ကိုရိုနာဗိုင်းရပ်စ်- အာရှအမျိုးသမီးတွေအပေါ် ထိခိုက်မှု

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝူဟန်ကနေ ပြန်လာတဲ့ ဗီယက်နမ် အမျိုးသမီး
    • ရေးသားသူ, လာရာ အိုဝင်
    • ရာထူးတာဝန်, အရှေ့အာရှ အမျိုးသမီးရေးရာ၊ ဘီဘီစီ ကမ္ဘာတလွှားအသံလွှင့်ဌာန

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ခဲ့ပြီးကတည်းက အာရှဒေသမှာ လူ ထောင်နဲ့ချီ သေဆုံး၊ ရောဂါကူးစက်ခဲ့ကြသလို ကမ္ဘာတဝန်းမှာလည်း ရောဂါ ပျံ့နှံ့ ကူးစက်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး ထိခိုက်မှုတွေလိုပဲ လူမှုရေးပိုင်း ထိခိုက်နစ်နာမှုတွေက သိသာ ထင်ရှားလှပါတယ်။ အာရှဒေသမှာတော့ အကြီးအကျယ် ထိခိုက်နစ်နာသူတွေက အမျိုးသမီးတွေ ဖြစ်ပါတယ်။

"အကျပ်အတည်း ပဋိပက္ခတွေက အမျိုးသမီး အမျိုးသား မညီမျှမှုကို ပိုဆိုးဝါးစေတယ်" လို့ အာရှနဲ့ ပစိဖိတ်ဒေသ အမျိုးသမီးရေးရာ ကုလသမဂ္ဂ အဖွဲ့ရဲ့ ကယ်ဆယ်ရေးနဲ့ ဘေးအန္တရာယ် ကာကွယ်ရေး အကြံပေး မာရီယာ ဟိုလ်စ်ဘာ့ဂ် က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှဒေသက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ ၅ မျိုးကို ကြည့်ကြရအောင်ပါ။

၁။ စာသင်ကျောင်းတွေ ပိတ်တာ

"ကလေးတွေနဲ့ အိမ်မှာ နေနေရတာ အခုဆို သုံးပတ် ကျော်နေပြီ" လို့ တောင်ကိုရီးယား အမျိုးသမီး သတင်းထောက် ကလေးနှစ်ယောက်မိခင် ဆွန် ဆိုယန်း က ပြောပြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ စာသင်နှစ်အစ ကျောင်းတွေ ပြန်ဖွင့်မယ့်ရက်ကို နောက်ထပ် နှစ်ပတ် ရွှေ့ဆိုင်းမယ်လို့ အစိုးရက မကြာသေးခင်က ထုတ်ဖော် ကြေညာထားတာမို့ မတ်လ ၂၃ ရက်နေ့အထိ ကလေးငယ်တွေ ကျောင်းပြန်သွားမှာ မဟုတ်ကြသေးပါဘူး။

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာရှဒေသတွင်းက နိုင်ငံအတော်များများမှာ ကျောင်းတွေ ပိတ်ထားတာမို့ ကျောင်းသူကျောင်းသား ကလေးငယ် သန်းပေါင်းများစွာ အိမ်ထဲမှာ နေနေကြရ

ပုံမှန်အားဖြင့် မတ်လ ၄ ရက်နေ့ ဆိုရင် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ မူကြိုကနေ အထက်တန်းကျောင်း အထိ ကျောင်းသားကျောင်းသူ ၂၅၃ သန်းကျော်လောက် ကျောင်းပြန်တက်နေကျ ဖြစ်ပေမယ့် အခုတော့ ကျောင်းတွေ ပိတ်ထားပါတယ်။

အရှေ့အာရှ တိုင်းပြည် အတော်များများမှာ အိမ်တာဝန်တွေကို မိခင်တွေက မတန်တဆ ထမ်းရွက်ကြရတာမို့ ဒီလို ကျောင်းတွေ ပိတ်ထားတာဟာ မစ္စစ်ဆွန်းတို့လို အမျိုးသမီးတွေအတွက် အထူးသဖြင့် အခက်တွေ့ကြရပါတယ်။ အရမ်းကို စိတ်ဓာတ်ကျမိတယ်လို့ မစ္စစ်ဆွန်းက ပြောပါတယ်။

"အမှန်အတိုင်း ပြောရရင် အိမ်မှာ ကောင်းကောင်း အာရုံမစိုက်နိုင်လို့ အလုပ်ကို ပြန်သွားချင်လိုက်တာ၊ ဒါပေမဲ့ ကျွန်မယောက်ျားက အဓိက ဝင်ငွေရှာတဲ့ သူဆိုတော့ သူက ခွင့်မယူနိုင်ဘူးလေ" လို့ မစ္စစ်ဆွန်းက ပြောပါတယ်။

မစ္စစ်ဆွန်းဟာ သူ့ရဲ့ အသက် ၁၁ နှစ်အရွယ်သမီး၊ ၅ နှစ်အရွယ်သားတို့နဲ့အတူ ဂိမ်း ကစား၊ ရုပ်ရှင်ကြည့်ရင်း ကျောင်းပိတ်ရက်တွေကို ကျော်ဖြတ်နေပါတယ်။ ကလေးတွေ အိပ်တဲ့အချိန်မှာမှ အလုပ်လုပ်ဖို့ ကြိုးစားရပါတယ်။

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာရှနိုင်ငံက အမျိုးသမီးအတော်များများ ကလေးတွေ ထိန်းဖို့ အလုပ်ကနေ ခွင့်ယူကြရပါတယ်။

မစ္စစ်ဆွန်းရဲ့ အခြေအနေက တောင်ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်ရဲ့ အမျိုးသား အမျိုးသမီး မညီမျှမှုကို ထင်ဟပ်ပြနေပါတယ်။ စီးပွားရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင် ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ စီးပွားရေးဖိုရမ်ရဲ့ ၂၀၂၀ ခုနှစ် စာရင်းမှာ တောင်ကိုရီးယားနိုင်ငံဟာ နိုင်ငံပေါင်း ၁၅၅ နိုင်ငံမှာ အဆင့် ၁၂၇ မှာ ပါခဲ့ပါတယ်။

ကျောင်းတွေ ပိတ်လိုက်တာကြောင့် ကလေးထိန်းရလို့ အလုပ်မလာနိုင်တဲ့ အမျိုးသမီး ဝန်ထမ်းတွေကို ကုမ္ပဏီတချို့က လစာတွေ ဖြတ်တာကို ကြားခဲ့ရတယ်လို့ မစ္စစ်ဆွန်းက ပြောပါတယ်။

ကုမ္ပဏီအတော်များများကတော့ ဒီလို ထုတ်မပြောကြပါဘူး။ ဒါပေမဲ့ ကလေးအမေ ဝန်ထမ်းတွေဟာ အပြိုင်အဆိုင် အလုပ်လုပ်ချင်စိတ် နည်းတယ် ဆိုပြီး ဝန်ထုပ်ဝန်ပိုးအဖြစ် သူတို့က ယူဆနေကြဆဲပါ။ ဘာပဲပြောပြော ကလေးမရှိဘူး ဆိုရင် အလုပ်ကို ပိုလာနိုင်မှာပေါ့လေ လို့ သူက ပြောပါတယ်။

ဂျပန်နိုင်ငံမှာလည်း ကျောင်းတွေ ပိတ်ထားလို့ ကလေးထိန်းဖို့ ခွင့်ယူတဲ့ ဝန်ထမ်းတွေကို လစာပေးတဲ့ ကုမ္ပဏီတွေကို အစိုးရက တစ်ရက်ကို ဝန်ထမ်းတစ်ယောက် ဒေါ်လာ ၈၀ နှုန်းနဲ့ ပြန်ပေးမယ်လို့ ဂျပန် အစိုးရက အခုသီတင်းပတ်မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

နေ့ကလေးထိန်းကျောင်းတွေ၊ ကျောင်းဆင်းချိန် နောက်ပိုင်း ကလေးထိန်းတဲ့ နေရာတွေကိုတော့ မိဘတွေကို ကူညီတဲ့အနေနဲ့ ကျောင်းမပိတ်ဘဲ နေခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ ကျောင်းတွေ ပိတ်ထားတာက ဘယ်လောက် ထိရောက်မှု ရှိသလဲ ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

"ကျောင်းတွေ ပိတ်ထားတာဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့တာကို လုံးဝ ဥဿုံ မတားဆီးနိုင်ပါဘူး။ ကလေးအမေတွေ အပေါ်မှာပဲ ဝန်ထုပ်တွေ ပိုပိ လာစေပါတယ်" လို့ အသေးစား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ မစ္စစ်နက်ဆူကို ဖူဂျီမာကီ တာကီယူချီ က ပြောပါတယ်။

"အထူးသဖြင့် ကျွန်မတို့လို အသေးစား စီးပွားရေးလုပ်ငန်းရှင် အတွက်က စိန်ခေါ်မှုတွေ ရှိလာနေပါတယ်။ စီးပွားရေး ထိခိုက်နစ်နာမှုအတွက် ကုမ္ပဏီ အကြီးတွေကို ပေးတဲ့အကူအညီမျိုး ကျွန်မတို့ မရပါဘူး"

၂။ အိမ်တွင်းအကြမ်းဖက်မှု

တရုတ်နိုင်ငံမှာ လူသန်းပေါင်းများစွာ အိမ်ပြင်ထွက်ခွင့်မရဘဲ အိမ်ထဲမှာပဲ နေနေကြရတဲ့အတွက် အိမ်တွင်း အကြမ်းဖက်မှုတွေ ပိုများလာနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့ ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ပြောင်းရွှေ့လာတဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ဂူအောင် ဂျင်း က ဝူဟန်မှာ နေထိုင်နေတဲ့ လူငယ်တွေက မိဘတွေရဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေကို မျက်မြင်ကြုံနေရတဲ့အကြောင်း သူ့ကို လှမ်းပြောတာမျိုးတွေ ရှိခဲ့တယ်လို့ ပြောပြပါတယ်။ အဲဒီ ကလေးတွေဟာ ဘယ်သူ့ကို အကူအညီ တောင်းရမလဲ ဆိုတာ မသိကြဘူးလို့လည်း ဆိုပါတယ်။

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စိုးရိမ် ထိတ်လန့်နေတဲ့ အမျိုးသမီးငယ်

ဟီနန်ပြည်နယ်မှာ နေထိုင်နေတဲ့ တရုတ် အခွင့်အရေး လှုပ်ရှားသူ ရှောင်လီက ဆွေမျိုးနီးစပ် အမျိုးသမီးတစ်ဦးကို သူ့ခင်ပွန်းဟောင်းက ရိုက်နှက် ထိုးကျိတ်ခဲ့တဲ့အတွက် စိုးရိမ်မိတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပြီး အကူအညီ ပေးဖို့ ပန်ကြားထားပါတယ်။

"အစပိုင်းမှာတော့ သူ့ကို ရွာထဲကနေ ထွက်ခွင့် တောင်းလို့ မရခဲ့ပါဘူး၊ ဒါပေမဲ့ ဇွတ်အတင်း တောင်းဆိုတဲ့အတွက် နောက်ဆုံးမှာ ရဲက ထွက်ခွင့်ပေးလိုက်ပြီး သူနဲ့ သူ့ကလေးတွေကို ကျွန်မအစ်ကို သွားခေါ်ခွင့် ရခဲ့ပါတယ်"လို့ မစ်စ် လီက ဘီဘီစီကို ပြောပြပါတယ်။

ဒီလို အိမ်တွင်းအကြမ်းဖက်မှုမျိုးတွေ တစ်ဦးချင်းအလိုက် လူမှုကွန်ရက်ပေါ်မှာ ပေါ်ထွက်လာနေသလို အိမ်တွင်းအကြမ်းဖက်မှုမျိုး ကိုယ့်ရှေ့မှာ တွေ့ခဲ့ရင် ဘေးကနေ ကြည့်မနေဘဲ ဆန့်ကျင်တုံ့ပြန်တာမျိုး လုပ်ကြဖို့ သတိပေးထားတဲ့ ပိုစတာတွေကို အမျိုးသမီးတချို့က လိုက်လံ ချိတ်ဆွဲခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေကို ဆန့်ကျင်တားဆီးရေးနဲ့ ပတ်သက်လို့ တရုတ်လူမှုကွန်ရက် စာမျက်နှာ ဆီနာ ဝေဘို ပေါ်မှာ ရေးသား ပြောဆိုနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ထဲမှာပဲ နေနေရချိန်မှာ အရင်ကထက် အိမ်တွင်းအကြမ်းဖက်ခံရသူတွေဆီက အကူအညီတောင်းမှု သုံးဆ တိုးလာတယ်လို့ ဘေဂျင်းမြို့ အခြေစိုက် ဝေပင်း အမျိုးသမီးများအခွင့်အရေး ပရဟိတအဖွဲ့ ဒါရိုက်တာ ဖန်ယွန်း က ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။

"ရဲတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြပြီး အိမ်တွင်းအကြမ်းဖက်မှုတွေကို အသေအချာ အရေးမယူဘဲ မနေသင့်ဘူး"လို့ သူက ပြောပါတယ်။

ကျန်းမာရေး ပုံမှန်စစ်ဆေးတာမျိုး ဒါမှမဟုတ် အိမ်တွင်း အကြမ်းဖက်မှုတွေကို စစ်ဆေး အရေးယူတာမျိုးလို အမျိုးသမီးတွေ အားထားနေရတဲ့ အရေးပါတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သုံးနေတဲ့ အရင်းအမြစ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကို တားဆီး ထိန်းချုပ်ရေးမှာ ပြောင်းလဲ အသုံးပြုကောင်း ပြုနေတာတွေကြောင့် အကြီးအကျယ် စိုးရိမ်မိတယ်လို့ အာရှနဲ့ ပစိဖိတ်ဒေသ အမျိုးသမီးရေးရာ ကုလသမဂ္ဂ အဖွဲ့ရဲ့ ကယ်ဆယ်ရေးနဲ့ ဘေးအန္တရာယ် ကာကွယ်ရေး အကြံပေး မာရီယာ ဟိုလ်စ်ဘာ့ဂ် က ပြောပါတယ်။

၃။ အန္တရာယ်များတဲ့ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေ

ကျန်းမာရေးနဲ့ လူမှုရေးကဏ္ဍက အလုပ်သမား ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

သူနာပြုဆရာမတွေလို ရောဂါ ကူးစက်ဖို့ အန္တရာယ်များတဲ့ ကဏ္ဍက အမျိုးသမီးတွေကို သူတော်စင်တွေ၊ စစ်သူကြီးတွေလိုသဘောမျိုး တရုတ်မီဒီယာတွေမှာ အကြီးအကျယ် ချီးကျူး ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဒီအမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခြေအနေက ဘယ်လိုရှိနေပါလဲ။

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူနာပြုဆရာမတွေ ရဲရဲရင့်ရင့်နဲ့ မနိုင့်ဝန်ထမ်း လုပ်နေကြရတယ် ဆိုတဲ့ အကြောင်းတွေ တရုတ် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီး ထိန်းချုပ်ရေးမှာ ကူညီ ဆောင်ရွက်ဖို့ မသွားခင် ဂန်ဆု ပြည်နယ်က အမျိုးသမီး ဆေးဝန်ထမ်းတွေ တစုတဝေးတည်း ခေါင်းတုံး တုံးနေကြပုံ ဗီဒီယို တစ်ခုက အွန်လိုင်းပေါ်မှာ လူတွေ အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ တစ်ခါ ကိုယ်ဝန် ကိုးလ ရှိနေတဲ့ ဆေးဝန်ထမ်း အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျသွားခဲ့ပေမယ့် အလုပ်ခွင် ချက်ချင်း ပြန်သွားခဲ့တဲ့ သတင်းကလည်း ဝါဒဖြန့်ဖို့ လုပ်တာ၊ နောင်ဒါမျိုး လိုက်လုပ်ရင် အန္တရာယ်တွေ့နိုင်တယ် ဆိုတဲ့ ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဘီဘီစီနဲ့ ဆက်သွယ်မေးခဲ့တဲ့ သူနာပြုဆရာမ တစ်ဦးက ဆေးရုံဝန်ထမ်းတွေဟာ အလုပ်ချိန် ၁၀ နာရီအတွင်း အစာစားခွင့်၊ အနားယူခွင့် ဒါမှမဟုတ် အိမ်သာတက်ခွင့် မရကြဘူးလို့ ပြောပြပါတယ်။

ဒီပိတ်ပင်ချက်ဟာ ဆေးရုံဝန်ထမ်း အားလုံးအပေါ် ချမှတ်ထားတာ ဖြစ်ပေမယ့် အမျိုးသမီး ဆေးရုံဝန်ထမ်းတွေမှာတော့ နောက်ထပ် အပိုဒုက္ခတစ်မျိုးနဲ့ ထပ်ရင်ဆိုင်နေရပါတယ်။

အမျိုးသမီးတွေ လစဉ် ကြုံတွေ့ရတဲ့ ဓမ္မတာ ကိစ္စမျိုးတွေကို ထည့်မတွက်ကြဘူး လို့ ဟူဘေးပြည်နယ်က အမျိုးသမီး ဆေးဝန်ထမ်းတွေအတွက် လစဉ်သုံးပစ္စည်းတွေ သွားရောက် ပို့ဆောင်ပေးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ညီအစ်မများ လှုပ်ရှားမှုအဖွဲ့ရဲ့ ခေါင်းဆောင် ဂျန် ဂျင်ဂျင်း က အွန်လိုင်း မီဒီယာတစ်ခုကို ပြောပြပါတယ်။

အမျိုးသမီး ဆေးဝန်ထမ်း ထောင်သောင်းများစွာအတွက် သင့်လျော်တဲ့ လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ ဖြည့်ဆည်း ပေးဖို့ကို လူအတော်များများက မစဉ်းစားမိကြဘူးလို့ သူက ပြောပါတယ်။

သူတို့အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်း လုပ်ရပ်ကို တရုတ်လူမှုကွန်ရက်ပေါ်မှာ လူအများအပြား ချီးကျူး ထောက်ခံခဲ့အပြီးမှာတော့ တရုတ်အစိုးရ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အမျိုးသမီး ဆေးဝန်ထမ်းတွေအတွက် လစဉ်သုံး ပစ္စည်းတွေ သူတို့ ထောက်ပံ့ပေးမယ်လို့ ပြောခဲ့ပါတယ်။

Presentational grey line
ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ
Presentational grey line

၄။ ပြည်ပထွက် အလုပ်လုပ်ကြရတဲ့ အိမ်အကူအမျိုးသမီးတွေ

ဟောင်ကောင်မှာ အိမ်အကူတွေအဖြစ် တခြားနိုင်ငံကနေ လာအလုပ်လုပ်ကြသူ အမျိုးသမီးတွေ လေးသိန်းလောက် ရှိနေတယ်လို့ ခန့်မှန်းရပြီး အများစုဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေက ဖြစ်ပါတယ်။ ဒီအမျိုးသမီးတွေဟာ သူတို့ရဲ့ အလုပ် အခြေအနေ မရေမရာ ဖြစ်လာမှာတင်မက နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည် စတဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး ပစ္စည်းတွေ ဘယ်လို ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ပါ အကြီးအကျယ် စိုးရိမ်နေကြပါတယ်။

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အမျိုးသမီး အများအပြား ပြည်ပမှာ အလုပ်ထွက်လုပ်ပြီး အိမ်ကို ငွေပြန်ပို့ကြ

"နှာခေါင်းစည်းတွေ အလုအယက် ဝယ်ကုန်ကြတဲ့အတွက် စျေးတွေ တက်ကုန်တာမို့ နိုင်ငံခြားသား အိမ်အကူတွေ မဝယ်နိုင်ကြတော့ဘူး"လို့ ဟောင်ကောင် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အကူအညီပေးနေတဲ့ ပရဟိတ အဖွဲ့ရဲ့ အထွေထွေမန်နေဂျာ ဆင်သီယာ အက်ဘ်ဒွန် တယ်လက်ဇ် က ပြောပါတယ်။

"ရွှေ့ပြောင်း အလုပ်သမားတိုင်း သူတို့အလုပ်ရှင်တွေဆီက နှာခေါင်းစည်းတွေ မရကြပါဘူး။ သူတို့ပိုက်ဆံနဲ့ သူတို့ဝယ်ကြရပြီး စျေးလည်း သိပ်ကို ကြီးပါတယ်။ တချို့ကတော့ အလုပ်ရှင်တွေက ပေးပေမယ့် တစ်ပတ်လုံးလုံး နှာခေါင်းစည်း တစ်ခုပဲ သုံးရတာမျိုးလည်း ရှိပါတယ်" လို့ ဟောင်ကောင်မှာ အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား အိမ်အကူအမျိုးသမီး တစ်ဦးက ဘီဘီစီ အင်ဒိုနီးရှားဌာနကို ပြောပြပါတယ်။

အလုပ်ရှင်တွေက မထောက်ပံ့ပေးတဲ့ နေရာတွေမှာ သူ့အဖွဲ့က နှာခေါင်းစည်း ထောက်ပံ့ပေးတာမျိုးတွေ စလုပ်နေတယ်လို့ မစ်စ် အက်ဘ်ဒွန် တယ်လက်ဇ် က ပြောပါတယ်။

အင်ဒိုနီးရှား သံရုံးက နှာခေါင်းစည်းတွေ အခမဲ့ ဝေပေးပေမယ့် မလုံလောက်ပါဘူး။ နှာခေါင်းစည်း ၃ ခု ရဖို့ တစ်နာရီလောက်ကြာအောင် တန်းစီ စောင့်ရပါတယ်။ သီတင်းတစ်ပတ်အတွက် အနည်းဆုံး နှာခေါင်းစည်း ၆ ခု လိုပါတယ်လို့ ဟောင်ကောင်မှာ ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားများ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆရင်း ဆရင်ဂါတင် က ပြောပါတယ်။

တစ်ခါ နိုင်ငံခြားသား အိမ်အကူ အလုပ်သမားတွေကို ကျန်းမာရေး ကာကွယ်ဖို့နဲ့ ရောဂါကူးစက်မှု အန္တရာယ် လျော့ပါးအောင် လုပ်ဆောင်တဲ့အနေနဲ့ သီတင်းတစ်ပတ်မှာ တစ်ရက်ပဲ ရတဲ့ သူတို့ရဲ့ အားလပ်ရက်မှာ အိမ်ထဲမှာပဲ နေကြဖို့ ဟောင်ကောင် အစိုးရရဲ့ အကြံပေးချက်ကြောင့်လည်း စိတ် မသက်မသာ ဖြစ်နေကြပါတယ်။

နိုင်ငံခြားသား အိမ်အကူ အမျိုးသမီးတွေဟာ မိသားစုနဲ့ ဝေးနေချိန်မှာ သူတို့ရဲ့ အဲဒီ အားလပ်ရက် တစ်ရက်လေးမှာပဲ တခြားမိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံလေ့ ရှိကြတာ ဖြစ်ပြီး အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေရတဲ့အတွက် မတရား အခိုင်းခံရမှုတွေ ရှိလာနိုင်ပါတယ်။

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, KJRI Hong Kong

ဓာတ်ပုံ ပုံစာ, ဟောင်ကောင်မှာ ရှိတဲ့ အင်ဒိုနီးရှား ကောင်စစ်ဝန်ရုံးမှာ အခမဲ့ နှာခေါင်းစည်းတွေ အတွက် အင်ဒိုနီးရှားနိုင်ငံသားတွေ တန်းစီစောင့်ဆိုင်းနေကြ

အပြင်ထွက်ခွင့် မရလို့ အိမ်ထဲမှာပဲ နေရတဲ့ အိမ်အကူအမျိုးသမီးတွေဟာ အားလပ်ရက်မှာ အိမ်မှာ ရှိနေတဲ့အတွက် အလုပ်လုပ်ပေး နေကြရတယ် လို့ မစ္စစ်ဆရင်ဂါတင် က ပြောပါတယ်။

အလုပ်ရှင်တွေအတွက် ချက်ပြုတ်၊ ကလေးထိန်း ဒါမှမဟုတ် အလုပ်ရှင်တွေရဲ့ မိဘတွေကို ပြုစုစောင့်ရှောက် စတဲ့ ဝေယျာဝစ္စတွေကို အလကား လုပ်ပေးကြရပါတယ်၊ အားလပ်ရက် အိမ်ထဲမှာ နေပေမယ့် အလုပ်မလုပ်ဘူးလို့ တောင်းဆိုတဲ့ သူတွေဟာ အလုပ်ဖြုတ်ပစ်ခံရမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။

ဒါဟာ အဲဒီ အိမ်အကူ အမျိုးသမီးတွေတင် ထိခိုက်တာ မဟုတ်ပါဘူး။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ သူတို့ရဲ့ ဝင်ငွေတွေကို မှီခိုပြီး ရပ်တည်နေရတဲ့ လူသန်းပေါင်းများစွာ ရှိနေပါတယ်။

ပြည်ပမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် အလုပ်သမားတွေဆီကနေ မိသားစုတွေဆီ လွှဲပေးတဲ့ ငွေပမာဏဟာ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၃၃ သန်းခွဲလောက် အထိ စံချိန်တင် ရှိခဲ့ပါတယ်။

ပြည်ပမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် အလုပ်သမားတွေဆီက လွှဲပေးနဲ့ ငွေတွေဟာ ပျှမ်းမျှအားဖြင့် ဖိလစ်ပိုင်နိုင်ငံ တနှစ်လုံး ဝင်ငွေရဲ့ ၉ ရာခိုင်နှုန်းလောက် ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးကိုလည်း ထိခိုက်လာနိုင် ဖွယ်ရှိတယ်လို့ ING မနီလာဘဏ်ရဲ့ ထိပ်တန်း စီးပွားရေးပညာရှင် နီကိုလက်စ် မာပါ က ပြောပါတယ်။

၅။ ရေရှည် စီးပွားရေး ရိုက်ခတ်မှု

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးဟာ ၂၀၀၉ ခုနှစ်ကတည်းက ဆိုရင် အနှေးဆုံး အဆင့်ကို ရောက်ကောင်းရောက်သွားနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ နိုင်ငံအစိုးရတွေက ခန့်မှန်းနေကြပါတယ်။

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူတွေ အိမ်ပြင်မထွက်ရင် ဘန်ကောက်မြို့က ပန်းရောင်းသည်လို အသေးစားစီးပွားရေး လုပ်ငန်းလေးတွေ အရင်ဆုံး အထိနာဖို့ ရှိ

"ခြုံပြီး ပြောရရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလာမှု၊ ကုန်ထုတ်လုပ်မှု၊ ကုန်သုံးစွဲမှု စတာတွေအပေါ် ထိခိုက်မှုတွေ အကြီးအကျယ် ရှိနေပါတယ်။ကဏ္ဍအတော်များများ အပေါ် ထိခိုက်တာမို့ အမျိုးသားတွေရော အမျိုးသမီးတွေပါ ထိခိုက် နစ်နာနိုင်ပါတယ်"လို့လန်ဒန် တက္ကသိုလ် SOAS ကျောင်းက ကထိက ခရစ္စတီနာ မာ့ဂ်စ် က ပြောပါတယ်။

"ဒါပေမဲ့ ဟိုတယ်တွေ၊ အရောင်းအဝယ် ဆိုင်တွေလို လုပ်ငန်းတွေမှာ အရောင်းအဝယ်တွေ ထိုင်းသွားတဲ့အတွက် အဲဒီမှာ အလုပ်လုပ်နေကြတဲ့ ဝင်ငွေနည်း အမျိုးသမီးတွေကို အထူးသဖြင့် ပိုထိခိုက်စေနိုင်ပါတယ်"

"တရုတ်နိုင်ငံမှာ လာအလုပ်လုပ်ကြတဲ့ အမျိုးသမီး အလုပ်သမား အတော်များများဟာ အလုပ် ကန်ထရိုက်စာချုပ်တွေ မရှိကြတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာချိန်မှာ အလုပ်မလုပ်နိုင်ရင် ဝင်ငွေ ရကြမှာ မဟုတ်တော့ပါဘူး"

"သူတို့မှာ လူမှုဖူလုံရေး ထောက်ပံ့မှုတွေလည်း မရနိုင်တဲ့အတွက် ရောဂါကူးမယ့် အန္တရာယ်ကို သိသိကြီးနဲ့ အရဲစွန့်၊ လုပ်ငန်းခွင်ထဲ ပြန်သွား အလုပ်လုပ်ရင်လုပ် မဟုတ်ရင် အိမ်မှာပဲ နေပြီး ရှိတဲ့ ပိုက်ဆံလေးနဲ့ ချွေတာ သုံးရမှာ ဖြစ်ပါတယ်။ အဲဒီအမျိုးသမီးတွေအတွက် သိပ်ကို ခက်ခဲတဲ့ အခြေအနေမျိုးပါ" လို့ သူက ပြောပါတယ်။

ကိုရိုနာ၊ အာရှ၊ အမျိုးသမီး၊ ထိခိုက်နစ်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံက စက်ရုံတွေမှာ အမျိုးသမီးတွေ အများအပြား အလုပ်လုပ်ကြ

တရုတ်နိုင်ငံက ကုန်ကြမ်းတွေကို အားထားနေရတဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့က အထည်ချုပ်စက်ရုံတွေဟာ အခုအခါ ပိတ်ပစ်ရမယ့် အခြေအနေ ရောက်နေပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီလကတည်းက စက်ရုံပေါင်း ၁၀ ခုကျော် ပိတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်မှု မရှိဘူးလို့ အလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။

စက်ရုံပိတ်လိုက်လို့ အလုပ်ပြုတ်ခဲ့ရတဲ့ မချစ်စုက သူ့ဝင်ငွေနဲ့ မိသားစုကို ထောက်ပံ့နေတာလို့ ဘီဘီစီ မြန်မာပိုင်းဌာနကို ပြောပြပါတယ်။

"လျော်ကြေး ရရမရရ ဂရုမစိုက်ပါဘူး။ စက်ရုံမှာပဲ အလုပ် ပြန်လိုချင်ပါတယ်" လို့ သူက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒဏ်ကို အများဆုံး ခံရမယ့် သူတွေဟာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေ၊ အသေးစား စီးပွားရေးသမားတွေနဲ့ ကြုံရာ အလုပ်လုပ်ကိုင်နေသူတွေ အပါအဝင် အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂ အမျိုးသမီး ရေးရာအဖွဲ့က ခန့်မှန်းထားပါတယ်။

အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား ရေရှည်နဲ့ ရေတိုကာလ ပြန်နလံထူလာနိုင်ဖို့ လိုအပ်ချက်တွေ ကွာခြားတာကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ အာရှ ပစိဖိတ် ဒေသ အမျိုးသမီးရေးရာ ကုလသမဂ္ဂအဖွဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မိုဟာမက်ဒ် နက်ချီရီ က ပြောပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက် နှိမ်နင်းရာမှာ အမျိုးသမီးတွေဟာ ကျန်းမာရေး ဝန်ထမ်းတွေ၊ သိပ္ပံပညာရှင်တွေ၊ သုတေသီတွေ၊ လူမှုအသိုင်းအဝိုင်း အတွင်း ငြိမ်းချမ်းရေး တည်ဆောက်သူတွေ အဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်နေကြပါတယ်"

"အမျိုးသမီးတွေရဲ့ ဆန္ဒကို ကြားရဖို့ ၊ အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်" လို့ သူက ပြောပါတယ်။