မြန်မာလိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေးချက် နိုင်ငံတကာ တရားရုံး အိုင်စီဂျေ ချမှတ်

ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကြားနာနေတဲ့ တရားရုံး

ဓာတ်ပုံ ရင်းမြစ်, ANP/AFP/Getty Images

ဓာတ်ပုံ ပုံစာ, ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကြားနာနေတဲ့ တရားရုံး

မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ကုလသဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး အိုင်စီဂျေမှာ တောင်းဆိုထားတာကို ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ တရားရုံးက မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ် အစီအမံ အချက်လေးချက်ကို ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

အဲဒီလေးချက်ကို တရားရုံးက တရားသူကြီး ၁၇ ဦးလုံးက တညီတညွတ်တည်း သဘောတူချမှတ်ခဲ့တာပါ။

မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ လေးချက်က

(၁) ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့

(၂) မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့

(၃) သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့

(၄) ဒီကနေ့ အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ ဖြစ်ပါတယ်။

တရားရုံးက ကြားဖြတ်အစီအမံချတာနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘာကာ တမ်ဘာဒူးက အခုလို တရားသူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ်တာကိုက ဂျီနိုဆိုက်ကို ကမ္ဘာက လက်မခံဘူးဆိုတာ ပြတာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာ တရားရုံး အိုင်စီဂျေက ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက်ချမှတ်တာကို တက်ရောက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, ANP/AFP/Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ တရားရုံး အိုင်စီဂျေက ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက်ချမှတ်တာကို တက်ရောက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့

ဒါကြောင့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခုဆုံးဖြတ်ချက်ကို အောင်ပွဲအဖြစ် ယူဆနိုင်ပေမဲ့ လုပ်ရမှာတွေ အများကြီး ကျန်သေးတယ်လို့ ပြောပါတယ်။

အခု ချမှတ်တာတွေကို မြန်မာဘက်က လိုက်နာမယ်လို့ ယုံကြည်တယ်လို့လည်း သူက ပြောပါတယ်။

အခု တရားရုံးက ကြားဖြတ်အစီအမံ အဆုံးအဖြတ်ချမှတ်တာကို မြန်မာဘက် အဆင့်မြင့် အရာရှိကြီး တက်ခဲ့ပြီး အခု တရာရုံးကိစ္စကို မြန်မာက တာဝန်သိတဲ့ နိုင်ငံအဖြစ် လုပ်ဆောင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာအနေနဲ့ လုပ်ဆောင်ခဲ့တာတွေကို သုံးသပ်ပြင်ဆင်နိုင်မယ့် လုပ်ရပ်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာဘက်ကတော့ တရားရုံးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ အစိုးရအနေနဲ့ မှတ်သားထားရှိမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးရုံးက ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတချို့ တင်သွင်းခဲ့တဲ့ အထောက်အထား ခိုင်လုံမှုမရှိတဲ့ စွပ်စွဲမှုတွေ၊ ရှုတ်ချမှုတွေ ကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို လိုရာဆွဲ၍ လွဲမှားပုံဖော်နေလို့ မြန်မာနဲ့ တခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးအပေါ် ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်။ အဲဒီလို အခြေအနေတွေက ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းတွေ ချမှတ်ဖို့ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အဟန့်အတား ဖြစ်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။