မြန်မာနိုင်ငံ မှာ ကိုရိုနာ ကပ်ရောဂါ ဖြစ်လာနိုင်သလား

အခြေအနေမရှိတာ ကြောင့် အဲဒီကတဆင့် အဆိုးဆုံးဖြစ်လာနိုင်မယ့် အနေအထားအတွက်သာကာကွယ်ရေး ပြင်ဆင်နိုင်ဖို့ အဓိကလုပ် ဆောင်ဖို့ သာရှိတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခြေအနေမရှိတာ ကြောင့် အဲဒီကတဆင့် အဆိုးဆုံးဖြစ်လာနိုင်မယ့် အနေအထားအတွက်သာကာကွယ်ရေး ပြင်ဆင်နိုင်ဖို့ အဓိကလုပ် ဆောင်ဖို့ သာရှိတယ်

လူဦးရေနှစ်သောင်းသုံးထောင်ကျော်အရေအတွက်ရှိတဲ့ မြန်မာနိုင်ငံသားတွေ မြဝတီနယ်စပ်ဂိတ်ကနေတဆင့် မိမိနေရပ်ကို ထိုင်းနိုင်ငံကနေ ပြန်လာကြတာဟာ နိုင်ငံအနှံ့ အပြားကို ပြန်လည်ပျံ့နှံ့ရောက်ရှိ နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မတ်လ ၂၉ရက်နေ့ကတော့ အဲဒီလိုမြဝတီကနေ ပြန်ဝင်လာတဲ့လူတွေထဲက တယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့တယ်လို့ အတည်ပြုလိုက်ပါပြီ။

အဲဒီပိုးတွေ့တယ်လို့ ထုတ်ပြန်အပြီးနာရီပိုင်းအကြာမှာ ပြန်ဝင်လာသူတွေထဲမှာ ရောဂါကူးစက်သူတွေ ပါလာဖို့များပြီးတော့ ကပ်ရောဂါကြီးလို့ ဖြစ်ဖို့ များတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၉ရက်မှာ အတိ အလင်းထပ်မံပြီးထုတ်ပြန်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက နှစ်သောင်းသုံးထောင်လို့ ပြောပေမယ့် မြဝတီတံတား အမှတ် ၂မှာ ကိုယ်တိုင် ကြီးကြပ်နေရတဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးရဲ့ ပြောပြချက်အရ ဆိုရင်တော့ မတ်လ ၂၆ ရက်နေ့အထိ ပြန်ဝင်လာသူ အရေအတွက်က လေးသောင်းကျော်ရှိတယ်လို့ ဘီဘီစီကိုတရားဝင်ဖြေကြားထားပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် နဲ့ ကမ္ဘာ့ကပ်ရောဂါများ

အားလုံးကလည်း ကရင်၊ မွန်၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနဲ့ မကွေးအပါအဝင် ပြည်နယ်နဲ့ တိုင်းအားလုံးနီးပါးကို ပြန်လာကြတဲ့သူတွေဖြစ်ပါတယ်။

သူတို့တွေရဲ့ ကိုယ်ရေးရာဇဝင်တွေ၊ ပြန်မယ့်နေရာ၊ ဆက်သွယ်ရမယ့်လိပ်စာအစရှိတာတွေကို ရယူထား ပါတယ်။ သူတို့ဖော်ပြချက်တွေကို ကိုးကားပြီးသက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို စားရင်းပို့ပေးကာ စောင့်ကြည့်တာတွေကို အရပ်ဘက် ဒေသခံတွေနဲ့ ပူးပေါင်းပြီးတိုင်းနဲ့ ပြည်နယ်အနှံ့မှာတော့ လုပ်ဆောင် နေကြပါပြီ။

ရောဂါရှိမရှိစစ်ဆေးနိုင်တဲ့ ဓါတ်ခွဲခန်းကလည်း တနိုင်ငံလုံး ရန်ကုန်ကလွှဲပြီး အခြားပြည်နယ်နဲ့ တိုင်းတွေ မှာလုံးဝ မရှိသေးတာကြောင့် ပြန်ဝင်လာသူအားလုံးမှာ ပိုးရှိမရှိ အတည်ပြုနိုင်ဖို့ကိုတော့ ကျန်းမာရေး ဝန်ကြီးဌာနက စစ်ဆေးနိုင်ခြင်း မရှိပါဘူး။

ပြန်ဝင်လာချိန်မှာ ဖျားတာ၊ ချောင်းဆိုးတာ အဲဒီလိုဖြစ်နေတဲ့သူတွေကိုသာ စောင့်ကြည့်ပြီး စစ်ဆေးနိုင်ခဲ့ ပါတယ်။ အဲဒီလိုဖျားတာ၊ ချောင်းဆိုးတာတွေဖြစ်တဲ့အရေအတွက်ကလည်း ပြန်ဝင်လာသူအရေအတွက် သောင်းချီထဲမှာ ၁၀ ဦးလောက်တောင် တွေ့ရတဲ့အခြေအနေမရှိတာကို မြဝတီတံတား အမှတ် ၂မှာ ပြန်ဝင်လာသူတွေကို စိစစ်လက်ခံသူတွေထံကသိရပါတယ်။

ပြန်ဝင်လာတဲ့သူ လေးသောင်းကျော်ရယ် အခြားပြည်ပက ပြန်လာကြတဲ့မြန်မာနိုင်ငံသားတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံး သံသယအနေနဲ့ စောင့်ကြည့်ရတဲ့ ဦးရေက ထောင်ချီရှိပါတယ်။

အဲဒီထောင်ချီတဲ့အရေအတွက်ကလည်း ရောဂါပိုးရှိတဲ့သူ ၁၀ ဦးနဲ့ ထိတွေ့ခဲ့ဘူးသူ၊ လေကြောင်းခရီးနဲ့ ပြည်ပကနေ ပြန်လာ သူတွေ၊ သံသယ လူနာနဲ့ထိတွေ့ခဲ့တဲ့သူတွေ၊ အချို့သာ ဖြစ်ပါတယ်။

အဲဒီအတွက် လူမှုရေး ခွဲခြားနေထိုင်မှုတွေကို အစိုးရကညွှန်ကြားထားတဲ့အတိုင်း လိုက်နာကြရင်း ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုမရှိအောင်နေထိုင်ကြဖို့ တိုက်တွန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဲဒီအတွက် လူမှုရေး ခွဲခြားနေထိုင်မှုတွေကို အစိုးရကညွှန်ကြားထားတဲ့အတိုင်း လိုက်နာကြရင်း ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုမရှိအောင်နေထိုင်ကြဖို့ တိုက်တွန်းပါတယ်။

ပြန်လာသူတွေအားလုံးကို သီးသန့်ထားစောင့်ကြည့်ဖို့ကိုတော့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာက လူမှုအဖွဲ့ အစည်းတွေက ကမကထပြုပြီး သက်ဆိုင်ရာကျန်းမာရေး၊ ထွေအုပ်အစရှိတဲ့သူတွေရဲ့ အင်အား နဲ့သာလုပ်ဆောင်နေကြပါတယ်။

အဲဒီလိုစောင့်ကြည့်တဲ့လူတွေအတွက် ကုန်ကျစားရိတ်ကို သုံးစွဲဖို့ဆိုတာမျိုးကလည်း အစိုးရက မယ်မယ်ရရ ထောက်ပံ့ခွင့်ပြုထားတာမျိုးလည်းမရှိပါဘူး။ ရပ်ရွာက တက်နိုင်သူတွေလှူဒါန်းကြတာမျိုး၊ ဘုန်းတော်ကြီး ကျောင်းက အဆောက်အဦးအကူအညီရတာမျိုးတွေကို အခြေပြုပြီးလုပ်နေရတာတွေကများပါတယ်။

အခုလိုစောင့်ကြည့်ဖို့အတွက်ဆိုတာကတော့ မြို့ခံအဖွဲ့တွေက ဘယ်လိုကိစ္စမဆို ပူးပေါင်းလုပ်တဲ့ အလေ့အထကြောင့် အားလုံးကပေါင်းလုပ်ကြတာပါ။ သက်ဆိုင်ရာအစိုးရအဖွဲ့တွေအနေနဲ့တော့ အဆင့်ဆင့် ညွှန်ကြားတာရှိပါတယ်လို့ ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ပခုက္ကူကိုပြည်တော်ပြန်လာတဲ့အရေအတွက် ၂၃၀ ကျော်ရှိပါတယ်။ အဲဒီအရေအတွက်ကိုလည်း အရပ်ဘက်အဖွဲ့၊ ထွေအုပ်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့အစရှိတဲ့အဖွဲ့တွေက ပူးပေါင်းပြီး ၁၄ရက် စောင့်ကြည့်ရေး လုပ်ဆောင်နေတယ်လို့သူကဆိုပါတယ်။

အသက်ရှုစက်နဲ့ အခြားဆေးဝါးပစ္စည်းတွေကိုတော့ရရှိထားတာ ရှိပေမယ့် တကယ်တမ်း အစုလိုက်အပြုံလိုက်တွေ့ရှိလာမယ်ဆိုတရင်တော့ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ အခက်အခဲရှိမယ့် အနေထားမျိုးဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, အသက်ရှုစက်နဲ့ အခြားဆေးဝါးပစ္စည်းတွေကိုတော့ရရှိထားတာ ရှိပေမယ့် တကယ်တမ်း အစုလိုက်အပြုံလိုက်တွေ့ရှိလာမယ်ဆိုရင်တော့ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ အခက်အခဲရှိမယ့် အနေထားမျိုးဖြစ်ပါတယ်။

ဆေးကုသမှုပိုင်းမှာလည်း ပခုက္ကူခရိုင်မှာတော့ အသက်ရှုစက် ၇ လုံးအထိရှိပြီး ရောဂါကူးစက်မှုရှိလာရင် လည်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အဆင့်သင့်ရှိတယ်လို့ ပခုက္ကူခရိုင်ဒုဆေးရုံအုပ်က စည်းဝေးခေါ်ယူ ရှင်းလင်း ထားတယ်လို့ ဦးဟန်ဇော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့်လည်း ပခုက္ကူဆေးရုံအပါအဝင် မြန်မာနိုင်ငံအဝှမ်းက ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးရုံသုံး ပစ္စည်းလုံလောက်မှုမရှိတာ၊ ဝန်ဆောင်မှုချို့တဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူအများစုကတော့ ဝေဖန်နေကြတာ တွေလည်းရှိပါတယ်။

စီးပွားရေးမြို့တော်ရန်ကုန်မှာတော့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေမှာ အဆောင် ယောင်တွေလိုအပ်တာတွေရှိနေပါတယ်။ ကိုဗစ်လူနာ ၁၀ ဦးထဲမှာ ၇ဦးက ရန်ကုန်မှာရှိ နေတာပါ။

အဲဒီ ၇ဦးကိုလည်း ရန်ကုန်ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာကူးစက်ရောဂါကာကွယ်ရေးဆေးရုံ (ဝေဘာဂီ) တို့မှာ ထားရှိထားတာလည်းဖြစ်ပါတယ်။

အဲဒါအပြင် စောင့်ကြည့်နေသူ တစ်ထောင်ကျော်နဲ့ သံသယလူနာအများစုကလည်း ရန်ကုန်မှာရှိနေပါတယ်။ သူတို့အတွက်ဝန်ဆောင် မှုပေးနေရတဲ့ ဆေးရုံဝန်ထမ်းတွေမှာလည်း ရောဂါကူးစက်မှုမရှိအောင်ဝတ်ဆင် ရတဲ့ဝတ်စုံမျိုးတွေ လိုအပ် တာတွေရှိနေလို့ အလှူရှင်တွေကို အကူအညီတောင်းခံရတဲ့အထိရှိပါတယ်။

အခုလိုအကူအညီတောင်းရတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အခက်အခဲရှိနေတာတွေရယ် ရောဂါကူးစက်မှု များပြားလားတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်မယ့်အနေအထားရှိပါ့မလားဆိုတဲ့ ဘီဘီစီရဲ့မေးမြန်းမှုကိုတော့ လက်ရှိ ကိုဗစ်အတည်ပြုလူနာတွေရှိတဲ့ ဆေးရုံအချို့က ဆရာဝန်တွေကတော့ ဖြေကြားဖို့ အဆင်မပြေ ဘူးလို့ပြောကြပါတယ်။

ဒါပေမယ့် ဆေးရုံတွေကတော့ လက်ခံနိုင်တဲ့ လူနာအရေအတွက်အထိကို ရှိပြီးတဲ့ ဆေး၊ ကိရိယာ တွေနဲ့ ဝန်ဆောင်မှုပေးရမှာဘဲလို့ ဆိုကြပါတယ်။

မြဝတီက ဝင်လာတဲ့သူတွေက နိုင်ငံအနှံ့နီးပါးရောက်ရှိသွားပြီးဖြစ်သလို ကရင်ပြည်နယ်မှာလည်း အများအ ပြားရှိနေပါတယ်။ သူတို့ကနေ ကူးစက်မှုတွေရှိလာခဲ့ပါကလည်း အဆင့်သင့်ပြင်ဆင်ထားတဲ့ သီးခြားကုသ ရေးနေရာတွေကို အသင့်ပြင်ဆင်ထားတယ်လို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီးက ဘီဘီစီကိုပြောပါတယ်။

အဲဒီလိုနေရာတွေမှာ လူဦးရေ ၂ ထောင်လောက်အထိကို ထားရှိနိုင်ဖို့နဲ့ ဆက်စပ်ထောက်ပံ့ရေး ပစ္စည်းတွေ ကိုလည်း ကူညီသူတွေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီးပြင်ဆင်ထားတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ သေဆုံးမှုမရှိသေးတာရယ်၊ ကူးစက်ခံရသူ အရေအတွက် နည်းသေးတဲ့အတွက် ပြည်သူတွေအကြားစိုးရိမ်မှုရေချိန်က နည်းနေတာတွေရှိနေတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးမှူးဒေါက်တာ သန်းထွန်းအောင်က တိုင်းအတွင်း ကိုဗစ်ဆိုင်ရာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဧရာဝတီတိုင်းမှာလည်း အလားတူပြည်တော်ပြန်ဝင်လာသူတွေရှိနေတဲ့အတွက်စောင့်ကြည့်တာတွေကို လုပ်နေရတယ်လို့ သူကဆိုပါတယ်။

အလားတူပြည်နယ်နဲ့ တိုင်းတွေအနေနဲ့လည်း ပြည်တွင်းမှာ အချင်းချင်းကူးစက်မှုမျိုးကိုညင်ညင် သာသာဖြစ် အောင် ကွဲခြားနေထိုင်ခြင်းမှတဆင့် ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ခြင်းအားဖြင့် ရောဂါကူးစက်မှုနှုန်း ညင်သာအောင် လုပ်ကြဖို့လိုအပ်တယ်လို့ ဒေါက်တာသန်းထွန်းအောင်က အကြံပြုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု အလွန်ကောင်းမွန်တဲ့ အီတလီ၊ စပိန်နဲ့ အမေရိကန်နိုင်ငံတွေမှာပင် အဆိုးဆုံး အခြေအနေကို ရောက်ရှိချိန်မှာ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝမပေးနိုင်တာကြောင့် မြန်မာနိုင်ငံ အနေနဲ့လည်း အဆိုးဆုံးအချိန်ရောက်ရှိမယ့်အချိန်မှာ အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်နိုင်ဖို့ ပြင်ဆင်ထား တယ်လို့ သူကဆိုပါတယ်။

သူ့တာဝန်ယူရတဲ့ ဧရာဝတီတိုင်းအတွင်းမှာလည်း အသက်ရှုစက်၊ အပြင်အခြားလိုအပ်တဲ ပစ္စည်းတွေကိုတော့ လိုအပ်ချက်ပေါ်မူတည်ပြီး နိုင်ငံတော်က ထောက်ပံ့ပေးနိုင်တဲ့ အရေအတွက်သာရရှိထားပါ။

၅လုံးထက်မကျော်တဲ့ အသက်ရှုစက်နဲ့ အခြားဆေးဝါးပစ္စည်းတွေကိုတော့ရရှိထားတာ ရှိပေမယ့် တကယ်တမ်း အစုလိုက်အပြုံလိုက်တွေ့ရှိလာမယ်ဆိုတရင်တော့ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ အခက်အခဲရှိမယ့် အနေထားမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေအရ ရောဂါပိုးစစ်ဆေးနိုင်မှုမှာလည်း တဦးတယောက်တိုင်းကို စစ်ဆေးနိုင်တဲ့ အနေအထားမရှိသလို၊ ပြန်ဝင်လာတဲ့ နိုင်ငံသားတွေအားလုံးကိုလည်း စစ်ဆေးနိုင်တဲ့ အခြေအနေမရှိတာ ကြောင့် အဲဒီကတဆင့် အဆိုးဆုံးဖြစ်လာနိုင်မယ့် အနေအထားအတွက်သာကာကွယ်ရေး ပြင်ဆင်နိုင်ဖို့ အဓိကလုပ် ဆောင်ဖို့ သာရှိတယ်လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

အဲဒီအတွက် လူမှုရေး ခွဲခြားနေထိုင်မှုတွေကို အစိုးရကညွှန်ကြားထားတဲ့အတိုင်း လိုက်နာကြရင်း ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုမရှိအောင်နေထိုင်ကြဖို့ သူကတိုက်တွန်းပါတယ်။