စစ်တွေက ဆန္ဒပြကျောင်းသားတွေ ပြန်လွှတ်ဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Morn Hteet/MPA
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ စက်တင်ဘာလ ၉ ရက်နေ့က စစ်ဆန့်ကျင်ရေးတောင်းဆိုခဲ့တဲ့ ကျောင်းသားတွေ ဖမ်းဆီး တရားစွဲဆိုခံနေရတာနဲ့ ပတ်သက်လို့ တက္ကသိုလ်ကျောင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် RYNG-N က စက်တင်ဘာ ၁၆ ရက် နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီ ဆန္ဒပြ တောင်းဆိုမှုကြောင့် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့ကို စစ်တွေမြို့အမှတ် ၁ ရဲစန်းကဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၂၉ တို့နဲ့ အရေးယူ ခံထားရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ စစ်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက် သေဆုံးနေရတာတွေကိုရပ်တန့်ဖို့ တောင်းဆိုခဲ့တဲ့ ရခိုင်ပြည်နယ်က ကျောင်းသားတွေအပါအဝင် မန္တလေး၊ ရန်ကုန်၊ ကယား စတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ကျောင်းသား တွေနဲ့အတူ ရပ်တည်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့ က ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ရခိုင် လူငယ်မျိုးဆက်သစ် ကွန်ရက်က ကိုသန်းလှက ပြောပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရခိုင်က ကျောင်းသားသုံးဦးကို ငြိမ်းစုစီ ပုဒ်မတွေနဲ့ စွဲဆိုခြင်းမရှိဘဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုတာဟာ သဘာဝမကျတဲ့ လုပ်ရပ်ဖြစ်ပြီး အဲ့ဒီဆန္ဒပြမှုကြောင့် လူစုလူဝေးဖြစ်ပွားခဲ့တာလဲမရှိဘူးလို့ ကိုသန်းလှက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
"သူတို့ရဲ့ လွတ်လပ်စွာဆန္ဒပြတာကို အစိုးရကနေပြီးတော့ ဖမ်းဆီးသွားတယ်။ ဖမ်းဆီးသွားပြီးတော့ သူတို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ တရားစွဲတယ်ပေါ့။ ဒါဟာ သူတို့ တရားစွဲဆိုတာ ထိထိရောက်ရောက်လုပ်တာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ပြီးတော့ လုပ်ဆောင်တာလို့မြင်တယ်။ နောက်တစ်ခုက အဲ့ဒီကျောင်းသားတွေ အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေကလဲ ဆန္ဒထုတ်ဖော်တာပေါ့လေ။ မန္တလေး၊ ရန်ကုန်တို့ ကယားတို့ တခြား ဒေသက ကျောင်းသားသမဂ္ဂတွေကလဲ လုပ်တယ်။ အစိုးရက ဖမ်းဆီးထားတာတွေရှိတယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ သူတို့နဲ့အတူတူရပ်တည်တယ်။ ငါတို့ သူတို့နဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ထုတ်ပြန်တာဖြစ်ပါတယ်။"လို့ ရခိုင်လူငယ်မျိုး ဆက်သစ်ကွန်ရက်က ကိုသန်းလှက ပြောပါတယ်။
ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ခေါင်းဆောင်သုံးဦးတို့ဟာ 4G Internet ပြန်ဖွင့်ပေးရေး၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ပြည်နယ်အစိုးရအားအလိုမရှိ စတဲ့ဆိုင်း ဘုတ်တွေကိုင်ဆောင်ပြီး စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ တောင်းဆိုခဲ့ကြတာဖြစ် ပါတယ်။
လက်ရှိမှာ ရန်ကုန်အပါအဝင် တချို့နေရာတွေက ကျောင်းသားတွေကို ပြန်လည်လွှတ်ပေးခဲ့ပြီး စစ်တွေက ကျောင်းသားသုံးဦး ကိုတော့ ပြန်လည်လွှတ်ပေးခြင်းမရှိသလို စကါတင်ဘာလ ၁၆ ရက်နေ့အထိ လူတွေနဲ့တွေ့ဆုံခွင့်မရဘဲ စစ်တွေအကျဉ်းထောင်ထဲမှာ ချုပ်နှောင် ထားတာဖြစ်ပါတယ်။
လက်ရှိမှာ ကိုဗစ်ကာလဖြစ်တဲ့အတွက် ရောဂါပိုးကူးစက်မှုတားဆီးကာကွယ်တဲ့အနေနဲ့ အကျဉ်းထောင်ထဲကို သွားရောက် တွေ့ဆုံခွင့်မပေးတာဖြစ်တယ်လို့ သိရကြောင်း ရခိုင်ပြည်နယ်တက္ကသိုလ်များသမဂ္ဂများသမဂ္ဂက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားသုံးဦးတို့ဟာ ငြိမ်းစုစီ ဥပဒေတွေနဲ့ ငြိစွန်းနိုင်ပေမဲ့ လက်ရှိမှာတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့် အရေးယူထားတာဟာ ဥပဒေကို လက်တစ်လုံးခြားလုပ်တာ ဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက ပြောပါတယ်။
"ဖြစ်နိုင်တာက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ငြိနိုင်တယ်။ ပြီးလို့ရှိရင် ကူးစက်ရောဂါတိုက်ဖျက်ရေးဥပဒေနဲ့ ငြိနိုင်တယ်ပေါ့နော်၊ အဲ့ဒီဥပဒေနှစ်ခုက အာမခံပေးလို့ရတယ်။ ဒါပေမဲ့ သဘာဝဘေးအန္တရာယ်နဲ့ စွဲလိုက်တဲ့အတွက် အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်နေတယ်။ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် ဥပဒေကို လက်တစ်လုံးခြား အသုံးပြုလုပ်တယ်။ ဥပဒေသည် ဘယ်သူ့လက်ထဲမှာရှိတယ်ဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်သွားနိုင်ပါတယ်။"လို့ ကိုဘုန်းပြည့်ဖြိုးက ပြောပါတယ်။
ဖမ်းဆီးခံကျောင်းသားသုံးဦး တရားစွဲဆိုခံနေရတာနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ တရားရင်ဆိုင်နိုင်ရေးအတွက် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆောင်ရွက် လျက်ရှိနေပြီး တခြားသော လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်သွားဖို့ရှိတယ်လို့ သူကပြောပါတယ်။







