အိုင်စီဂျေ အရေး မြန်မာဘက်က ဘာဆက်လုပ်ဖို့ ရှိလဲ

ဒီဇင်ဘာတုန်းက အိုင်စီဂျေကြားနာပွဲကို အတိုင်ပင်ခံကိုယ်တိုင် သွားရောက်ရင်ဆိုင်ခဲ့ပြီး ကြားဖြတ်စီမံချက်အမိန့်ကို ဇန်နဝါရီက ချမှတ်ခဲ့တာဖြစ်

ဓာတ်ပုံ ရင်းမြစ်, KOEN VAN WEEL

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာတုန်းက အိုင်စီဂျေကြားနာပွဲကို အတိုင်ပင်ခံကိုယ်တိုင် သွားရောက်ရင်ဆိုင်ခဲ့ပြီး ကြားဖြတ်စီမံချက်အမိန့်ကို ဇန်နဝါရီက ချမှတ်ခဲ့တာဖြစ်

အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့အပေါ် ကြားဖြတ်စီမံချက်တွေဆောင်ရွက်ဖို့ အမိန့်ချထားရမှာ လေးလအတွင်း အစီရင်ခံစာ ပြန်တင်ရမယ်ဆိုတဲ့အချက် ပါပါတယ်။

မြန်မာအစိုးရရဲ့ ပထမဆုံး အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေထံ လာမယ့် မေလ ၂၃ ရက်မှာ တင်သွင်းဖို့ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် အမိန့်ချခဲ့တဲ့ ဇန်နဝါရီလနာက်ပိုင်း လေးလပြည့်ကာလအတွက် လာမယ့် မေ ၂၃ မှာ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ကို မြန်မာက တင်သွင်းရဖို့ရှိပါတယ်။

အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ပတ်သက်လို့တော့ အသေးစိတ်ကို ပြောကြားခွင့်မရှိဘူးလို့ ဦးချမ်းအေးက ဆိုပါတယ်။

"အစီရင်ခံစာကို ဝန်ကြီးဌာနပေါင်းစုံက ညှိနှိုင်းပြီးတော့ ရေးသားထားပါတယ်။ အချိန်မီတင်ဖို့လုပ်နေပါတယ်။ အသေးစိတ်ကိုတော့ ပြောခွင့်မရှိပါဘူး"လို့ သူက ပြောပါတယ်။

အခုလို အစီရင်ခံစာမတင်ခင် ကြားမှာ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေး ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကို နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုး လိုက်ပါတယ်။

အိုင်စီဂျေအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံကြောင်း မြို့ကြီးတော်တော်များများမှာ ထောက်ခံပွဲတွေပြုလုပ်ပြသခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုင်စီဂျေအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံကြောင်း မြို့ကြီးတော်တော်များများမှာ ထောက်ခံပွဲတွေပြုလုပ်ပြသခဲ့ကြ

ဒါ့အပြင် တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲခံထားရတဲ့ အမှုရင်ဆိုင်နေဆဲနဲ့ အကျဉ်းကျခံနေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါဟာ အိုင်စီဂျေကို အစီရင်ခံစာတင်မယ့်အစီရင်ခံစာအတွက်အထောက်အကူဖြစ်စေဖို့ဆောင်ရွက်ချက်တွေလားလို့ ဘီဘီစီက ဦးချမ်းအေးကို မေးတဲ့အခါ သူက အခုလိုပြောပါတယ်။

" ဆက်စပ်ပြီးတော့တော့ အထောက်အကူပြုနိုင်ပါတယ်။ ဘာလို့လဲဆို သူတို့ကိုပြန်လွှတ်ပေးတယ်ဆိုတာကလည်း သူတို့ဟာ လူကုန်ကူးခံရတဲ့အခြေအနေနဲ့ ဆက်စပ်နေတာဆိုတော့လေ။ သူတို့ကို ပြန်လက်ခံဖို့ သက်တမ်းတိုးတဲ့ကိစ္စတွေက ဒီအိုင်စီဂျေကို အစီရင်ခံစာတင်ရမယ့်ကိစ္စနဲ့တော့ မဆိုင်ဘူး။ ဒါပေမဲ့ သူတို့ကိုပြန်လက်ခံဖို့ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်။ နှစ်ကြိမ်ကတော့ အကြောင်းအမျိုးမျိုးကြောင့်မဆောင်ရွက်နိုင်ဘူး။ တတိယအကြိမ်ကတော့ ဖြစ်အောင်တော့ သူတို့နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်" လို့ ဦးချမ်းအေးကပြောပါတယ်။

အိုင်စီဂျေက ချမှတ်ထားတဲ့ ကြားဖြတ်ဆောင်ရွက်ရမယ့်အချက်တွေဟာ ယေဘုယျဆန်တဲ့တောင်းဆိုချက်တွေသာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ်ပါ မလုပ်ရဘူးဆိုတဲ့အချက်တွေကို မလုပ်ဖို့၊ ကာကွယ်တားဆီးဖို့ ဆိုတဲ့တောင်းဆိုချက်တွေသာဖြစ်တယ်လို့ ဦးချမ်းအေးက ဆိုပါတယ်။

"ဒါတွေက နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်တွင်းမှာလည်း ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ထားတာတွေရှိတယ်။ တချို့ကိစ္စတွေက ဒါနဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် ဆောင်ရွက်ထားတာတွေရှိတာလည်း တွေ့ရမှာပါ။ ခုနက ပြောတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးတဲ့ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုဆောင်ရွက်တာကလည်း ဒါတွေနဲ့ ပတ်သက်နေတာပါ" လို့ ဆိုပါတယ်။

အခုလတ်တလောမှာ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်ကလွဲလို့ အခြားဒေသတွေမှာ တပ်မတော်က တစ်ဖတ်သတ်အပစ်ရပ် ကြေညာထားပါတယ်။ အိုင်စီဂျေကို အစီရင်ခံစာတင်ရမယ့်အချိန်နီးလာချိန်မှာ တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်ကရော ဒီအပေါ်မှာ အထောက်အကူဖြစ်နိုင်ပါသလားလို့မေးတဲ့အခါ ဦးချမ်းအေးက

"ဆက်စပ်နေတာတွေတော့ရှိပါတယ်။ ဒီဟာတစ်ခုတည်းကိစ္စကြောင့်တော့ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

အိုင်စီဂျေက မြန်မာနိုင်ငံကိ အမိန့်ချပြီး လေးလအတွင်း အစီရင်ခံစာတစ်ကြိမ်၊ နောက်ပိုင်း အမှုမပြီးပြတ်မချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာ တင်ဖို့ ချထားပါတယ်။

မြန်မာကို ချမှတ်ထားတဲ့ လတ်တလောဆောင်ရွက်ရမယ့် Provisional measures လို့ ခေါ်တဲ့ကြားဖြတ်ဆောင်ရွက်ရမယ့်အချက်လေးချက်ဟာ မြန်မာနိုင်ငံတွင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေနဲ့ အဓိကသက်ဆိုင်တယ်လို့ ဦးချမ်းအေးက ဆိုပါတယ်။

ဒါကြောင့် အခု တင်ရမယ့်လေးလပတ်အစီရင်ခံစာဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ မူလပင်မစွပ်စွဲချက်ဆီကို ရောက်တဲ့အဆင့်မဟုတ်ဘဲ အမှုနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမှုတွေမဟုတ်ကြောင်းလည်း သူက ပြောပါတယ်။

"အမှုကြီးနဲ့ပတ်သက်လို့ မှန်မမှန်ဆိုတဲ့အဆင့်က အပြန်အလှန်တစ်ယောက်နဲ့တစ်ယောက် တင်ပြတာ ၊ဖြေရှင်းတာတွေက လာဦးမှာ။ ဒါကြောင့် Provisional measure ချတာနဲ့ တကယ့်အမှုကြီးနဲ့ကတော့ ကွဲအောင်မြင်ဖို့လိုတယ်" လို့ သူက ပြောပါတယ်။

ဒီကြားကာလမှာ နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေရှိနေပြီး လက်ရှိမှာ ကိုဗစ်-၁၉ ကြောင့် နယ်စပ်မှာ လူအဝင်အထွက်ပိတ်ထားတဲ့အတွက် ဧပြီလက စလို့ အသစ်ထပ်ဝင်သူမရှိသေးကြောင်း ဦးချမ်းအေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးမှုမအောင်မြင်ရတာ ဘာကြောင့်လဲ

ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်တွေပြန်လည်လက်ခံရေးဆွေးနွေးရာမှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး နှစ်ကြိမ်လုံး မအောင်မြင်ရတဲ့အကြောင်းအရင်းကိုလည်း ဦးချမ်းအေးက ခုလိုပြောပါတယ်။

ဒုက္ခသည်တွေပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်ကို မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ သွားဆွေးနွေးတာနှစ်ကြိမ်ရှိပြီဖြစ်
ဓာတ်ပုံ ပုံစာ, ဒုက္ခသည်တွေပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်ကို မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ သွားဆွေးနွေးတာနှစ်ကြိမ်ရှိပြီဖြစ်

"ကျွန်တော်တို့ဘက်က ဒုက္ခသည်တွေကိုပြန်လက်ခံဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေကို စိစစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ထားပါတယ်။ အခု စိစစ်ပြီးတော့ ပြန်လက်ခံမယ်ဆိုတဲ့ သူတွေက ဘယ်သူတွေကတော့ ဘယ်ရွာတွေမှာနေတယ်။ သူတို့အတွက် ဘယ်လိုစီစဉ်ထားတယ်ဆိုတာတွေ ပို့ထားပါတယ်။ မအောင်မြင်ဘူးဆိုတာက နံပါတ်တစ်က ပြန်လာမယ့်လူတွေဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်က ကျွန်တော်တို့ဘက်ကို စာရင်းပို့တယ်။ အဲဒီစာရင်းပို့မယ်ဆိုရင် ကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူထားတဲ့ ဖောင်ရှိတယ်။ အဲဒီဖောင်တွေမှာ ကာယကံရှင်တွေကိုယ်တိုင်က လက်မှတ်ထိုးတာတို့ လက်ဗွေနှိပ်တာတို့လုပ်ရမှာ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်က ကျွန်တော်တို့ကို ပို့လာချိန်မှာ ဒီထဲက လူတွေက သိတောင်မသိကြဘူး။ ဆိုတော့ နီးတော့ချိန်ကျတော့မှ ပြန်မယ်ဆိုပြီးလိုက်ခေါ်တော့မှ အဲဒီလူတွေက အဲဒီချိန်ကျမှ သိတာ။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ် က ပြန်မယ်ဆိုတဲ့လူတွေနဲ့ သေချာ သူတို့သဘောဆန္ဒရယူပြီးတော့မှ ကျွန်တော်တို့ကိုအစောတည်းက ပို့ရမှာ။ အဲဒီလိုအခြေအနေပါ" လို့ သူက ဆိုပါတယ်။

ဒါကြောင့် လာမယ့် တတိယအကြိမ်ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုးပမ်းနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါငြိမ်သက်ပြီး ပြည်ပခရီးသွားလာဆက်သွယ်ရေးအဆင်ပြေတဲ့အခါ ဘင်္ဂလားဒေ့ရှ်မှာ နောက်တစ်ကြိမ်ဆွေးနွေးပွဲလုပ်ဖို့ရှိတယ်လို့ ဦးချမ်းအေးက ပြောပါတယ်။

ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေး ဘာတွေဆွေးနွေးလဲ

မြန်မာ့အရေး ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတချို့ကို မြန်မာအစိုးရက ရှင်းပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency

ဓာတ်ပုံ ပုံစာ, မြန်မာ့အရေး ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတချို့ကို မြန်မာအစိုးရက ရှင်းပြထားပါတယ်။

မနေ့က မေ ၁၄ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးကျင်းပခဲ့ပြီးအဲဒီမှာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။

ဒါက တံခါးပိတ်ဆွေးနွေးပွဲဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းရှနာဘာဂီနာက ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရကြောင်း ဦးချမ်းအေးက ဆိုပါတယ်။

"သူလည်း မြန်မာနိုင်ငံအကြောင်း သိထားတာတွေရှိပါတယ်။ ကျွန်တော်တို့လည်း သူ့ကို ရှင်းပြထားတာတွေရှိတယ်။ သူလည်း သူသိတဲ့ဟာတွေကို မျှမျှတတပြန်ဆွေးနွေးတင်ပြမယ်လို့ တော့ သိထားပါတယ်။ တံခါးပိတ်ဆွေးနွေးပွဲဖြစ်လို့ဘာတွေဆွေးနွေးတယ်ဆိုတာမသိရဘူး။ ဒါပေမဲ့ဆွေးနွေးတဲ့အဖွဲ့ဝင်နိုင်ငံတွေထဲမှာပါတဲ့၊ ကျွန်တော်တို့နိုင်ငံအပေါ် မျှမျှတတမြင်တဲ့နိုင်ငံတွေကိုတော့ ကျွန်တော်တို့ဆောင်ရွက်ချက်တွေကို ရှင်းပြထားပါတယ်" လို့ သူက ပြောပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေထဲမှာ တရုတ်နဲ့ ရုရှကို မြန်မာအစိုးရကို ထောက်ခံတဲ့ အင်အားကြီးနိုင်ငံတွေပါဝင်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေအပေါ် ကြိုဆိုကြောင်း ဗြိတိန်အစိုးရက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြား ရခိုင်နဲ့ ချင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်ကြား ပဋိပက္ခတွေမြင့်တက်နေပြီး အရပ်သားတွေ အကြီးအကျယ် ထိခိုက်မှုတွေဖြစ်တဲ့အပေါ် စိုးရိမ်ပူပန်တာကြောင့် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးကြဖို့ ဒီအစည်းအဝေးလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေ ဖြစ်ပွားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကန့်သတ်ခံရသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်အပါအဝင် အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အရေအတွက်တွေတိုးလာတယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။

ဒီပဋိပက္ခတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် လူသားချင်းစာနာထောက်ထားမှုအရေးအပေါ်အခြေအနေနဲ့ ကြုံနေရတဲ့လူတွေ အထူးသဖြင့် ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူတွေနဲ့ ရိုဟင်ဂျာလူထုတွေလို ထိခိုက်လွယ်တဲ့သူတွေမှာ အပိုဆောင်းကန့်သတ်ခံရမှုတွေနဲ့ ရင်ဆိုင်လာရတယ်လို့လည်း ဆိုပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေအပေါ် ကြိုဆိုကြောင်း ဗြိတိန်အစိုးရက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြား ရခိုင်နဲ့ ချင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်ကြား ပဋိပက္ခတွေမြင့်တက်နေပြီး အရပ်သားတွေ အကြီးအကျယ် ထိခိုက်မှုတွေဖြစ်တဲ့အပေါ် စိုးရိမ်ပူပန်တာကြောင့် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးကြဖို့ ဒီအစည်းအဝေးလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေ ဖြစ်ပွားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကန့်သတ်ခံရသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်အပါအဝင် အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အရေအတွက်တွေတိုးလာတယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။

ဒီပဋိပက္ခတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် လူသားချင်းစာနာထောက်ထားမှုအရေးအပေါ်အခြေအနေနဲ့ ကြုံနေရတဲ့လူတွေ အထူးသဖြင့် ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူတွေနဲ့ ရိုဟင်ဂျာလူထုတွေလို ထိခိုက်လွယ်တဲ့သူတွေမှာ အပိုဆောင်းကန့်သတ်ခံရမှုတွေနဲ့ ရင်ဆိုင်လာရတယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ကပ်ရောဂါအရေးဖြေရှင်းတဲ့ခြေလှမ်းတွေကိုလည်း အသိမှတ်ပြုတယ်လို့ ဆိုပါတယ်။

အဲဒီလိုဖြေရှင်းရာမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှေးကွေးသွားအောင် အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး လူထုအခြေပြုအသိပညာပေးလှုပ်ရှားမှုတွေလုပ်တာ၊ ကိုဗစ်ကြောင့် ထိခိုက်တဲ့စီးပွားရေးအခက်အခဲတွေကိုဖြေရှင်းဖို့ ကိုဗစ်၁၉ စီးပွားရေးကုစားမှုအစီအစဉ်ထုတ်ပြန်တာနဲ့ ကိုဗစ်တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်ဖွဲ့စည်းတာ ဆိုတဲ့အချက်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိန်က ဒီကနဦးအပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အဲဒီကအရပ်သားတွေဟာ တခြား ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့ဒေသက လူတွေထက် ပိုပြီး အန္တရာယ်များတဲ့အခြေအနေမှာရှိတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဖြစ်စေတဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းဖို့ စိန်ခေါ်မှုတွေပိုများလာနိုင်ပြီး အရေးတကြီးဖြေရှင်းဖို့လိုနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံမှုရှိရှိနဲ့ ဂုဏ်သိက္ခာရှှိရှိ နေရပ်ပြန်ဖို့နဲ့ ပြန်လည်နေရာချထားရေးတို့ဖန်တီးပေးဖို့ ပိုပြီးခက်ခဲစေမယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် မေ ၉ ရက်က ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့တစ်ဖတ်သက်အပစ်ရပ်ကြေညာချက်မှာ ရခိုင်နဲ့ ချင်းပြည်နယ်ကိုပါ ထည့်သွင်းဖို့ တပ်မတော်ကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အင်တာနက်ပိတ်ထားတဲ့ဒေသတွေကိုလည်း အင်တာနက်တွေပြန်ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

မစ္စ ရန်ဟီးလီနေရာမှာ ယာယီခန့်အပ်သူအပေါ် မြန်မာအစိုးရ သဘောထား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီနေရာမှာ အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း သောမတ်စ်အန်ဒရူးစ်ကို ယာယီခန့်အပ်ထားပါတယ်။

မစ္စရန်ဟီးလီဟာ ၂၀၁၄ ကနေ ၂၀၂၀ ထိ ခြောက်နှစ်ကြာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့

ဓာတ်ပုံ ရင်းမြစ်, Yan Hee Lee

ဓာတ်ပုံ ပုံစာ, မစ္စရန်ဟီးလီဟာ ၂၀၁၄ ကနေ ၂၀၂၀ ထိ ခြောက်နှစ်ကြာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့

မစ္စရန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေကိုအစီရင်ခံစာတင်သွင်းသူဖြစ်ပြီး ၂၀၁၄ ကနေ ၂၀၂၀ ထိ နှစ်စဉ် သက်တမ်းတိုးပြီး ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာအစိုးရကမစ္စ ရန်ဟီးလီရဲ့ အစီရင်ခံစာနဲ့ မြန်မာ့အရေးပြောဆိုဆုံးဖြတ်ချက်တွေဟာ တစ်ဖတ်သက်ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းကစလို့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ခဲ့ပါတယ်။

မစ္စရန်ဟီးလီကိုလည်း ပြည်ဝင်ခွင့်မပေးခဲ့တဲ့အတွက် အထူးကိုယ်စားလှယ်ဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်ပြီး မြန်မာ့အရေး လေ့လာသုံးသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုလို အထူးကိုယ်စားလှယ်သစ်ခန့်အပ်တဲ့အပေါ် မြန်မာအစိုးရရဲ့ သဘောထားကိုမေးတဲ့အခါ ဦးချမ်းအေးက

"ကျွန်တော်တို့က အစတည်းက ဒီကိုယ်စားလှယ်ရဲ့ Mandate(လုပ်ပိုင်ခွင့်နဲ့ တာဝန်)ကို လက်မခံဘူး။ ဒါပေမဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မူဝါဒရယ်၊ ကျွန်တော်တို့ဆောင်ရွက်ချက်တွေကို သူသိအောင် ဆိုပြီး ခန့်ခဲ့တဲ့အထူးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ွရက်ခဲ့တယ်။ ဒါပေမဲ့ ရန်ဟီးလီရဲ့ နောက်ပိုင်းမှာ လုပ်ရပ်တွေကြောင့် ဘယ်လိုမှ ပူးပေါင်းဆောင်ရွက်လို့မရဘူး။ တစ်ဖက်သတ်ဖြစ်လာတယ်။ အစိုးရတစ်ခုတည်းမဟုတ်ဘူး။ ပြည်သူတွေရော လွှတ်တော်ကပါလက်မခံတော့တာ။ ဒါကြောင့် သူ့နဲ့ပူးပေါင်းဆောင်ရွက်မှုကိုရပ်ပစ်လိုက်တာ။ ဒါက ကျွန်တော်တို့ရဲ့ မူဝါဒက အထူးကိုယ်စားလှယ်ရဲ့Mandate ကိုလက်မခံဘူး။ country rapporteur (နိုင်ငံတစ်နိုင်ငံတည်းပေါ်မူတည်ပြီးခန့်အပ်တဲ့ အထူးကိုယ်စားလှယ်) ကိုလက်မခံဘူး။ မူဝါဒအရ ပူးပေါင်းခဲ့တယ်။ လက်တွေ့မှာ ဖြစ်မလာတဲ့အတွက် ရပ်ထားတယ်။ ဒါက ကျွန်တော်တို့ရဲ့ရပ်တည်ချက်ပါပဲ" လို့ ဦးချမ်းအေးက ပြောပါတယ်။

အခု အသစ်ခန့်အပ်တဲ့ကိုယ်စားလှယ်နဲ့ ပတ်သက်လို့လည်း ပြောစရာမရှိဘဲ မူလရပ်တည်ချက်အတိုင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, အိုင်စီဂျေတရားရုံးရှေ့ရောက် ဘီဘီစီ သတင်းထောက်နဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းချက်