ကိုဗစ်- အခြေခံလူတန်းစားတွေကို စားသောက်ကုန်အစား ငွေကြေးထောက်ပံ့မယ်

ရန်ကုန်က ကျူးကျော်နေထိုင်သူတွေဟာ ကိုဗစ်ဒုတိယ အကျော့မှာ အလှူရှင်တွေကို အားထားနေထိုင်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်က ထားဝယ်ချောင် အမှိုက်ပုံအနီး ကျူးကျော်နေထိုင်သူတွေဟာ ကိုဗစ်ဒုတိယ အကျော့မှာ အလှူရှင်တွေကို အားထားနေရတယ်လို့ဆို

ကိုဗစ်ကန့်သတ်မှုတွေရှိနေတာကြောင့် ရန်ကုန်တိုင်းမှာ နေထိုင်သူတွေကို စားသောက်ကုန် ခွဲတမ်းကျ ပေးနိုင်ရေး အစီအစဥ်အရ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို မကြာခင်မှာ ငွေကြေးဖြန့်ဝေပေးနိုင်မယ်လို့ စီးပွားကူးသန်း ဝန်ကြီးက ပြောပါတယ်။

အဲဒီအစီအစဥ်မှာ ရန်ကုန်တိုင်းအပြင် ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေတဲ့ မန္တလေး၊ ဧရာဝတီ၊ ပဲခူး စတဲ့ တိုင်းဒေသကြီးတွေက မြို့နယ်တွေက အခြေခံ လူတန်းစားတွေအတွက် အခြေခံစားနပ်ရိက္ခာအစား ငွေကြေး ထောက်ပံ့ဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုတွေ မြင့်မားနေလို့ လူတွေ အိမ်မှာပဲ နေကြဖို့ ကန့်သတ်ထားတဲ့နေရာတွေမှာ နေထိုင်သူတွေကို အခြေခံစားသောက်ကုန်တွေကို ခွဲတမ်းကျ ပေးနိုင်ရေး လိုအပ်တာတွေ စီမံဆောင်ရွက်ထားဖို့ ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုက စက်တင်ဘာလ ၂၀ ရက်နေ့ကစပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို ညွှန်ကြားထားခဲ့တဲ့ အစီအစဥ်အရ အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။

အဲဒီအစီအစဥ်အရ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးမှာ Home stay တင်းတင်းကြပ်ကြပ် သတ်မှတ်ထားတဲ့ မြို့နယ် ၇၂ ခုက အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို တစ်နပ်စာကို လူတစ်ယောက် ကျပ် ၅၀၀ နှုန်းနဲ့ ပေးဖို့တွက်ချက်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောပါတယ်။

ဒါကြောင့် လောလောဆယ်မှာ အခြေခံလူတန်းစားတွေအတွက် လူတစ်ဦးကို တစ်နေ့ တစ်ထောင် ကျပ်နှုန်းနဲ့ ၁၄ ရက် စာကို ငွေကြေးထောက်ပံ့ပေးဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ အနေနဲ့ အခြေခံ စားသောက်ကုန် ဖြန့်ဖြူးပေးဖို့ မူလက စီစဉ်ထားပေးမဲ့ အိမ်တိုင်ရာရောက် ဖြန့်ဖြူးပေးနိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ငွေကြေးထောက်ပံ့ပေးဖို့ ပြောင်းလဲစီစဉ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အစိုးရဘက်က အခြေခံစားသောက်ကုန် မပြတ်လပ်ဖို့အတွက်ဆန်နဲ့ဆီကို ဝယ်ယူထားပြီဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

လှိုင်သာယာ

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

အစိုးရက စီးပွားကူးသန်း ဝန်ကြီးဌာနကို ဆန် တန် ငါးသောင်းနဲ့ ဆီ တန် တစ်သောင်းနှစ်ထောင် အရန် ဝယ်ယူဖို့ တာဝန်ပေးထားပြီး အဲဒါကို ဝယ်ယူထားပြီး ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ သန်းမြင့်က ဆိုပါတယ်။

အဲဒီ ရိက္ခာတွေကို လိုအပ်သလို တိုင်းနဲ့ပြည်နယ်တွေကို အချိုးကျ ဖြန့်ဝေပေးနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို ဝယ်ယူထားတဲ့ အခြေခံစားသောက်ကုန်တွေကို ရပ်ကွက်၊ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကို သင့်လျော်တဲ့ဈေးနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ထောက်ပံ့ကြေးရရှိတဲ့ အိမ်ထောင်စုတွေ အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်တွေမှာ ဖွင့်ထားတဲ့ဆိုင်တွေမှာ ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ကိုဗစ်ကူးစက်မှုကြောင့် အိမ်မှာနေဖို့ ကန့်သတ်ထားတဲ့ ၁၄ ရက် ကျော်လာပြီဖြစ်လို့ အခြေခံလူတန်းစားတွေ စားဝတ်နေရေး ခက်ခဲလာနေပြီလို့ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။

ကိုဗစ် ဒုတိယ အကျော့ အတွင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ငွေကြေးအခက်အခဲကြောင့် ဒဂုံဆိပ်ကမ်း မြို့နယ်မှာ အမျိုသား တစ်ဦး သတ်သေခဲ့ပြီး ဒီတစ်ကြိမ်မှာ ပထမအကြိမ်ကူးစက်မှုတွေ တွေ့ရစဥ်ကထက် အကူအညီလိုအပ်သူတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့က ပရဟိတ အဖွဲ့တစ်ခုက ပြောပါတယ်။

အိမ်မှာပဲနေဖို့ Stay home ကာလကို မူလက အောက်တိုဘာ ၇ ရက်နေ့ထိ သတ်မှတ်ထားရာက ကပ်ရောဂါဖြစ်ပွားမှုအခြေအနေရ အောက်တိုဘာ ၂၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားပါတယ်။