ကိုဗစ်ကပ်ကြား မဲပေးဖို့ ရွေးကောက်ပွဲက အသင့်ဖြစ်ပြီလား၊ ဒုတိယနှစ်ပတ်လော့ခ်ဒေါင်းအတွက် အစိုးရ ကြိုတင်ပြင်ဆင်ခဲ့လား အပါအဝင် တစ်ပတ်အတွင်း ပြည်တွင်းသတင်းကောက်နုတ်ချက်

ဓာတ်ပုံ ရင်းမြစ်, MPA
ဒီတစ်ပတ်အရေးကြီးသတင်းတွေထဲက တစ်ခုကတော့ ကိုဗစ်ကပ်ကြား ကျင်းပရမယ့် ရွေးကောက်ပွဲအတွက် ခပ်ခွာခွာ မဲပေးဖို့ အစမ်းလေ့ကျင့်သရုပ်ပြတဲ့အချိန်မှာ လူ ၅၀လောက်ကို နေ့တဝက်လောက် အချိန်ယူခဲ့ရတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ကလည်း တစ်လတောင်မလိုတော့ဘူး၊ မဲပေးသူတွေ အဆင်ပြေပြေ မဲလာပေးနိုင်ဖို့ ရွေးကောက်ပွဲက အသင့်ဖြစ်ပြီလားလို့ မေးခွန်းတွေ ရှိလာပါတယ်။
တစ်ခါ ကိုဗစ်ကူးစက်မှုဗဟိုချက် ရန်ကုန်မှာ နှစ်ပတ်ကြာ အပြင်မထွက်ရအမိန့်ကို ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။ ဒုတိယနှစ်ပတ်သက်တမ်းမှာလည်း ထောက်ပံ့မယ့် အစီအစဉ်တွေက ချက်ချင်း လိုက်လာတာ မတွေ့ရသေးပါဘူး။ ဒီအချိန်မှာ စားဝတ်နေရေး မပြေလည်လို့ အခြေခံလူတန်းစားတွေအကြား အဆုံးစီရင်မှုလည်း ရှိလာနေပါတယ်။
ဒါကြောင့် သက်တမ်းထပ်တိုးတဲ့ ဒုတိယနှစ်ပတ်အတွက် အစိုးရ ကြိုတင်စဉ်းစားပြင်ဆင်ထားခဲ့ပါရဲ့လားဆိုတဲ့ စဉ်းစားချက်တွေလည်း လူထုကြား ရှိနေပါတယ်။
ခပ်ခွာခွာမဲပေးရေး အချိန်မီ အသင့်ဖြစ်နိုင်မလား
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့က ရက် ၂၀ ကျော်ပဲ လိုပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကိုဗစ်ကပ်ရောဂါအမြင့်ဆုံးကူးစက်မှုကာလကို မြန်မာကရင်ဆိုင်ဖြတ်သန်းနေဆဲပါ။
နေ့စဉ် ကိုဗစ်လူနာ တစ်ထောင်ကျော်တွေ့ရှိဆဲဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးမှုတွေကိုလည်း မရပ်တန့် နိုင်သေးသလို ကူးစက်မှုဗဟိုချက်ဖြစ်တဲ့ ရန်ကုန်ကိုလည်း ထိန်းချုပ်ဖို့ ခက်ခက် ခဲခဲကြိုးပမ်းနေရချိန်ပါ။
ခုလိုအချိန်မှာ ရွေးကောက်ပွဲကို ကိုဗစ်ရောဂါ မပြန့်ပွားရေး စည်းကမ်းချက်တွေအောက် အန္တရာယ်ကင်းကင်း ကျင်းပနိုင်မလားလို့ စိုးရိမ်သံသယတချို့ ရှိသလို တစ်ဖက်မှာလည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ တောင်းဆိုမှုတွေ တောက်လျှောက်ရှိနေပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲကို ပုံမှန်အတိုင်း ကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်မှုတွေ ခပ်သွက်သွက် လုပ်လာနေပါပြီ။
အွန်လိုင်းကနေ မဲစာရင်းစစ်ဖို့နှိုးဆော်တာ၊ ဒုတိယအကြိမ်မဲစာရင်းတွေကို ပုံမှန်ထက်စောကပ်တာ၊ မဲဆန္ဒ နယ်ပြင်ပရောက် မဲပေးလိုသူတွေ သတ်မှတ်ပုံစံနဲ့လျှောက်ထားမဲပေးကြဖို့၊ ကိုဗစ်ကာလ ခပ်ခွာခွာ ဘယ်လို မဲပေးမလဲ ဆိုတဲ့ မဲဆန္ဒရှင်လမ်းညွှန်တွေ ထုတ်ပြန်တာလို လုပ်ငန်းစဉ်တွေကို အောက်တိုဘာ ၁ ရက်ကစလို့ ကော်မရှင်က ဆောင်ရွက်လာနေပါတယ်။
ကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်လမ်းညွှန်အရ ရွေးကောက်ပွဲနေ့မှာ မဲပေးမယ့်သူတွေဟာ မဲရုံအတွင်းရောက်ပြီဆိုတာနဲ့ အရင်လို တန်းပြီး မဲပေးလို့မရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MPA
မဲရုံမှာ ကိုယ်အပူချိန်တိုင်း၊ လက်ဆေး၊ မှတ်ပုံတင်ပြ၊ မဲဝင်ပေး၊ မဲပေးပြီးကြောင်း လက်သန်းမင်တို့၊ ပြီးရင် လက်ကို နောက်တစ်ကြိမ် ထပ်ဆေး ဒီလို အဆင့်တွေ အများကြီး လုပ်ရဖို့ ရှိပါတယ်၊
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရုံမှာ မဲပေးမယ့်သူတွေ ခပ်ကြာကြာမစောင့်ရအောင်၊ လူစုလူဝေးလည်း မဖြစ်အောင် အထူးစီစဉ်ချက်လေးတွေ ဆောင်ရွက်ဖို့ အကြံပြုပါတယ်။
တောင်ကိုရီးယားမှာ ရွေးကောက်ပွဲကျင်းပတဲ့ဥပမာအရ ကြိုတင်မဲတွေကို ကောက်ယူခဲ့တာ ရှိပြီး ဒီလိုဆောင်ရွက်တာကြောင့် ရွေးကောက်ပွဲနေ့မှာ မဲပေးနှုန်းကျဆင်းမယ့်အရေးကို ခံသာနိုင်မယ်လို့ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး အားပေးဆောင်ရွက်တဲ့ The Fifth Pillar အဖွဲ့က ပရိုဂရမ် မန်နေဂျာ ကိုနေဝင်းနိုင်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာမှာတော့ ကြိုတင်မဲပေးခွင့်ရှိသူတွေဟာ ခရီးသွားမယ့်သူ၊ မဲရုံတာဝန်ထမ်းဆောင်သူ၊ သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူ၊ ဆေးရုံတက်နေသူနဲ့ အချုပ်ကျနေသူတွေပဲ လို့ ဥပဒေအရ ဖော်ပြထားပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲနေ့မှာ ဗိုင်းရပ်စ်ကူးစက်မှုကိုစိုးရိမ်လို့ မဲရုံသွားမဲမပေးရဲသူတွေအတွက် ကြိုတင်မဲပေးချင်ပေမယ့် ဥပဒေသတ်မှတ်ချက်ထဲ အကျုံးမဝင်သူတွေက ကြိုတင်မဲပေးလို့မရတဲ့အနေအထားဖြစ်နေတယ်လို့ ကိုနေဝင်းနိုင်က ပြောပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ အောက်တိုဘာ ၉ ရက်က တိုင်းပြည်ကိုပြောကြားတဲ့ ကိုဗစ်အရေးမိန့်ခွန်းမှာ stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက အသက် ၆၀ ကျော် မဲပေးခွင့်ရှိသူတွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်မယ်လို့ ပြောကြားထားပါတယ်။
ရွေးကောက်ပွဲနေ့မှာ မဲရုံပရဝုဏ်အတွင်း ရောက်နေသူအားလုံး မဲပေးရေးဆောင်ရွက်တဲ့အခါမှာ မဲရုံပိတ်ချိန်ထိ မဲမပေးရသေးသူအများအပြား ကျန်နေသေးရင် ဒီလူတွေအတွက် ထမင်းထုပ်၊ ရေ စတာတွေ ဝေခြမ်းတာမျိုးလို အပိုဆောင်းအစီမံတွေကိုလည်း ကော်မရှင်ဘက်က ထည့်တွက်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။
"ဒါပေမဲ့ ရွေးကောက်ပွဲကို နောက်တစ်ရက်ကို ရွှေ့သွားတယ်ဆိုတဲ့ကိစ္စကိုတော့ ကျွန်တော် သိပ်ပြီးတော့အားမပေးလိုဘူး။ အဲဒီလိုမျိုးလည်း ဖြစ်မယ်လို့လည်း ကျွန်တော်မထင်ပါဘူး" လို့ သူက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ငါးသောင်းခန့် ရှိမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဘီဘီစီကို ပြောပါတယ်။
မဲပေးခွင့်ရှိသူ ၅၈ သိန်း ရှိတဲ့ ကိုဗစ်ဗဟိုချက်မ ရန်ကုန်မှာ မဲရုံလုပ်နေကျ စာသင်ကျောင်းလို ကျယ်ဝန်းတဲ့ နေရာခင်းကျင်းတွေကလည်း ကိုဗစ် ကုသရေးနဲ့ ကွာရန်တင်းစင်တာတွေဖြစ်ကုန်လို့ ယာယီမဲရုံတွေ ထပ်ချဲ့ဖို့နေရာရှာတာတွေ လုပ်နေပြီး အချိန်မီ ပြီးစီးဆောင်ရွက်နိုင်မယ်လို့ ဦးခင်မောင်ဦးက ယုံကြည်နေပါတယ်။
မဲဆန္ဒရှင် တစ်ထောင်ကျော်တဲ့မဲရုံတွေကိုတော့ အဆိုင်းနှစ်ဆိုင်းခွဲပြီး တစ်ချိန်တည်းမှာ မဲပေးစေဖို့ စီစဉ်ထားပါတယ်။
ဒီတော့ အရင်ထက် လူအင်အား ပိုသုံးရမယ့်အခြေအနေမှာ မဲရုံဝန်ထမ်းအင်အားဖြည့်တင်းမှုနဲ့ လေ့ကျင့်မှုအပိုင်းကို အချိန်မီ ဖြည့်တင်းဆောင်ရွက်နိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာနေပါတယ်။
လေ့လာစောင့်ကြည့်သူတွေထောက်ပြသလို မဲရုံမပိတ်ခင် စာရင်းရှိ လူကုန် မဲပေးနိုင်ရေးနဲ့ ဘေးကင်း လုံခြုံမှုရှိရေး ကော်မရှင်ရဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းကို ကျေနပ်ရလောက်အောင်ထိ ပြည့်ပြည့်စုံစုံသိရှိနိုင်ခြင်း မရှိဘူးလို့လည်း ထောက်ပြသူတွေရှိလာနေပါတယ်။
ဒီရက်ပိုင်းကော်မရှင်က မဲဆန္ဒရှင်လမ်းညွှန်ချက် အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အသိပေးချက်တွေကို အွန်လိုင်းနဲ့ နိုင်ငံပိုင်ရုပ်သံတွေကနေ ကြေညာနေပေမယ့် လူထုကြား ထင်သလောက် ပျံ့နှံ့မှု မရှိသလို အွန်လိုင်းမဲစာရင်းတွေမှာလည်း အလွဲအမှားတွေ ရှိနေတယ်လို့ ဝေဖန်တာတွေလည်း ကြုံနေရပါတယ်။
ခပ်ခွာခွာမဲပေးရေး Social Distancing အရ မဲရုံတွေကို ဘောလုံးကွင်းလို ကွင်းပြင်ကျယ်လို နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့နေရာမှာ ရွှေ့ပြီး ပြုလုပ်ဖို့ ၊ သတ်မှတ်ချိန်အတွင်း စာရင်းရှိလူကုန်မဲပေးနိုင်ရေးအဆိုင်းတွေခွဲပြီး မဲပေးခွင့်ပြုဖို့စီစဉ်ထားတယ်လို့ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ဘီဘီစီကို ပြောပါတယ်။
"မဲရုံမှာ တစ်ချိန်တည်းမှာ ဟိုဘက်ဒီဘက် ခွဲပြီး ပေးနေမှာ။ ဝန်ထမ်းတော့ ထပ်မလိုတော့ဘူး။
နေရာကျယ်တဲ့မဲရုံရှာဖို့ကတော့ ဒီမှာကလည်း ကိုဗစ်နဲ့ ဘာနဲ့ အများကြီးအမျိုးစုံဖြစ်နေတော့လေ။ ရှိတော့ရှိမှာပါ။ အကယ်လို့ မရှိရင်တော့ နဂိုတည်းက စဉ်းစားထားပါတယ်။ ယာယီတဲတွေထိုးဖို့ပေါ့။ အဲဒီအတွက် လိုအပ်တာတွေလည်း တောင်းထားပါတယ်။
အရင်ကတော့ မဲရုံက ၂၅၉၅ ရုံရှိပါတယ်။ နေရာကျယ်ဝန်းဖို့တော့ လိုတာပေါ့လေ။ မဲရုံ ပရဝုဏ်သတ်မှတ်ဖို့တွေလည်းလိုလာတာပေါ့။
မဲပေးခွင့်ရှိသူတွေအကုန်လုံး မဲပေးခွင့်ရအောင်တော့ ကြိုးစားပါမယ်။ မဲရုံပရဝုဏ်ရှိတယ်။အဲဒီထဲရောက်နေပြီးဆိုရင် သူတို့ကိုဝင်ခိုင်းထားမယ်။
တစ်ဦးကို မဲပေးချိန် ဘယ်လောက်ရှိမယ်ဆိုတာတွက်ချက်ပြီး သူတို့အားလုံးကိုတော့မဲရုံပရဝုဏ်ထဲထည့်ထားရမှာပေါ့။အဲဒီလိုဆိုရင် ညနေ လေးနာရီကျော်လည်း မဲပေးလို့ရမယ်" လို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ရက်၂၀ ကျော်သာလိုတော့တာမို့ လိုအပ်တဲ့မဲရုံဝန်ထမ်းအင်အားနဲ့ မဲရုံတာဝန်တွေ ထမ်းဆောင်ဖို့ သင်တန်းပေးခြင်းတွေကို လာမယ့်သီတင်းပတ်မှာ လုပ်သွားဖို့ရှိပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲတော့ ရှိတယ်လို့ ဒေါ်တင်လှိုင်က ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်မီ လုပ်ငန်းစဉ်တွေအားလုံး ပြီးစီးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောထားပေမယ့် မဲရုံမပိတ်ခင် စာရင်းရှိလူကုန် မဲပေးနိုင်ရေးနဲ့ ဘေးကင်း လုံခြုံရေး ကြိုတင်ပြင်ဆင်မှုအပိုင်းကို ကော်မရှင်က လူထုကို ချပြရှင်းပြတာမျိုး ခုထိတော့ မတွေ့ရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။
ထပ်တိုးတဲ့ ဒုတိယနှစ်ပတ်လော့ခ်ဒေါင်းအတွက် အစိုးရ ကြိုတင်ပြင်ဆင်ခဲ့သလား
ကိုဗစ်ဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မှာ အလုပ်တွေ၊ စက်ရုံတွေ ပိတ်ထားဖို့အပါအဝင် တင်းကျပ်တဲ့ လော့ဒေါင်းကာလကို နှစ်ပတ် ထပ်မံ သက်တမ်းတိုးခဲ့တာကြောင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေးကျပ်တည်းမှုအ ခက်အခဲဆုံးအခြေအနေကို ကြုံနေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win
အလုပ်အကိုင်တွေ ဆုံးရှုံးကုန်တာ၊ လုပ်ခလစာတွေမရရှိတာ လူနေမှုစရိတ်မြင့်မားတဲ့စီးပွားရေးမြို့တော်မှာ ရက်ရှည်ဝင်ငွေမရှိဘဲ ရပ်တည်ဖို့ ခက်ခဲတာ စတာတွေကြောင့် မိမိကိုယ်ကိုအဆုံးစီရင်တာမျိုး အခြေခံ လူတန်းစား မိသားစုတွေမှာ ရှိလာခဲ့ပါတယ်။
ပထမနှစ်ပတ် ပိတ်တဲ့ကာလကတည်းက ရန်ကုန်က လူခုနစ်သန်းကျော်အတွက် စားနပ်ရိက္ခာတွေ ပြင်ဆင်ထားဖို့ ပြည်ထောင်စုအစိုးရက စာထုတ်ညွှန်ကြားခဲ့ပေမယ့် ဒုတိယနှစ်ပတ်ပိတ်ကာလရောက်တဲ့အထိ ဒီထောက်ပံ့မှုတွေ ရောက်မလာခဲ့ပါဘူး။
အခုတော့ ကိုဗစ်ရောဂါဖြစ်ပွားမှု များနေတဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးက မြို့နယ်တွေမှာ နေထိုင်တဲ့ အခြေခံလူတန်းစားတွေအတွက် လူတစ်ဦးကို တစ်နေ့တထောင်ကျန်နှုန်းနဲ့၁၄ ရက်စာ ငွေကြေးထောက်ပံ့ပေးဖို ပြင်နေပြီလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်က ပြောပါတယ်။
ပထမအကြိမ် stay at home တုန်းက ရန်ကုန်တိုင်းက အခြေခံလူတန်းစား အိမ်ထောင်စု ခြောက်သိန်းခန့်အတွက် ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲ စတဲ့ ရိက္ခာတွေကို ထုပ်ပိုးရတာမှာ လူအင်အားသုံးရတာ အပါအဝင် တခြား အခက်အခဲတွေ များစွာ ရှိခဲ့တယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။
ဒါကြောင့် အခု ဒုတိယအကြိမ် stay at home မှာ ရန်ကုန်က လူဦးရေ ခုနစ်သန်း၊ အိမ်ထောင်စုပေါင်း ၁ ဒသမ ၅ သန်းကျော်အတွက် ရိက္ခာတွေထုပ်ပိုးရမှာ၊ အိမ်အရောက်ပို့ဆောင်ရေးတွေမှာ အင်မတန် ခက်ခဲတယ်လို့ ဦးသန်းမြင့်က ဆိုပါတယ်။
"ဒါကြောင့် ကျွန်တော်တို့က ရိက္ခာကို ရန်ကုန်တိုင်းအတွက် လက်လီဆိုင်တွေက တစ်ဆင့် သက်သာတဲ့ဈေးနှုန်းနဲ့ ဖြန့်မယ်။ တစ်ဖက်ကလည်း အိမ်ထောင်စုတွေကို လူတစ်ဦးကို ဘယ်လောက် နှုန်း ဆိုပြီး တွက်ချက်ပြီးတော့ ငွေကြေးထောက်ပံ့ဖို့ တင်ပြထားတယ်။
ကျွန်တော်တို့ကတော့ စိတ်မကောင်းစရာ အခုလိုအိမ်ထောင်စုအောက်ခြေမှာ ထိခိုက်နစ်နာမှုတွေကြားသိနေရတာ စိတ်မကောင်းပါဘူး။ အားနည်းချက်ဆိုတာတော့ ဒီအပိုင်းမှာ ရှိသွားတာပေါ့လေ" လို့ ဝန်ကြီး ဦးသန်းမြင့်က ပြောပါတယ်။
အစိုးရအနေနဲ့ ရန်ကုန်မြို့ကို ပထမတစ်ကြိမ် ကန့်သတ်မိန့်ထုတ်တဲ့ အတွေ့အကြုံ ရှိထားပြီး ကြားမှာ လအနည်းငယ် အချိန်ရခဲ့ပေမယ့် ဒုတိယလှိုင်းနဲ့ကြုံရချိန် ရန်ကုန်အတွက် ကြိုတင်စီစဉ်ဆောင်ရွက်မှုအားနည်းခဲ့တယ်လို့ ပြည်သူ့မူဝါဒရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ISP Myanmar ရဲ့ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အခုအချိန်မှာ ကူးစက်မှုကလည်း မကျသလို လူတွေ ထမင်းငတ်နေတဲ့အရေးကို ပိုဂရုစိုက်သင့်တယ်လို့ ဦးအာင်သူငြိမ်းက ပြောပါတယ်။
"တချို့နိုင်ငံတွေမှာ ဒါတွေကို တုံ့ပြန်တဲ့ပုံတွေ ရှိပါတယ်။ နံပါတ်တစ်က ငွေသား ထုတ်ပေးလိုက်တာပေါ့။
ထိုင်းမှာဆို သူတို့က မြန်တယ်။ သူတို့မှတ်ပုံတင်ကတ်ပြားမှာကိုက Chip ပါတယ်။ သူတို့ဒေတာစနစ်က ကောင်းတာလည်း ပါတာပေါ့။ ကျွန်တော်တို့ဆီမှာတော့ အဲဒါမျိုးက ခက်နိုင်တယ်။ နောက်တစ်ခုက ကူပွန်ပေးတဲ့စနစ်လည်း ရှိပါတယ်။ ဒီကူပွန်နဲ့ဝယ် အစိုးရက နောက်တစ်ချိန်မှာ ပြန်အမ်းပေးပေါ့။
နည်းနည်းလေး ပိုမြန်တာကတာ့ အီလက်ထရောနစ် cash ခေါ်တာပေါ့ဗျာ။ တယ်လီဖုန်း ငွေဖြည့်ကတ်ပြားတောင် လုပ်လို့ရတာပဲ။ အဲဒါမျိုးဆိုရင် ဒီကတ်ပြားနဲ့ ဒါကို မြန်မြန်ပြည်သူတွေကို ဝေပေးလို့ ရတယ်။
ဝေပေးပြီးရင် ဒါနဲ့ပဲ cash ကို တစ်နေရာမှာရှင်းပေါ့ဗျာ။ အဲဒီတော့ ရန်ကုန်မှာကျတော့ ဆင်းရဲတဲ့သူတွေအတွက် ရှင်သန်ရပ်တည်ရေးက သိပ်ခက်တော့ သိပ်ကျပ်တည်းလွန်းတဲ့ကာလမှာ အစိုးရထောက်ပံ့ပေးတဲ့ အနေအထားမျိုးပဲ ပိုသွားနိုင်မယ် ထင်တယ်။ အဲဒီလို အနေအထားမှာ ငွေသားကို ထောက်ပံ့တာက ပိုလွယ်တယ်။ ပိုမြန်တယ်။ ကျန်တဲ့ဈေးကွက်စီးဆင်းမှုပါ ပိုပြီး လည်ပတ်ဖို့ ပိုမြန်တဲ့အနေအထားလို့ ကျွန်တော်ထင်တယ် " လို့ ဦးအောင်သူငြိမ်းက အကြံပြုပါတယ်။
ဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့သေဆုံးမှုအများဆုံးရန်ကုန်ကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့နဲ့ ကပ်ကပေးတဲ့ဖိစီးနှိပ်စက်မှုဒဏ်ကို ရန်ကုန်ပြည်သူတွေ အကောင်းဆုံးကျော်လွှားဖို့ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေ ပါဝင်တဲ့ မူဝါဒတွေကို ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်သင့်တယ်လို့ အကြံပြုချက်တွေ ရှိလာနေပါတယ်။








