ကိုရိုနာဗိုင်းရပ်စ်-ဟိုတယ်ခရီးလေကြောင်းလိုင်းအပါအဝင် မြန်မာ့ စီးပွားရေး အထိနာစပြု

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
ကမ္ဘာ့ကပ်ရောဂါလို့ WHO က ကြေညာလိုက်တဲ့အတွက် လုပ်ဆောင်စရာရှိတာတွေ ဆက်လုပ်မယ်လို့ မြန်မာအစိုးရက မတ် ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကပ်ရောဂါဆိုတာက နေရာဒေသစုံမှာ လူလူချင်း အလွယ်တကူနဲ့ အဆက်မပြတ် ကူးစက်နိုင်ပြီး ရောဂါရဲ့ ပြင်းထန်မှုထက် ရောဂါပျံ့နှံ့မှုက လျင်လျင် မြန်မြန်နဲ့ ကူးစက်နိုင်တဲ့အခြေအနေကို ရည်ရွယ်ပါတယ်။
အဲဒီလိုကြေညာပြီးနောက်တစ်ရက်မှာပဲ မြန်မာနိုင်ငံမှာ လူစုလူဝေးလုပ်တဲ့ကိစ္စတွေကို အစိုးရက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တော့မယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မတ်လ ၁၂ က ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ကပ်ရောဂါလို့သတ်မှတ်ကြေညာလိုက်တာက ဒီထက်ပိုပြီး ဂရုစိုက်ကြဖို့၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအရှိန်မြှင့်ဖို့ အချက်ပေးခေါင်းလောင်းထိုးလိုက်တဲ့သဘောဖြစ်တယ်ဆိုတာ WHO ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတယ်လို့ ဗဟိုကူးစက်ရောဂါဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
အခုလို ကပ်ဘေးလို့သတ်မှတ်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ တခြား ရောဂါကူးစက်မှုပြင်းထန်နေတဲ့ နိုင်ငံတချို့လို ဒီရောဂါတွေ့ခဲ့လို့ လူနာတွေ ပြုံကျလာတဲ့အခြေအနေမျိုးအတွက် ဆေးရုံ ရှစ်ရုံ ပြင်ဆင်ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
"ဆေးရုံကြီးတွေရော၊ ဆေးရုံငယ်လေးတွေရော အကုန်ပြင်ထားပါတယ်။ မြန်မာမှာဆေးရုံက ၁၃၅၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ ပြုစုကုသဖို့ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ ထားရှိပြီးဖြစ်ပါတယ်။ တရုတ်ပြင်ပ အီတလီလို အီရန်လို၊ တောင်ကိုရီးယားလို ဖြစ်သွားနိုင်လားဆိုတောတော့ ဒါကတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ကတော့ ကျွန်မတို့ အတိုင်းအတာနဲ့ အကုန်ပြင်ဆင်ထားပါတယ်။ သက်ဆိုင်ရာ WHO ရဲ့ ပံ့ပိုးမှု၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ တိုးချဲ့လုပ်ဖို့ရှိပါတယ်" လို့ သူကပြောပါတယ်။
လူနာတွေကို ထိတွေ့ကုသပေးတဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါ ကာကွယ်ရေးဝတ်စုံတွေ ရှိပြီး N 95 နှာခေါင်းစည်းတွေဆိုရင်တော့ ဌာနတွင်း လှည့်လည်သုံးနိုင်တဲ့အခြေအနေမှာရှိတယ်လို့ သူက ဆက်ပြောပါတယ်။
"ဥပမာ တီဘီအတွက် သုံးတဲ့ N95 Mask တွေဆို ဖလှယ်ပြီးသုံးလို့ရပါတယ်။ ကျွန်မတို့မှာ ရောဂါကာကွယ်ရေးပစ္စည်းပစ္စယတွေ ဘယ်လောက်ရှိတယ်ဆိုတာ ဝန်ကြီးဌာနက တရားဝင်ဇယားနဲ့ ထုတ်ပြန်ထားတာရှိပါတယ်" လို့ ဆိုပါတယ်။
ရောဂါဖြစ်ပွားမှု ပြင်းထန်နေတဲ့ နိုင်ငံတချို့မှာ ကျန်းမာရေးဝန်ထမ်းတွေမလုံလောက်ရင် အငြိမ်းစားကျန်းမာရေးဝန်ထမ်းတွေပြန်ခေါ်ပြီးလုပ်အားပေးတာမျိုး မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ စီစဉ်ထားတာဆိုတာကတော့ ခုချိန်မှာမလိုအပ်သေးဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
နှာခေါင်းစည်းအပါအဝင် လူထုအတွက် အခြေခံကျတဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေ မပြတ်လပ်ဖို့ ဘာတွေစီစဉ်ထားလဲဆိုတာနဲ့ပတ်သက်ပြီး သူက"တကယ်တမ်း နှာခေါင်းစည်း သုံးရမယ့်အခြေအနေက WHO ကိုယ်တိုင်ပြောထားတာ သုံးမျိုးပဲရှိပါတယ်။ ကိုယ်တိုင်နှာစေးချောင်းဆိုးမယ်။ သူ့ကိုပြုစုကုသနေတဲ့ မိသားစုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တပ်ဖို့လိုမယ်။ ဒီလိုအခြေအနေကလွဲလို့ သာမန်လူတွေအနေနဲ့ Mask ကိုတပ်ဖို့မလိုဘူးလို့ WHO ကပြောကြားထားပါတယ်။ အဲဒီတော့ နိုင်ငံထဲမှာ mask ပြတ်လပ်တာ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ပြောရရင် mask ထက်ပိုအရေးကြီးတဲ့ ရောဂါကာကွယ်ရေးလုပ်ရမယ့်အလုပ်ထဲမှာ mask မပါပါဘူး။ လူက သာမန်အခြေအနေမှာတောင် မျက်နှာကို ၃၂ ခါလောက် ထိကိုင်နေတာ။ mask ကိုမှန်မှန်ကန်ကန်မတပ်ဘူးဆို ဘာမှမထူးဘူး" လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ဒါကြောင့် ဒီလိုအခြေအနေမှာ သင်္ကြန် လူစုလူဝေးပွဲလမ်းသဘင်တွေမပြုလုပ်ဖို့ ရွှေ့ဆိုင်းသင့်တယ်လို့ သူက အကြံပြုပါတယ်။
ဒီမတိုင်ခင်တည်းက လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ရှောင်ကြဉ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကပ်ရောဂါလို့သတ်မှတ်ကြေညာလိုက်တာက ဒီထက်ပိုပြီး ဂရုစိုက်ကြဖို့၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအရှိန်မြှင့်ဖို့ အချက်ပေး ခေါင်းလောင်း ထိုးလိုက် တဲ့သဘောဖြစ်တယ်ဆိုတာ WHO ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတယ်လို့ ဗဟိုကူးစက်ရောဂါဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။
အခုလိုအခြေအနေမှာ သင်္ကြန်လို လူစုလူဝေးနဲ့ကျင်းပရမယ့် ပွဲတော်တွေကို ရွှေ့ဆိုင်းတာ အကောင်းဆုံးလို့ သူက ဆက်ပြောပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း တစ်ရာကျော်မှာ မတ်လ ၁၂ ရက်ထိ လူတစ်သိန်းကျော်ကူးစက်နေပြီး ၄၀၀၀ ကျော် သေဆုံးထားတဲ့ ဒီဗိုင်းရပ်စ် မြန်မာမှာတော့ မတွေ့ သေးပါဘူး။
ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုတွေက မြန်မာ့စီးပွားရေးကို အထိနာစပြုလာနေပါပြီ။ အထူးသဖြင့် ဝင်ထွက်သွားလာခွင့်တွေကန့်သတ်တဲ့အတွက် လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်ခရီးလုပ်ငန်းတွေမှာ ဒီရိုက်ခတ်မှုကို ခံစားနေရပါတယ်။
၂၀၁၇ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်စဉ်အပြီးမှာ ဥရောပခရီးသွားတွေထက် တရုတ်ခရီးသွားတွေကို အားထားနေရသလိုဖြစ်ခဲ့တဲ့ မြန်မာ့ခရီးသွား လုပ်ငန်းမှာ အခုဆို ဝန်ထမ်းတွေလျှော့ချတာ၊ လစာမဲ့ခွင့်တွေပေးဖို့ စီစဉ်နေတာတွေရှိလာပြီလို့ မြန်မာခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဘီဘီစီကိုပြောပါတယ်။
"ဟိုတယ်တွေဘက်ကလည်း အဲဒီလိုလုပ်မယ်။ တချို့စားသောက်ဆိုင်တွေကလည်း ဝန်ထမ်းတွေလျှော့မယ် ပိတ်မယ်ပေါ့နော်။ ဒီမိုးတွင်းနဲ့ low season ကာလနဲ့ ဆိုပြီး အစီအစဉ်တွေဆွဲနေတယ်။ ကျွန်တော်တို့ ခရီးသွားကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေလျှော့ဖို့ရှိနေပါတယ်။ ဆိုတော့ ဒီခရီးသွားလုပ်ငန်း ထဲမှာ သေချာတာကတော့ အလုပ်အကိုင်တွေလျှော့မယ်။ လစာမဲ့ခွင့်တွေပေးမယ်ပေါ့နော်။ တော်တော်လေး ထိခိုက်သွားမယ့်သေဘာပဲ" လို့ ပြောပါတယ်။
အရင်တည်းက အထိနာနေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကို အခု ဗိုင်းရပ်စ်က အလဲထပ်ထိုးလိုက်တာလို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ်စံပယ် အောင်က ပြောပါတယ်။
ဟိုတယ်ကြီးတွေကတော့ ဒီမတ်လနဲ့ ဧပြီလအတွင်း သင်္ကြန်ကာလပြည်တွင်းခရီးစဉ်တချို့ ရှိတဲ့အတွက် လောလောဆယ် မလုပ်သေးပေမယ့် မေလလောက်မှာ ဒီလို ဝန်ထမ်းလျှော့တာတွေစလုပ်ဖို့ရှိနေတယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
အသင်းအနေနဲ့ ဒီလို ဝန်ထမ်းလျှော့တာမျိုး လုပ်ဖို့ အကြံပေးတာမျိုးမရှိဘဲ ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦး ချင်းက သူတို့လုပ်ငန်းအရွယ်အစားအလိုက် ကျားကန်ရပ်တည်နိုင်ဖို့ စီစဉ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့အသင်းကတော့ အစိုးရကို တင်ပြထားတာက ဒီအချိန်မှာ ကာလတိုချေးငွေလေးတွေကို အတိုးနှုန်းမပါဘဲ ချပေးဖို့၊ အဲဒီလိုဆိုရင် ကုမ္ပဏီတွေအနေနဲ့ သူတို့ဝန်ထမ်းတွေကို လစာပေးပြီး ကျားကန် ထားတာမျိုး လုပ်လို့ရတာပေါ့။ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့ကာလမရောက်ခင်ထိ ကျားကန်ထားနိုင်အောင်ပါ"လို့ သူက ဆက်ပြောပါတယ်။
ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ကူးသန်းသွားလာတာတွေ ပိတ်ပင်တာ တွေရှိလာသလို လေကြောင်းလိုင်းတွေ လျှော့ချ ပျံသန်းတာ၊ မလိုအပ်ဘဲ ခရီးသွားလာခွင့်ကို ပိတ်ပင်တာတွေရှိလာတာကြောင့် ဧည့်သည်တွေ မရှိတော့တဲ့အတွက် ဟိုတယ်တွေ တော်တော်အထိနာလာ တာဖြစ်တယ်လို့ ဒေါ်စံပယ်အောင်က ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PHYO MAUNG MAUNG
အထည်ချုပ်စက်ရုံတွေဆိုလည်း ပိတ်လိုက်တာတွေ၊ ဝန်ထမ်းတွေကို လျှော့ချတာတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်လောက်တည်းက ဖြစ်လာနေတာပါ။
အထည်ချုပ်စက်ရုံပိုင်ရှင်တချို့ဆို ဝန်ထမ်းတွေကို လစာမရှင်းပေးဘဲ ထွက်ပြေးလာတာတွေရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
လောလောဆယ် အမေရိကန်ဒေါ်လာဈေးနဲ့ ပြည်တွင်းစက်သုံးဆီဈေး ၊ ရွှေဈေး ကျဆင်းနေတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုက ထင်သလောက် တက်မလာသေးပေမယ့် ဒီအခြေအနေတိုင်း ဆက်သွားမယ်ဆိုရင် ကုန်ဈေးနှုန်းကိုလည်း ထိန်းမထားနိုင်မှာ စိတ်ပူစိုးရိမ်တာတွေရှိလာပါတယ်။
လောလောဆယ် ဆန်ဆီဆားငရုတ်ကြက်သွန်လို မီးဖိုချောင်စားသောက်ကုန်တွေ ထင်သလောက် ဈေးမတက်သေးပေမယ့် ဒါဟာ တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုနေတဲ့ကာလနဲ့ တိုက်ဆိုင်နေတာကြောင့် အရောင်းအဝယ်ပါးတဲ့ကာလဖြစ်လို့ ဈေးမတက်သေးတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်မတွေ့သေးတဲ့အတွက်ကြောင့် လူသုံးကုန်ပစ္စည်းတွေကို ဝယ်ယူ စုဆောင်း တာမျိုးတွေမလုပ်သေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ တောင်ဒဂုံမြို့နယ်က ကုမ္ပဏီဝန်ထမ်း အိမ်ရှင်မတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"အိမ်မှာ အဲဒီလိုဝယ်ထားဖို့ မှာဖြစ်ပေမယ့် မဝယ်ဖြစ်သေးဘူး။ ဒီလကုန်လောက်မှ ဝယ်ရမယ်" လို့ သူက ဆိုပါတယ်။










