ကိုရိုနာဗိုင်းရပ်စ်- ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့တဲ့ မြန်မာနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာ

ဒီဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ပျံ့နှံ့နိုင်တဲ့ အလားအလာ ရှိတယ်လို့ WHOက သတိပေးထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ပျံ့နှံ့နိုင်တဲ့ အလားအလာ ရှိတယ်လို့ WHOက သတိပေးထား

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ အားလုံးပေါင်း ၅ ဦးရှိနေပါပြီ။ ဒါကလည်း ကျန်းမာရေး ဝန်ကြီးဌာန ဖေဖော်ဝါရီ ၂ရက်နေ့ နေ့လည်ပိုင်းအထိရရှိထားတဲ့ အရေအတွက် ဖြစ်ပါတယ်။

အဲဒီ ၅ဦးထဲက ရန်ကုန်လေဆိပ်မှာ တွေ့ခဲ့ရသူ သံသယလူနာရဲ့ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) က ထိုင်းနိုင်ငံရဲ့ ဓါတ်ခွဲခန်းကို ဖေဖော်ဝါရီ ၁ရက်နေ့မှာ ရောက်ရှိသွားပါပြီ။

ဒါကြောင့် ရုံးဖွင့်ရက် ၂ရက်အတွင်းမှာဘဲ အဲဒီသံသယလူနာရဲ့ အဖြေကိုသိရှိနိုင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။

ကျန်တဲ့ လေးဦးရဲ့ နမူနာတွေကိုတော့ မြန်မာအမျိုးသားဓါတ်ခွဲခန်းမှာ ရယူ၊ ရောက်ရှိနေပြီလို့ ဝန်ကြီး ဌာနက ဘီဘီစီကို အတည်ပြုပြောပါတယ်။

အဲဒီလေးယောက်ကတော့ ကျိုင်းတုံက တစ်နှစ်ကျော်ကလေးငယ်၊ မင်ပြားက အသက် ၃၈နှစ်အရွယ် အမျိုး သား၊ ရန်ကုန်ရောက်နေတဲ့ အသက် ၁၅နှစ်အရွယ် ထိုင်ဝမ်ကလေးငယ်ရယ်၊ လွိုင်ကော်က တဦးတို့ ဖြစ်ပါတယ်။

ထိုင်ဝမ်က ကလေးငယ်ကိုတော့ ရန်ကုန်၊ မြောက်ဥက္ကလာဝေဘာဂီဆေးရုံမှာ သီးသန့်ထားရှိထားပါတယ်။ ကျန်တဲ့ ၃ဦးကိုတော့ သူတို့ကိုတွေ့ရှိတဲ့ မူလနေရာတွေက ဆေးရုံတွေမှာပဲ သီးသန့်ထားရှိထားပါတယ်။

ဗီဒီယို ပုံစာ, ရန်ကုန်လေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တွေ့ရှိ

ဝူဟန်က ပြန်ရောက်လာတဲ့ မြန်မာတွေအခြေအနေ

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ဗိုင်းရပ်စ် စတွေ့တဲ့အချိန်ကစပြီး မြန်မာကျောင်းသား ၆၃ယောက် ပြည်တော်မပြန်နိုင်ပဲ နှစ်ပတ်ကျော်လောက် ဝူဟန်မှာ သောင်တင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ရက်နေ့မနက်မှာတော့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာကျောင်းသား ၆၃ ယောက်ထဲက ၅၉ ယောက်ပြန်ရောက်လာပါပြီ။ သူတို့ကို မန္တလေးက ကန်တော်နဒီဆေးရုံမှာ ထားထား ပါတယ်။

ကျန်ခဲ့တဲ့ ၄ယောက်ကတော့ ပြန်ထွက်ခွာတဲ့အချိန်မှာ ဗီဇာသက်တမ်းကုန်ဆုံးနေသူရယ်၊ အဖျားရှိနေတဲ့ သူတွေဖြစ်နေလို့ ဝူဟန်မှာ ထပ်မံစောင့်ကြည့်ဖို့ ကျန်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ဝူဟန် မြို့တွင်းမှာ ပိတ်မိနေသူတွ အနာဂတ် ဘာဖြစ်လာမလဲ

ဒါပေမယ့် အဖျားရှိတဲ့အခြေအနေဆိုပေမယ့် ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းတွေအရတော့ ဘယ်လို ရောဂါ လက္ခဏာမှ မရှိဘူးလို့ ပြန်ရောက်လာတဲ့ ကျောင်းသားတွေထံကသိရပါတယ်။

"မထွက်လာခင်ကလည်းစစ်တယ်၊ ဝူဟန်လေဆိပ်မှာလည်း ၂ခါစစ်တယ်၊ ဒီဘက်လေဆိပ်ရောက် တော့လည်း စစ်တာ ၅၉ ဦးလုံးက ရှင်းပါတယ်။ ဟိုမှာကျန်ခဲ့တဲ့သူတွေကတော့ စိတ်လှုပ်ရှားပြီး စိုးရိမ်နေ လို့ထင်တယ်၊ ဆေးစစ်ထားတာတွေတော့အကုန်လုံးက အဆင်ပြေခဲ့တဲ့သူတွေပါပဲ" လို့ ဝူဟန်က ပြန်ရောက်လာတဲ့ မသင်းသင်းထက်က ဘီဘီစီကိုပြောပါတယ်။

သူတို့ ပြန်လာနိုင်ဖို့အတွက်ကိုလည်း မြန်မာအစိုးရနဲ့ ဘေဂျင်းကမြန်မာသံရုံးတို့က ထပ်မံဆောင်ရွက်မယ်လို့ လည်း မြန်မာသံရုံးဘေဂျင်းက ပြောပါတယ်။

ဒီနေ့ပြန်ရောက်တဲ့ ကျောင်းသား ၅၉ ဦးလုံးမှာလည်း အပူချိန်မြှင့်တာ၊ အခြားအသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါအပြင် အခြားဘယ်လို လက္ခဏာမျိုးမှ မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒါပေမယ့်လည်း သူတို့ကို ၁၄ရက်ကြာထားရှိကာ၊ ဆက်လက်စောင့်ကြည့်သွားမှာလို့ သူကပြောပါတယ်။

၁၄ရက်ကြာပြီး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေမရှိမှ အိမ်ကိုပြန်ခွင့်ပြုမှာဖြစ်ပြီး၊ ရှိခဲ့ရင်လည်း နေရာရွှေ့ပြောင်းကာ သီးသန့်ကုသမှုနဲ့ စစ်ဆေးမှုတွေကို ဆက်လုပ်မယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကသိရပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်ပိုကြိုးစာလာ

သံသယရှိလူနာတွေကို ကုသနိုင်မှု လုံလုံလောက်လောက် မြန်မာမှာရှိနေပြီလား

ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ ကုသနိုင်တဲ့ဆေးဝါးကတော့ တစ်ကမ္ဘာလုံးမှာ မရသေးပါဘူး။ ဒါပေမယ့် သံသယလူတွေဖြစ်နေတဲ့ ချောင်းဆိုးတာ၊ ဖျားတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုတော့ ကျန်းမာရေးက ဆေးဝါးလုံလုံလောက်လောက်နဲ့ ကုသနိုင်စွမ်းရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒါ့အပြင် ကုသမှုပိုင်းက ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ကာကွယ်စောင့်ရှောက်မှုမျိုးတွေကို ပေးထားတယ်လို့ သူကဆိုပါတယ်။

သတ်မှတ်ပုံစံ ကာကွယ်ရေးပစ္စည်းတွေကိုသုံးတာ၊ ဒါ့အပြင် ကာကွယ်ရေးဝတ်စုံအပြည့်အစုံနဲ့ အထောက် အပံ့ပေးတာတွေကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နဲ့ ပူးပေါင်းပြီးတော့လည်း ဗိုင်းရပ်စ်ဆိုင်ရာ သတင်းအချက်အလက်၊ ဆေးပညာဆိုင်ရာ အချက်အလက်ရရှိရေးအပြင်၊ ဓာတ်ခွဲခန်းဆိုင်ရာ ပစ္စည်းများရရှိနိုင်ရေးအတွက် လတ်တလောမှာ ကျန်းမာရေးဝန်ကြီးဌာနက ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ သိပ္ပံပညာရှင်တွေကတော့ ကာကွယ်ဆေးနဲ့ ရောဂါတိုက်ဖျက်နိုင်ဖို့ အတွက် စူးစမ်းလေ့လာမှုတွေတော့ လုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ သိပ္ပံပညာရှင်တွေကတော့ ကာကွယ်ဆေးနဲ့ ရောဂါတိုက်ဖျက်နိုင်ဖို့ အတွက် စူးစမ်းလေ့လာမှုတွေတော့ လုပ်နေပါတယ်။

ဗိုင်းရပ်စ်မကူးစက်အောင် ဘယ်လိုလုပ်နိုင်သလဲ၊ ကာကွယ်ဆေးရှိနေပြီလား

လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ သိပ္ပံပညာရှင်တွေကတော့ ကာကွယ်ဆေးနဲ့ ရောဂါတိုက်ဖျက်နိုင်ဖို့ အတွက် စူးစမ်းလေ့လာမှုတွေတော့ လုပ်နေပါတယ်။

အခုထိတော့ လူတွေကိုယ်တိုင်ပဲ မိမိကို မကူးစက်အောင် နေထိုင်ကာ၊ ကာကွယ်ရမယ့်အခြေအနေဖြစ် ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က အရင်တခါမှမသိဘူးခဲ့တဲ့ ထူးဆန်းတဲ့ ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။ အခုထိတောင် ဆရာဝန်တွေလည်း ဘယ်လိုကြောင့် ဖြစ်တယ်ဆိုတာကို မလေ့လာနိုင်လောက်အောင် ဖြစ်နေပါတယ်။

လူထူထပ်တဲ့နေရာတွေကို သွားလာတာရှောင်ဖို့၊ လက်ကို သန့်စင်အောင်အောင် မကြာခဏဆေး ကြောဖို့၊ ချောင်းဆိုး နှာချေရင် အကာအကွယ်နဲ့ ကာကွယ်ပြီး ချောင်းဆိုနှာချေတာ၊ တိရိစ္ဆာန်တွေကို ထိတွေ့ကိုင် တွယ်တာကို ရှောင်ဖို့၊ အခြားရောဂါအခံရှိသူတွေအနေနဲ့ ဂရုစိုက်ပြီး ကုသမှုတွေလုပ်ဖို့၊ ရေများများသောက် သုံးတာ၊ သန့်ရှင်းတဲ့လေထုကို ရှုရှိုက်ဖို့ အစရှိတာတွေကို ပြုလုပ်သင့်တယ်လို့ ဒေါက်တာ ခင်ခင်ကြီးက အကြံပြုပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်အခြေအနေ အဖြစ်လည်း WHO က သတ်မှတ်ထားပါပြီ။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် မြို့ကြီးတချို့မှာ အဝင်အထွက်တွေ ပိတ်ထား

တရုတ်နိုင်ငံအပြင်ဘက်မှာ ဗိုင်းရပ်ကြောင့် ပထမဆုံးသေးဆုံးသူရှိလာ

ဖိလစ်ပိုင်က ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ လူနာတဦး သေဆုံးသွားပါပြီ။ ဒါက တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးသေဆုံးတဲ့ ပထမဆုံးသူလည်းဖြစ်ပါတယ်။

သေဆုံးသွားသူ အသက် ၄၄နှစ်အရွယ် အမျိုးသားက ဝူဟန်ကဖြစ်ပြီး ဖိလစ်ပိုင်မှာ ရောက်ရှိနေသူတဦး ဖြစ်ပါတယ်။

သူဖိလစ်ပိုင်ကိုမရောက်ခင်ကတည်းက ဒီဗိုင်းရပ်စ်ကို ကူစက်ခံထားရတာလို့ WHO က ပြောပါတယ်။

လက်ရှိ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ လူ ၃၀၀ကျော်အထိ သေဆုံးသွားပါပြီ။ အားလုံးနီးပါးကလည်း ဟူဘေးပြည်နယ်၊ ဝူဟန်ကဖြစ်ပါတယ်။ လူပေါင်း ၁ သောင်း ၄ထောင်ကျော်ကိုလည်း ကူးစက်ပျံ့နှံ့ခဲ့ပါပြီ။ သေဆုံးတဲ့အရေအတွက်က နေ့စဉ်တိုးလာနေသလို၊ ကူးစက်တဲ့အရေအတွက်ကလည်း နေ့စဉ်တိုးနေပါတယ်။

နိုင်ငံပေါင်း ၂၄နိုင်ငံကိုလည်း ပျံ့နှံသွားပြီလို့ WHO က အစီရင်ခံထားပါတယ်။

အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေမှာလည်း ကူးစက်မှုက မြှင့်တက်နေပြီး တရုတ်နိုင်ငံက လာတဲ့လေကြောင့်ခရီးစဉ်တွေကို တားမြစ်ထားရတဲ့အခြေအနေကို ရောက်ရှိကာ၊ ကူးစက် ခံရတဲ့ နိုင်ငံသားတွေကိုလည်း စောင့်ကြည့်ကုသမှုတွေလုပ်ပေးနေကြရပါတယ်။

မြန်မာနိုင်ငံကတော့ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးနေတာကို ဖေဖော်ဝါရီကစလို့ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ် ပျံနှံ့ကူးစက်မှုက ဆာ့စ် (Sars) ရောဂါ ကူးစက်မှုထက် နိုင်ငံအရေအတွက် ပိုများလာပါပြီ။ ၂၀၀၃ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အဲဒီဆာ့စ်က နိုင်ငံပေါင်း ၂၀ကျော်ကိုကူးစက်ခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးတဲ့ အရေအတွက်အရ ဆိုရင်တော့ ဆာစ်ရောဂါက ပိုများပါတယ်။