ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာဘက်က လျှောက်လဲတဲ့ နိုင်ငံတကာ ဥပဒေအကျိုးဆောင်ရှေ့နေများ

နိုင်ငံတကာတရားရုံး (ICJ )မှာ မြန်မာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်နေတဲ့ နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ ရှေ့နေတွေက ဘယ်ကလဲ၊ သူတို့ဟာ ဥပဒေရဲ့ ဘယ်အပိုင်းမှာ ကျွမ်းကျင်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

မစ္စတာ ဝီလျံ ရှေဘတ်စ်

William Schabas
ဓာတ်ပုံ ပုံစာ, ပါမောက္ခ ရှေဘတ်စ်ဟာ နိုင်ငံတကာ ရာဇဝတ်ဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေ ကျွမ်းကျင်သူ ဖြစ်ပါတယ်။

မစ္စတာ ဝီလျံ ရှေဘတ်စ်ဟာ လန်ဒန်မြို့ Middlesex တက္ကသိုလ်ရဲ့ နိုင်ငံတကာဥပဒေ ပါမောက္ခ ဖြစ်သလို နယ်သာလန်နိုင်ငံ Leiden တက္ကသိုလ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဌာနမှာလည်း ပါမောက္ခအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

သူဟာ ကနေဒါနိုင်ငံ Toronto တက္ကသိုလ်ကနေ သမိုင်းပညာ ဘာသာရပ်နဲ့ BA၊ MA ဒီဂရီဘွဲ့ ရခဲ့ပြီး Montreal တက္ကသိုလ်ကနေ LB၊ LLM နဲ့ LLD ဒီဂရီဘွဲ့တွေ ရခဲ့ပါတယ်။

ပါမောက္ခ ဝီလျံ ရှေဘတ်စ်ဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ဆီယာရာလီယွန်းနိုင်ငံဆိုင်ရာ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်ရဲ့ နိုင်ငံတကာ အဖွဲ့ဝင် ၃ ဦးအနက် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သူဟာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ဆိုင်ရာ ဌာနမှာ သေဒဏ် အပြစ်ပေးမှုဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး သေဒဏ်အပြစ်ပေးမှုဆိုင်ရာ ကုလသမဂ္ဂရဲ့ ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွေကို မူကြမ်းရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။

Presentational grey line

မစ္စတာ ခရစ္စတိုဖာ စတိတ်ကာ

Christopher Staker
ဓာတ်ပုံ ပုံစာ, မစ္စတာ စတိတ်ကာဟာ အင်္ဂလန်၊ ဝေလနယ်နဲ့ သြစတြေးလျနိုင်ငံတွေက တရားရုံးတွေမှာ အမှုလိုက်ပါ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

မစ္စတာ ခရစ္စတိုဖာ စတိတ်ကာဟာ အင်္ဂလန်အခြေစိုက် 39 Essex Chambers ဥပဒေအကျိုးဆောင်အဖွဲ့က ဖြစ်ပါတယ်။

သူဟာ နိုင်ငံတကာဥပဒေ၊ ခုံသမာဓိ၊ အုပ်ချုပ်ရေးနဲ့ အများပြည်သူဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ခိုလှုံခွင့်၊ ဥရောပသမဂ္ဂ ဥပဒေ၊ လူ့အခွင့်အရေး စတဲ့ ကိစ္စရပ်တွေမှာ အထူးပြု ကျွမ်းကျင်တဲ့ ဝတ်လုံတော်ရ ရှေ့နေ ဖြစ်ပါတယ်။

Oxford တက္ကသိုလ်နဲ့ Adelaide တက္ကသိုလ်တွေကနေ ဥပဒေပညာ ဘွဲ့ရခဲ့ပါတယ်။

သည်ဟိတ်ဂ်မြို့ ICJ နိုင်ငံတကာ တရားရုံး၊ ဆီယာရာလီယွန်းနိုင်ငံ အထူးခုံရုံး၊ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး၊ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ ဥပဒေခုံရုံး၊ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးတွေမှာ အမှုလိုက် ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပြီး အင်္ဂလန်၊ ဝေလနယ်နဲ့ သြစတြေးလျနိုင်ငံတွေက တရားရုံးတွေမှာ အမှုလိုက်ပါ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

Presentational grey line

မစ္စ ဖီဘီ အိုကိုဝါ

Phoebe Okowa
ဓာတ်ပုံ ပုံစာ, မစ္စ အိုကိုဝါဟာ လန်ဒန်က ပါမောက္ခ တစ်ဦး ဖြစ်ပါတယ်။

မစ္စ ဖီဘီ အိုကိုဝါ ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ကွင်းမေရီ တက္ကသိုလ်မှာ အများပြည်သူဆိုင်ရာ နိုင်ငံတကာ ဥပဒေ ပါမောက္ခ တစ်ဦး ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ Bristol တက္ကသိုလ်မှာ ပါမောက္ခအဖြစ် စာပေ ပို့ချသင်ကြားခဲ့ပြီး Lille နဲ့ Stockholm တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

မစ္စ ဖီဘီ အိုကိုဝါ ဟာ Nairobi တက္ကသိုလ်နဲ့ Oxford တက္ကသိုလ်တို့ကနေ ဥပဒေပညာနဲ့ ဒီဂရီဘွဲ့တွေ ရခဲ့ပါတယ်။

မစ္စ ဖီဘီ အိုကိုဝါ ဟာ စစ်မက် ဖြစ်ပွားရာ ဇုံဒေသတွေမှာ သဘာဝ အရင်းအမြစ်တွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွေအတွက် အစိုးရရဲ့ တာဝန်နဲ့ ပုဂ္ဂိုလ်တဦးချင်းရဲ့ တာဝန်ခံမှုတွေအကြား ဆက်သွယ်မှုအပါအဝင် နိုင်ငံတကာ ဥပဒေ ကိစ္စရပ်တွေ အကြောင်း စာအုပ်စာတမ်း အတော်များများ ရေးသားခဲ့သူ ဖြစ်ပါတယ်။

Presentational grey line

အထက်မှာ ဖော်ပြခဲ့တဲ့ ဥပဒေပညာရှင်တွေကတော့ နိုင်ငံတကာတရားရုံးမှာ မြန်မာပြည်ကို ကိုယ်စားပြုပြီး ထွက်ဆိုပေးခဲ့တဲ့ ဥပဒေပညာရှင်တွေ ဖြစ်ပါတယ်။

ဒီအမှုမှာ မြန်မာပြည်ဘက်ကနေ အကြံပေးနေတဲ့ တခြားနိုင်ငံတကာဥပဒေပညာရှင်တွေထဲမှာ ဂျာမနီက ပါမောက္ခ အန်းဒရေ့စ် ဇင်မာမန်း နဲ့ 39 Essex Chambers ဥပဒေအကျိုးဆောင်အဖွဲ့က မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်တို့လည်း ပါ၀င်ပါတယ်။