ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျော့ဖလွို က်-ကိုဗစ်ကူးစက်ထားပေမယ့် ရဲလက်ချက်ကြောင့် အောက်ဆီဂျင်ပြတ်သေဆုံးတာဖြစ်လို့ ဆို
အမေရိကန်ပြည်ထောင်စု၊ မင်နီးဆိုးတားပြည်နယ်၊ မင်နီးယားပိုလစ်စ်မြို့မှာ ရဲလက်ထဲ သေဆုံးခဲ့တဲ့ အမေရိကန် အာဖရိကန်လူမည်း အမျိုးသား ဂျော့ဖလွိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ သေဆုံးရတဲ့အကြောင်းရင်းကတော့ ရဲကြောင့် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးရတာဖြစ်တယ်လို့ အမေရိကန်အခြေစိုက်သတင်းတွေက ဆိုပါတယ်။
ဂျော့ဖလွိုက်သေဆုံးမှုကို တရားမျှတမှုရှိရေး ဆန္ဒပြမှုတွေ မေ ၂၆ ရက်က စဖြစ်ခဲ့တာ အခုဆို သီတင်းတစ်ပတ်ကျော်လာပါပြီ။ ဆန္ဒပြမှုတွေ အရှိန်ကောင်း နေဆဲဖြစ်ပြီး မြို့ကြီးအချို့မှာတော့ အကြမ်းဖက်မှုနဲ့ လုယက်မှုတွေပါ ဖြစ်နေပါတယ်။
ညမထွက်ရအမိန့်တွေလည်း ထုတ်ပြန်ထားပေမယ့် ဆန္ဒပြသူတွေက ဒါကိုဖီဆန်ပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။
သမ္မတထရမ့်က ဆူပူမှုတွေကို နှိမ်နင်းဖို့ စစ်တပ်ကိုစေလွှတ်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် ကာကွယ်ရေးဝန်ကြီးကတော့ အခုအခြေအနေက စစ်တပ်လွှတ်ရလောက်တဲ့အခြေအနေ မဟုတ်သေးဘူးလို့ ပြောပါတယ်။
ဂျော့ဖလွိုက်ဟာ ငွေစက္ကူ ဒေါ်လာ ၂၀ တန်အတုနဲ့ဈေးဝယ်တယ်ဆိုပြီးတိုင်ကြားခံရတာကြောင့် ရဲက သူ့ကို ဖမ်းဆီးတာဖြစ်ပါတယ်။ ဖမ်းဆီးတဲ့အခါ ဂျော့ဖလွိုက်က ခုခံတယ်လို့ ရဲတွေကပြောပေမယ့် အွန်လိုင်းမှာပျံ့နေတဲ့ ဗီဒီယိုဖိုင်မှာတော့ အစပိုင်းအခြေအနေတွေမပါဘဲ ရဲက လက်ထိပ်ခတ်ထားပြီး ရဲကားအနီး မှောက်ရက်လှဲထားတဲ့သူ့ဇက်ကို ရဲအရာရှိ ဒဲရက်ချော်ဗင်က နင်းထားတာကိုတွေ့ရပါတယ်။
ရဲဟာ ဂျော့ဖလွိုက်ဇက်ကို ဒူးနဲ့ ရှစ်မိနစ် ၄၆ စက္ကန့်ကြာနင်းထားခဲ့ပြီး ဖလွိုက်ဟာ ၃ မိနစ်လောက်မှာတည်းက ဘာတုံ့ပြန်မှုမှမရှိတော့ဘူးလို့ ဆေးစစ်ချက်မှာပါရှိပါတယ်။
သူအသက်မရှူနိုင်တော့ဘူးလို့ အစပိုင်းမှာ တရစပ်ပြောနေပေမယ့် ရဲက ဒူးနဲ့ဆက်နင်းထားသလို ကျန်တဲ့ ရဲသုံးယောက်ကလည်း ဒါကို ဝင်ပြီး တားမြစ်တာမရှိခဲ့ပါဘူး။
အစပိုင်းမှာ ရဲလေးယောက်လုံးကို အလုပ်က ထုတ်ပယ်အရေးယူတာလောက်ပဲရှိခဲ့ပေမယ့် ဆန္ဒပြမှုတွေအရှိန်တက်လာပြီး ဖလွိုက်မိသားစုက ရဲတွေကို ဖမ်းဆီးအရေးယူပြီးသေဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အခုတော့ ရဲလေးယောက်ထဲက ဒဲရက်ချော်ဗင်ကို ဒုတိယအဆင့် လူသတ်မှု၊ ကြိုတင်ရည်ရွယ်ချက်မရှိဘဲ လူသေမှုတွေနဲ့ ထပ်တိုးပုဒ်မတွေ ပြောင်းပြီးတရားစွဲထားသလို ကျန်ရဲသုံးဦးကိုလည်း လူသတ်ရာမှာအားပေးကူညီမှုပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲလိုက်ပါပြီ။
နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်းသလို ဒါကို အခွင့်ကောင်းယူပြီး စီးပွားရေးလုပ်ငန်းတွေ၊ စတိုးဆိုင်တွေကို ဖျက်ဆီးတာ၊အကြမ်းဖက်တာနဲ့ လုယက်တာတွေလည်း ရှိနေပါတယ်။
အမေရိကန်ဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၈ သိန်းကျော်နဲ့ သေဆုံးသူ တစ်သိန်းကျော်ရှိပြီး ကမ္ဘာ့ကူးစက်သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။