စစ်တွေမှာ ဆန္ဒပြမှုဖြစ်၊ကျောင်းသားလေးဦးအဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ တက္ကသိုလ်ကျောင်းသားလေးဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဲ့ဒီဆန္ဒပြပွဲဟာ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ် တစ်နာရီခွဲခန့်မှာ စစ်တွေမြို့ဝင်္ကဘာကွင်းက စတင်ထွက်ခွာလာခဲ့ပြီး မြို့ထဲကိုအရောက်မှာ ရဲတပ်ဖွဲ့ရဲ့တားဆီးမှုကိုခံခဲ့ရကာ နေ့လယ် ၂ နာရီအချိန်မှာ ဆန္ဒပြတောင်းဆိုနေကြတဲ့ကျောင်းသားတွေကို ပိတ်ဆို့မှုတွေပြုလုပ်ပြီးတော့ ဦးဆောင်သူလေးဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကျောင်းသားများသမဂ္ဂ-ကျောက်ဖြူပညာရေးကောလိပ်က ကိုမြတ်စိုးဝင်း ၊ ရခိုင်ကျောင်းသားများသမဂ္ဂ တက္ကသိုလ်များရန်ကုန်က ကိုကောင်းထွန်းတို့ဖြစ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဆန္ဒပြတဲ့သူတွေက ပြည်နယ်အစိုးရအလိုမရှိ၊ ပြည်ထောင်စုအစိုးရအလိုမရှိ၊ ဖက်ဆစ်စစ်တပ်ကျဆုံးပါစေ၊ No Bloody Government၊ No Murder Army စတဲ့ အချက်တွေကို ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း စစ်တွေမှာ တက္ကသိုလ်ကျောင်းသားသုံးဦးတို့ဟာ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ စစ်ဆန့်ကျင်ရေးဆန္ဒပြတဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
အခုဖမ်းဆီးခံလိုက်ရတဲ့ လေးဦးထဲမှာပထမအကြိမ်ဆန္ဒပြလို့ တရားစွဲဆိုခံထားရတဲ့ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့နှစ်ဦးပါဝင်နေပါတယ်။
အခုတစ်ကြိမ်ကျောင်းသားတွေဆန္ဒပြရာမှာတော့ သူတို့ကိုထောက်ခံအားပေးကြတဲ့ အရပ်သားတွေရာနဲ့ချီပြီး ပူးပေါင်းပါဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ပြီးခဲ့တဲ့စက်တင်ဘာလ ၉ ရက်နေ့က ကျောင်းသားတွေက ရခိုင်ပြည်နယ်မှာ ကိုဗစ်ကာလအတွင်း ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲတာ ညံ့ဖျင်းမှုတွေနဲ့ ရခိုင်ပြည်သူတွေ ခံစားနေရတဲ့ စစ်ဘေးစစ်ဒဏ်တွေကို အစိုးရအနေနဲ့ ကူညီပေးမှု ညံ့ဖျင်းတဲ့ကိစ္စတွေကြောင့် ဆန္ဒပြခဲ့ရတာ ဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂက ပြောပါတယ်။
ဒါ့အပြင် လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မလုပ်ပေးနိုင်တဲ့အတွက် အစိုးရအပေါ်မှာ ဖိအားပေးတဲ့အနေနဲ့ ပြုလုပ်ရတာဖြစ်တယ်လို့ လည်း ဆိုပါတယ်။
ရခိုင်ပြယ်နယ် စစ်တွေမြို့ အစိုးရအဖွဲ့ရုံးရှေ့မှာ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းက စစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသုံးဦးကို စက်တင်ဘာ ၁၀ ရက် စစ်တွေမြို့နယ်တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ အပါအဝင် ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။
အဲဒီနောက် ကျောင်းသားသုံးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့် တာကိုပယ်ဖျက်ခဲ့ပြီး ငြိမ်းစုစီ ပုဒ်မနဲ့တရားရင်ဆိုင် နေတုန်းမှာ သူတို့ထဲက နှစ်ဦး ကအောက်တိုဘာ ၁၉ ရက်နေ့ ဆန္ဒပြပွဲမှာ ထပ်မံ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။








