ကိုဗစ်၁၉-သတင်းမှား သတင်းတုအန္တရာယ်၊ ကုန်ဈေးနှုန်းတွေတက်ပြီး ရှားပါးလာမှာ စိုးရိမ်

ကုန်ဈေးနှုန်းတွေတက်ပြီး ရှားပါးလာမှာ စိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ကုန်ဈေးနှုန်းတွေတက်ပြီး ရှားပါးလာမှာ စိုးရိမ်

ကိုဗစ် ၁၉ ကြောင့် သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ကျင်းပတာအပါအဝင် လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မပြုလုပ်ကြဖို့ သမ္မတရုံးက မတ်လ ၁၃ ရက်မှာ ပန်ကြားချက် ထုတ်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် မတ်လ ၁၂ ရက်နေ့ညနေပိုင်းတည်းက ခုလိုပွဲလမ်းသဘင်တွေပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။

မနေ့က ဒီသတင်းထွက်လာပြီးပြီးချင်းမှာပဲ ရန်ကုန်နဲ့ မန္တလေးက ဈေးဝယ်စင်တာကြီးတချို့မှာ ခေါက်ဆွဲခြောက်၊ ဆန်၊ ဆီ၊ ပေါင်မုန့်၊ ငါးသေတ္တာ စတဲ့ စားသောက်ကုန်တွေကို တိုးဝှေ့ဝယ်ယူတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်ရောက်လာခဲ့ပါတယ်။

အဲဒီနောက်ဆက်တွဲအဖြစ် တချို့ဈေးဝယ်စင်တာကြီးတွေက လိုအပ်တဲ့ကုန်တွေကို ပြည်သူတွေမျှတစွာ ဝယ်ယူနိုင်ဖို့ ကန့်သတ်ရောင်းချမယ်လို့ ထုတ်ပြန်ပါတယ်။

ကုန်ဈေးနှုန်းမတက်အောင် အစိုးရ ဘာတွေလုပ်ပေးမှာလဲ

မတ်လ ၁၃ ရက် မနက်ကစလို့ အခြေခံစားသောက်ကုန်တချို့ ဖြစ်တဲ့ ဆန်နဲ့ ဆီတို့လိုအခြောက်အခြမ်းတွေ ဈေးအနည်းငယ် စတက်လာပါတယ်။

"အရင်က ဝယ်နေကျ ပေါ်ဆန်း တစ်ပြည် သုံးထောင်ကနေ အခု သုံးထောင့်နှစ်ရာ ဖြစ်သွားတယ်။ ပုစွန်တံဆိပ်နဲ့ ဆီကို မနက်က လိုလိုမယ် မယ်ထပ် ဝယ်တာ အရင်တစ်ပိဿာ တစ်ဗူးကို ၃၂၀၀ က အခု ၃၈၀၀ ဖြစ်သွားတယ်။ ဆိုင်ကို ဘာလို့တက်တာလဲမေးတော့ နောက်ထပ်ပစ္စည်းပြတ်ရင် ဝယ်မရမှာ စိုးလို့ တက်ဈေးနဲ့မိမှာစိုးလို့ လို့ ပြောတယ်။ မတက်နိုင်ဘူးလေ။ ဝယ်ရတာပေါ့။ မနက်က ရပ်ကွက်ဈေးထဲတောင် ကန်စွန်းရွက်ကို လုဝယ်ခဲ့ရတယ်"လို့ သာကေတက အိမ်ရှင်မတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကုန်ဈေးနှုန်းတက်အောင်လုပ်သူတွေကိ အရေးယူမယ် ဆိုပြီး သမ္မတရုံးက ကြေညာထား

ဓာတ်ပုံ ရင်းမြစ်, THET AUNG

ဓာတ်ပုံ ပုံစာ, ကုန်ဈေးနှုန်းတက်အောင်လုပ်သူတွေကိ အရေးယူမယ် ဆိုပြီး သမ္မတရုံးက ကြေညာထား

အစိုးရအနေနဲ့ကတော့ ကုန်ဈေးနှုန်းမတက်ဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းနဲ့ပြည်နယ် သက်ဆိုင်ရာဌာနတွေ ပူးပေါင်း ဆောင်ရွက်နေပြီး ကုန်ဈေးနှုန်းအပေါ်မှာ ကြီးကြီးမားမားအသုံးချတဲ့ စီးပွားရေးသမားတွေကို အရေးယူမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ဒီကနေ့ မတ်လ ၁၃ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

"ပြည်သူတွေက အရမ်းအစိုးရိမ်ကြီးပြီးတော့ပေါ့။ ကျွန်တော်တို့နိုင်ငံက အစားအသောက်တွေက တင်သွင်းရတဲ့နိုင်ငံမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အလုံအလောက်ရှိတဲ့အပြင် ပိုလျှံပါတယ်။ ဒါကြောင့် ဒီအပေါ်မှာ စီးပွားရေးသမားတွေအသုံးချတယ်။ ကြီးကြီးမားမား အသုံးချ သူတွေကို အရေးယူမယ်" လို့ ပြောပါတယ်။

ကုန်ဈေးနှုန်းတည်ငြိမ်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ကုန်ဈေးနှုန်းကစားသူကို ဦးစွာ သတိပေးတာ၊ ဒါမှမရရင် အုပ်ချုပ်ရေးဆိုင်ရာနည်းလမ်းအရ ဥပဒေနည်းနဲ့ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဈေးကွက်ထဲမှာ ရောဂါကာကွယ်ဖို့ ပစ္စည်းတွေထဲက နှာခေါင်းစည်း Mask တွေ ပြတ်လပ်နေတဲ့အပေါ် ဘယ်လိုစီစဉ်ပေးမလဲဆိုတာနဲ့ပတ်သက်လို့

"Mask ကဖြစ်တဲ့လူက တပ်ရတာ။ WHO က မဖြစ်သေးတဲ့လူ တပ်ဖို့မညွှန်ကြားထားဘူး။ စင်ကာပူက ဝန်ကြီးချုပ် လီရှန်လွန်း ပြောသွားတယ်။ တော်ရုံဖြစ် ရင် ကိုယ့်အိမ်မှာနေ၊ အရေးပေါ် ဖြစ်တဲ့လူပဲ ဆေးရုံတင်၊ အစိုးရိမ်ကြီးစရာလည်းမလိုသလို မစိုးရိမ်ဖို့လည်း မလိုပါဘူးလို့ ပြောလိုတယ်" လို့ ဆိုပါတယ်။

နှာခေါင်းစည်းတွေလည်း ဈေးတက်နေ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU / AFP / Getty Images

ဓာတ်ပုံ ပုံစာ, နှာခေါင်းစည်းတွေလည်း ဈေးတက်နေ

လောလောဆယ် အစိုးရမှာ အရန်ဆန် တန်ချိန် တစ်သောင်းရှိပြီး ပုဂ္ဂလိက မှာ ဘယ်လောက်ရှိလဲဆိုတာ မနက်ဖြန်မှာ ညှိနှိုင်းမှာဖြစ်ပြီး မလောက်ရင် အစိုးရက ထပ်စိုက်ပြီး ဝယ်မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

"မီးဖိုချောင်ပစ္စည်းတော့မဝယ်ဘူး။ လုံလောက်အောင်ဝယ်ထားလို့။ ရွှေဈေးကျလို့ ရွှေတော့ နည်းနည်းဝယ်လိုက်တယ်။ ကုန်ဈေးနှုန်းကတော့ တက်ကုန်ပြီလေ။ ရပ်ကွက်ထဲ လှည့်ရောင်းတဲ့ ကြံဖွံ့က ဆန်တောင် ၁,၂၀၀ ကနေ ၁,၄၀၀ အော်နေတယ် ။ ကုန်ဈေးနှုန်းတက်မှာတော့ တကယ်စိုးရိမ်တယ်။ အခုတောင် ငါးရာ၊ တစ်ထောင် တက်နေပြီလေ။ အထူးသဖြင့် ကိုယ်က ကလေးရှိတော့ ကလေးအတွက် စိတ်ပူတယ်။ ဒိုင်ဗာ တွေ။ ကလေး အစားအစာတွေ။ လူတွေက လိုတာထက်ပို၀ယ်တယ်ထင်တယ်။ သေချာလေ့လာပြီး နိုင်ငံတော်ထုတ်ပြန်ချက်အတိုင်း လိုက်နာမယ်ဆို ရှိတဲ့ ရိက္ခာနဲ့တိုင်းပြည် လောက်မယ်ထင်တယ် " လို့ ဗိုတထောင်မြို့နယ်က အိမ်ရှင်မတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ ဈေးကွက်ထဲမှာ လက်ဆေးရည်၊ နှာခေါင်းစည်းတွေ ဈေးတွေမြင့်တက်လာပြီး ကုန်ပစ္စည်းပြတ်လပ်တာမျိုး ဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

ဗိုင်းရပ်စ်သံသယလူနာတွေရှိလာရင် စောင့်ကြည့်ထားရှိဖို့ စီစဉ်ထားတဲ့ ဆေးရုံတချို့မှာ ဒီလူနာတွေ လာမထားဖို့ အဲဒီဆေးရုံရှိတဲ့အနီးတဝိုက်က ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာတွေလည်း ရှိလာပါတယ်။

လှည်းကူးမြို့က အောင်ဆန်းကျန်းမာရေးသင်တန်းကျောင်းမှာ ကိုဗစ်သံသယလူနာတွေ ထားတာကို မတ်လ ၁၄ ရက်မှာ ကန့်ကွက်ဆန္ဒဖော်ထုတ်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေလည်း ရပ်နားထားမယ်

လူထုကို လက်ဆွဲနှုတ်ဆက် တာ မလုပ်တဲ့ အတွက် နားလည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြော

ဓာတ်ပုံ ရင်းမြစ်, State Counselor

ဓာတ်ပုံ ပုံစာ, လူထုကို လက်ဆွဲနှုတ်ဆက် တာ မလုပ်တဲ့ အတွက် နားလည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါလို့ မကြေညာခင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲ ခရီးစဉ်တွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ရှောင်ရှားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တဲ့နောက် ဒီခရီးစဉ်တွေ ပေါ် ဝေဖန်တာတချို့ ရှိလာပါတယ်။

အဲဒီနောက် မတ်လ ၁၁ ရက်က စစ်ကိုင်းတိုင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကိုရိုနာနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တာတွေကိုလိုက်နာဖို့ လူထုတွေ့ဆုံပွဲမှာ တိုက်တွန်းပြောကြားတာတွေလုပ်ခဲ့ပါတယ်။ ဒါ့အပြင် လူထုကို လက်ဆွဲနှုတ်ဆက်တာမလုပ်တဲ့အတွက်တောင်းပန်ခဲ့ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ အတိုင်ပင်ခံရဲ့ခရီးစဉ်တွေ ဆက်ရှိနေမလားမေးမြန်းမှုအပေါ် ဦးဇော်ဌေးက

"လောလောဆယ် လူစူလူဝေးကို ဧပြီလကုန်ထိမလုပ်နဲ့လို့ ဖြစ်တဲ့အတွက် ဒါ အစိုးရတစ်ခုလုံးပါပါတယ်" လို့ သူကပြောပါတယ်။

လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေမကျင်းပရဘူးဆိုပေမယ့် လက်ရှိကျင်းပနေဆဲလွှတ်တော်ကိုတော့ ဆက်ကျင်းပဖို့ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဘာဘာရေးဆိုင်ရာလူစုလူဝေးတွေကို ဘယ်လိုကိုင်တွယ်မလဲ

ဘာသာရေးဆိုင်ရာနေရာတွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ စစ်ဆေးဖို့ရှိတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein

ဓာတ်ပုံ ပုံစာ, ဘာသာရေးဆိုင်ရာနေရာတွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ စစ်ဆေးဖို့ရှိတယ်လို့ ဆို

ဘုရားကျောင်းကန်တွေ၊ ဝတ်ပြုဆုတောင်းပွဲတွေ၊ ဗလီတွေမှာ စုပေါင်းဝတ်ပြုတာ၊ ဘုရားကျောင်းတွေမှာ ဆုတောင်းတာ စတဲ့ လူစုလူဝေးတွေကို ကိုင်တွယ်ဖို့လည်း သက်ဆိုင်ရာသာသာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူညွှန်ကြားထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

"သက်ဆိုင်ရာဌာနတွေက ဆက်ပြီးတော့ ညွှန်ကြားချက်ထုတ်ပါလိမ့်မယ်။ လူစုလူဝေး ဘယ်လောက်ဆိုတာမျိုး ဆိုတာကတော့ လောလောဆယ် ကျွန်တော်တို့ သတ်မှတ်ထားတာမရှိသေးဘူး" လို့ ဆိုပါတယ်။

စင်ကာပူမှာလည်း ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားလိုက်ပါပြီ။

မလေးရှားမှာ ပြုလုပ်တဲ့ ဝတ်ပြုပွဲကို တက်ရောက်ခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရှိပြီးတဲ့နောက် နိုင်ငံတစ်ဝန်းက ဗလီပေါင်း ၇၀ ကို ပိတ်လိုက်တာဖြစ်ပါတယ်။

ဗလီတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် ငါးရက်ကြာ ပိတ်ထားမှာဖြစ်ပါတယ်။

ကက်သလစ်ဘာသာရေးပွဲကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားမှာဖြစ်ပြီး ဒါဟာ အရင်က ဒီဘာသာရေးပွဲကို ပြန်စဖို့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်း ဆုံးဖြတ်ချက်ချလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီကို နှစ်ပတ်အတွင်း သွားထားတဲ့သူတွေကို ပြည်ဝင်ခွင့်လည်း ကို လာမယ့် တနင်္ဂနွေကစလို့ ပိတ်ဖို့ စီစဉ်နေပါပြီ။

ကျန်းမာရေးဝန်ထမ်းတွေက ဘာတွေစိုးရိမ်လဲ

ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါခုခံရေးအတွက် ရှေ့တန်းမှာ ပါဝင်နေရသူတွေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NHS

ဓာတ်ပုံ ပုံစာ, ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါခုခံရေးအတွက် ရှေ့တန်းမှာ ပါဝင်နေရသူတွေဖြစ်ပါတယ်။

ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါကို ခုခံကာကွယ်ရေးမှာ ရှေ့တန်းက ပါဝင်လုပ်ကိုင်ကြသူတွေဖြစ်တဲ့အတွက် အန္တရာယ်ရှိတာ မှန်တယ်လို့ ပါမောက္ခ ဒေါက်တာဦးရဲမြက ဒီကနေ့ မတ်လလ ၁၃ ရက်က ပြုလုပ်တဲ့ ကိုဗစ်၁၉ စကားဝိုင်းမှာပြောခဲ့ပါတယ်။

"ရှေ့တန်းက သူနာပြုတွေဆရာဝန်တွေကျန်းမာရေးဝန်ထမ်းတွေအန္တရာယ်ရှိပါတယ်။ လိုအပ်တဲ့အထောက်အပံ့တွေကျန်းဌာနက ပေးပါတယ် ဆရာဝန်က လူနာလာရင် ငြင်းပယ်လို့မရပါဘူး။ လိုအပ်တဲ့ကာကွယ်မှုယူပြီးဆောင်ရွက်ပေးရမှာပါ" လို့ သူက ပြောပါတယ်။

လက်ရှိအထိ ဌာနမှာ နှာခေါင်းစည်းတွေလည်း ပံ့ပိုးပေးထားတာရှိပြီး လိုအပ်ချိန်မှာ သုံးနိုင်ဖို့ စီစဉ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးရုံတွေမှာ ဗိုင်းရပ်စ်သံသယလူနာတွေကို စောင့်ကြည့်ကုသဖို့အတွက် ရောဂါကာကွယ်ရေးနဲ့ ကုသရေး ပစ္စည်းကိရိယာတွေလိုအပ်နေတဲ့အကြောင်း မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူက ပြောပါတယ်။

အထူးသဖြင့် လူနာတွေအတွက် အသက်ရှူစက် Ventilator တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေးဝတ်စုံ PPE တွေ၊ နှာခေါင်းစည်းတွေလိုအပ်နေပြီး အလှူရှင်တွေအနေနဲ့ ဒါတွေကို ဦးစားပေးပြီး လှူပေးဖို့၊ ဒီပြဿနာက တိုင်းနဲ့ပြည်နယ်မှာ ရှိတဲ့ ဆေးရုံတွေမှာလည်း တူညီတဲ့အခကအခဲရှိနိုင်တဲ့အတွက် လှူပေးနိုင်ကြောင်း ဒေါက်တာဝင်းသန္တာဖြူက တိုက်တွန်းပါတယ်။

လက်ရှိမှာ သံသယလူနာအင်အားနဲ့ ကုသရေးဝန်ထမ်းလုံလောက်နေပြီး မမျှော်လင့်ဘဲ လူနာပြုံကျလာမယ့်အခြေအနေဆိုရင်တော့ နယ်ဆေးရုံတွေအပါအဝင် ဆေးရုံတွေမှာ PPE တွေမလောက်ဘူးလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်ကလည်း ပြောကြားထားပါတယ်။

ဒါ့အပြင် အလှူရှင်တွေအနေနဲ့ အပေါ်က ပစ္စည်းတွေအပြင် Portable X ray ရွေ့လျား ဓာတ်မှန်စက်တွေလည်း လှူပေးဖို့ ဒေါက်တာဝင်းသန္တာဖြူက ဘီဘီစီကိုပြောပါတယ်။

ကိုဗစ်၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီကို သမ္မတအမိန့်နဲ့ ဖွဲ့

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် ၁၉ ကြောင့် ထိခိုက်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို သမ္မတအမိန့်နဲ့ ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဗဟိုဘဏ် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ကိုးဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီကော်မတီဟာ ကိုဗစ်၁၉ ကြောင့် ကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်းကျဆင်းနေတဲ့အပေါ် အရေးပေါ်စီမံဆောင်ရွက်ရန်နည်းလမ်းတွေအစီအစဉ်ဆွဲဖို့၊ စက်ရုံတွေရပ်သွားလို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေအရေး၊ နောင်မှာ ကိုဗစ်လိုမျိုးကြုံလာတဲ့အခါ CMP လုပ်ငန်းတွေမှာ ကုန်ကြမ်းကို တရုတ်တစ်နိုင်ငံတည်း မှီခိုနေရမယ့်အစား တခြားနိုင်ငံတွေကပါ ကုန်ကြမ်းတွေ ခွဲပြီးယူနိုင်ရေး၊ အသေးစားအလတ်စားလုပ်ငန်းတွေအပေါ် အခွန်သက်သာခွင့်နဲ့ ကင်းလွတ်ခွင့် ရရေးနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းသက်သာတဲ့ချေးငွေတွေထုတ်ပေးဖို့ သမ္မတရုံးကို တင် ပြဖို့ တို့ ဖြစ်ပါတယ်။