်ပဲ ယာယီတိုးပြီး ရွေးကောက်ပွဲအတွက် ဖြေလျှော့တာတွေလုပ်မလား တော့မသိဘူး။'' လို့ သူကပြောပါတယ်။

ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေက မြို့ကြီးတွေမှာ လူစုလူဝေးနဲ့ရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေက မြို့ကြီးတွေမှာ လူစုလူဝေးနဲ့ရှိနေဆဲ

အသွားအလာကန့်သတ်တာတွေက ထိရောက်မှုရှိရဲ့လား

လက်ရှိမှာ ရန်ကုန်တိုင်းအပါအဝင် ပဲခူး၊ ဧရာဝတီ၊ မွန်၊ မန္တလေးနဲ့ ကချင်ပြည်နယ်တွေက မြို့နယ်အချို့ ကိုလည်း ရောဂါထိန်းချုပ်ရေးအတွက် stay at home အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်ထားပေမယ့် ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေက မြို့ကြီးတွေမှာ လူစုလူဝေးနဲ့ရှိနေဆဲလည်းဖြစ်ပါတယ်။

အမိန့်ထုတ်ပြန်ထားတဲ့အပေါ် လိုက်နာမှုမရှိတာတွေက ရောဂါပိုးထိန်းချုပ်ရေးအတွက် ထိခိုက်စေတယ်လို့ ကိုဗစ်စတင်ဖြစ်ပွားစဉ်ကတည်းကနေလက်ရှိအချိန်ထိ ကွာရန်တင်းစင်တာမှာ လုပ်အားပေးလုပ်ကိုင်ခဲ့သူ အဆိုတော် ကေမတ်စ်က ဘီဘီစီကိုမှတ်ချက်ပြုပြောဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီဝန်းရံသူတွေ နေပြည်တော်မှာ လှည့်လည် အင်အားပြ

ဓာတ်ပုံ ရင်းမြစ်, အောင်သူရ(ဘီဘီစီမြန်မာပိုင်း)

ဓာတ်ပုံ ပုံစာ, ကြံ့ခိုင်ရေးပါတီဝန်းရံသူတွေ နေပြည်တော်မှာ လှည့်လည် အင်အားပြ

' ' Stay at home ရဲ့ရည်ရွယ်ချက်က ကိုယ်တိုင်ကူးစက်မခံရအောင်နဲ့၊ ကိုယ့်မိသားစုဆီက ရောဂါပိုးကို တခြားမိသားစုတွေဆီ မပြန့်ပွါးစေချင်လို့ပါ။ အစိုးရက ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် စက်ရုံ၊အလုပ်ရုံတွေပြန်ဖွင့််တာတွေ အုပ်စုလိုက်မဲဆွယ်မှုတွေလို အမိန့်လိုက်နာမှု အားနည်းတဲ့အတွက် ထိရောက်မှုအားနည်းတယ်လို့မြင်ပါတယ်'' လို့သူကပြောပါတယ်။

''ကြာရင် ကူတဲ့သူတွေ လက်ပန်းကျလာမှာပါ။ ခုတောင် ဆေးဝန်ထမ်းတွေ၊ volunteer တွေ ထိကုန်ပါပြီ။ အလှူရှင်တွေ၊‌ ဆေးဝန်ထမ်း‌တွေ၊ ပရဟိတသမားတွေ အသေခံလုပ်နေပါစေ။ စည်းကမ်းမဲ့ နေကြအုံးမယ်ဆိုရင် ပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေဦးမှာပါ။ ခုလိုဆက်သွားနေအုံးမယ်ဆိုရင်တော့ covid ကိုနိုင်ဖို့ လမ်းစ ‌ဝေဝါးနေအုံးမှာပဲ'' လို့လည်း သူ့ရဲ့အမြင်ကိုပြောပြပါတယ်။

အောက်တိုဘာ ၁၂ ရက်ကစပြီး စက်ရုံအလုပ်ရုံတွေကို ပြန်လည်ဖြေလျှော့ပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၂ ရက်ကစပြီး စက်ရုံအလုပ်ရုံတွေကို ပြန်လည်ဖြေလျှော့ပေးခဲ့

ရန်ကုန်ကို အသွားအလာကန့်သတ်တင်းကျပ်တာတွေ ရှိနေဆဲဖြစ်ပေမယ့် ရန်ကုန်တိုင်းက လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ်မှာတော့ ကိုဗစ်လက္ခဏာနဲ့ အနံ့ပျောက်သူတွေက အများအပြားရှိနေဆဲပဲလို့ လှိုင်သာယာမြို့နယ်ကိုဗစ်ထိန်းချုပ်ရေးကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇေကိုကိုက ဘီဘီစီကိုပြောပါတယ်။

' ' ဒီမှာဆိုအနံ့ပျောက်တဲ့သူက စင်တာ ၃ခုမှာဆိုရင် လူ လေးရာကျော်အထိရှိသွားပြီ။ အများစုက ပိုးတွေ့တာတွေရှိတယ်။ အနံ့ပျောက်တဲ့သူက လှိုင်သာယာအနေနဲ့ဆို အများကြီးရှိနေ သေးတယ်။ အနံ့ပျောက်လို့ လာတဲ့သူတွေက စင်တာတွေမှာ နေရာအနေအထားအရမဆံ့တဲ့အခါ ကျောင်းအခြေပြု ကွာရန်တင်းစင်တာတွေမှာပဲ အခန်းနဲ့သက်သက်ကန့်ပြီးထားပေးဖု့ိ အကူညီတောင်းရတာတွေလည်းရှိတယ်။''လို့ သူကပြောပါတယ်။

ဒါအပြင် လှိုင်သာယာမြို့နယ်ဟာ စက်ရုံအလုပ်ရုံအများစုတည်ရှိရာနေရာဖြစ်ပြီး စက်ရုံအချို့မှာ ကျန်းမာရေးစည်းကမ်းနဲ့မညီပေမယ့်လည်း ပြန်လည် လည်ပတ်နေတာတွေကိုလည်း တွေ့ရတယ်လို့ ကိုဇေကိုကိုက သူမြင်တွေ့ရတဲ့အခြေအနေကို ပြန်လည်ပြောပြပါတယ်။

' ' တချို့စက်ရုံတွေဆို အဆင့် ၂လောက်ရှိတဲ့ ကာကွယ်ရေးဝတ်စုံတွေကိုဝတ်ပြီး လုပ်တာတွေ့ရတယ်။ ဒါတွေက တခါဝတ်ပြီး လွှင့်ပစ်ရတာမျိုး။ ဒါပေမယ့် အဲဒါတွေကို တပတ်လောက် ပြန်ဝတ်နေကြတာတွေ့ရတယ်။ မနေ့ကဆို အဲဒီလယ်ဗယ်တူး ဝတ်စုံကို လက်မှာပဲ ဒီတိုင်းလုံးထွေးပြီး ပြန်ကိုင်ပြီးလာတာကို တွေ့ရတယ်။''လို့ လည်း ကိုဇေကိုကိုက ပြောပါတယ်။

ကန့်သတ်ချက်တွေရှိနေပေမယ့် စားဝတ်နေရေးအတွက် အပြင်ထွက်ရသူတွေရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ကန့်သတ်ချက်တွေရှိနေပေမယ့် စားဝတ်နေရေးအတွက် အပြင်ထွက်ရသူတွေရှိနေဆဲ

ရန်ကုန်မှာStay at home ကန့်သတ်ချက်ရှိနေဆဲလား

စက်တင်ဘာ ၂၀ ရက်နေ့မှာ ရန်ကုန်ကို stay at home အမိန့်ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်အမှတ် ၁၀၇/၂၀၂၀ အရ စက်တင်ဘာ ၂၁ ရက်နေ့မှစတင်ပြီး အမိန့်အာဏာ တည်စဉ်မှစပြီး နောက်ထပ်အမိန့်ထုတ်ပြန်ပြီး မပယ်ဖျက်သရွေ့ အဆိုပါအမိန့်ဟာ အကျုံးဝင်နေဦးမှာလည်းဖြစ်ပါတယ်။

စက်ရုံအလုပ်ရုံစတဲ့ လုပ်ငန်းအမျိုးအစားတွေကို ကန့်သတ်ထားတာတွေကိုသာ အမိန့်ကြေညာချက်တွေပြန်လည်ထုတ်ပြန်ပြီး ဖြေလျှော့ပေးခဲ့ပေမယ့် stay at home ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ နောက်ထပ် အမိန့်တစ်စုံတစ်ရာထပ်မံထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူး။

' ' ပိတ်ထားတယ်ဆိုပေမယ့် လှိုင်သာယာမှာကတော့ အားလုံးနီးပါးပြန်ဖွင့်နေကြပြီ။ ရပ်ကွက်တွေမှာ ဖွင့်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာလည်း မဲရုံတွေအတွက်နေရာတွေ ထပ်ပြင် နေကြပြီ'' လို့ ကိုဇေကိုကိုကပြောပါတယ်။

ရန်ကုန်မှာ ရပ်ကွက်တွေအလိုက် အသွားအလာစစ်ဆေးတာတွေလည်းလုပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Ye Myo Khant / MPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်မှာ ရပ်ကွက်တွေအလိုက် အသွားအလာစစ်ဆေးတာတွေလည်းလုပ်ခဲ့

ကိုဗစ်ထိန်းချုပ်ရေးကို ဘယ်လိုမူနဲ့သွားနေတာလဲ

' ' ကျွန်တော်တို့ကတော့ ကာကွယ်ဆေးရတဲ့အချိန်အထိ Containment အပေါ်အခြေခံတဲ့မူနဲ့ ထိန်းချုပ်ရင်းနဲ့သွားတာပေါ့။ ကနဦးသဘောတူညီချက်အရတော့ COVEX ဆိုတဲ့ အစီအစဉ် မှာ အသုတ်လိုက်ရမယ်။ လူဦးရေ ၂၀ ရာခိုင်နှုန်း အထိရဖို့ ညှိနှိုင်းထားတယ်။ ဒါကတော့ လှူတဲ့သဘောပေါ့။ ဒီထက်ပိုပြီး အများကြီး ရဖို့ နောက်ထပ် နိုင်ငံတော်အစီအစဉ်နဲ့ဝယ်ယူဖို့ကိစ္စတွေ လည်းအများကြီးရှိပါတယ်။ အဓိကကတော့ ကာကွယ်ဆေးပေါ်ထွက်လာတဲ့ထဲမှာ ကျွန်တော်တို့နိုင်ငံကလည်း ပါပါတယ်။''လို့ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကိုပြောထားပါတယ်။