တရုတ်ပြည်က ကိုရိုနာဗိုင်းရပ် လက္ခဏာတွေမပြဘဲ ကူးစက်နိုင်တယ်

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်နိုင်ငံမှာ လူနှစ်ထောင်နီးပါး ကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်ပိုးသစ်ဟာ ရောဂါလက္ခဏာတွေမပြခင် ရောဂါပျိုးတဲ့ အဆင့်မှာပဲ တခြားသူတွေကိုကူးစက်နိုင်ပြီး ထိန်းချုပ်ရ ခက်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ဒီဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၅၆ ယောက်ရှိပါပြီ။ ဗိုင်းရပ်ရဲ့ ကူစက်နိုင်တဲ့ အစွမ်းက ကြီးမားပုံရတယ်လို့လည်း တရုတ်ကျန်းမာရေး ဝန်ကြီး မားဆိုင်ရောင်ဝေက သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်မြို့ကြီး တော်တော်များများကိုလည်း ခရီးသွားခွင့်တွေ ပိတ်ထားပါတယ်။
ဒီရောဂါစဖြစ်တဲ့ ဟူဘေပြည်နယ်က ဝူဟန်မြို့မှာတော့ သိသိသာသာကို အသွားအလာတွေ ဖြတ်တောက်ထားပါတယ်။
ရောဂါကူးစက်မှုက ထိန်းချုပ်ဖို့ အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီလို့ မားဆိုင်ရောင်ဝေက ပြောပါတယ်။
တရုတ်ပြည်မှာ သားရဲတိရစ္ဆာန် ရောင်းဝယ်မှုကို လုံးဝပိတ်ပင်လိုက်ပြီလို့လည်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဒီဗိုင်းရပ်ပိုးဟာ တိရစ္ဆာန်တွေက စပြီး ပြန့်ပွားလာတယ်လို့ ယူဆနေကြပေမယ့် ဒါကို တရားဝင် အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
လူမှာ ရောဂါဝင်ပြီး လက္ခဏာတွေ ပြတဲ့အထိ တရက်ကနေ နှစ်ပတ်ကြာနိုင်ပြီး အဲဒီအချိန်မှာ ဘာမှမသိသာဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီလိုရောဂါလက္ခဏာ မပြတဲ့အတွက် လူတယောက်မှာ ဒီဗိုင်းရပ်ပိုးဝင်နေတာကို မသိဘဲ တခြားသူတွေကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။


ဓာတ်ပုံ ရင်းမြစ်, AFP
ဒီရောဂါထိန်းချုပ်ရေးအတွက် ဒီအဆင့်က အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
တရုတ်ပြည်မှာ နောက်ဆုံးဖြစ်ခဲ့တဲ့ ဆားစ်ဗိုင်းရပ်ရောဂါနဲ့ အာဖရိကကစတဲ့ အီဘိုလာ ရောဂါမှာတော့ ရောဂါလက္ခဏာတွေပြမှ ကူးစက်နိုင်တာပါ။
ဒါကြောင့် အဲဒီရောဂါတွေ ဖြစ်တဲ့အခါမှာ နေမကောင်းတဲ့သူတွေနဲ့ သူတို့နဲ့ ထိတွေ့မိသူတွေကို သတ်မှတ်ခွဲခြားပြီး သီးသန့်ခွဲထားနိုင်လို့ ရောဂါထိန်းချုပ်ရက ပိုပြီးလွယ်ကူပါတယ်။
တုပ်ကွေးရောဂါကတော့ ကိုယ့်ကိုယ်ကိုယ် ဖျားမှန်းမသိဘဲ သူများတွေကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်ရောဂါတမျိုး ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဒီဗိုင်းရပ်က ဝက်တုပ်ကွေးလို ကမ္ဘာအနှံ့ ဖြစ်တဲ့ ကပ်ရောဂါမျိုး ဖြစ်နိုင်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလို လက္ခဏာမပြဘဲ ကူးနေတဲ့သူတွေကို ထိန်းချုပ်ဖို့က တရုတ်အစိုးရအတွက် ပိုပြီး ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။
ဒီလိုရောဂါပျိုးနေတဲ့အချိန်မှာ ဗိုင်းရပ်ရဲ့ ကူးစက်နိုင်တဲ့နှုန်းက ဘယ်လိုရှိသလဲနဲ့ တရုတ်ပြည်အပြင်ဘက်က လူနာတွေရော လက္ခဏာမပြခင်မှာ သူများတွေကို ရောဂါကူးနိုင်သလား ဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းတွေ မေးစရာ ရှိနေပါတယ်။
နောက် ဒီဗိုင်းရပ်ရဲ့ ကူးစက်နိုင်စွမ်းက ပိုပြီး ပြင်းထန်လာတယ်လို့ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောတာကလည်း ဘာကြောင့်လဲ။

ဝူဟန်မှာ ဘယ်လိုရှိသလဲ
ဗြိတိန်က ဆိုဖီဟာ ဝူဟန်မှာ ပိတ်မိနေသူ တယောက်ပါ။ အိမ်ထဲမှာ ပိတ်မိနေတာ လေးရက်လောက် ရှိပြီလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
ဗိုင်းရပ်အကြောင်းကို ဒီဇင်ဘာလ ၃၁ ရက်ကမှ သိပြီး အခြေအနေက ပိုပိုဆိုးလာတယ်လို့ သူက ပြောပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post

ဝူဟန်မြို့လမ်းတွေပေါ်မှာလည်း တက္ကစီတွေ မရှိတဲ့အတွက် စေတနာ့ဝန်ထမ်းတွေက လူနာတွေကို ဆေးရုံတွေဆီ ကားမောင်း ပို့ပေးနေရသလို ဆေးရုံတွေမှာလည်း လူတွေ ပြည့်ကျပ်နေပါတယ်။
ကားနဲ့ လူတွေကို ဆေးရုံအသွားအပြန် ပို့ပေးနေရပါတယ်၊ ပြန်လာရင် ဆေးဖျန်းသန့်ရှင်းတာတွေ လုပ်ပေးပါတယ်၊ အားလုံး အခမဲ့ပါလို့ ရင်ယုက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
နောက်ကားဆရာတယောက်ကလည်း သူတို့အခြေအနေကောင်းတယ်လို့ ပြောပါတယ်။ ဒါကျွန်တော်တို့ မြို့သားတွေ လုပ်ရမယ့်အလုပ်ပဲ၊ သတင်းထောက်တွေတောင် အဝေးက လာကူနေကြတာလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီဗိုင်းရပ်က ဘာလဲ
ဒီဗိုင်းရပ်က တိရစ္ဆာန်တွေမှာ ဖြစ်တတ်တဲ့ ကိုရိုနာဗိုင်းရပ်တွေထဲမှာ အသစ်ပေါ်တဲ့ ဗိုင်းရပ်ပါ။
လူမှာဖြစ်တဲ့ ဒီလိုဗိုင်းရပ်တမျိုးကြောင့် ရိုးရိုး အအေးမိတာမျိုး ဖြစ်တတ်ပေမယ့် ၂ဝဝ၃ မှာ ဖြစ်တဲ့ ဆားစ်ရောဂါကြောင့် လူ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
အခု ဒီဗိုင်းရပ်သစ်ကြောင့်လည်း ဆိုးရွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ လူနာတွေမှာ ခံစားရပါတယ်။
ဖျားတာကနေစပြီး ချောင်းခြောက်ဆိုးတာ၊ ဖြစ်ပြီး တပတ်လောက်အကြာမှာ အသက်ရှူကျပ်တာတွေ ခံစားရလို့ လူနာတွေကို ဆေးရုံတင်ဖို့ လိုပါတယ်။
ဒီရောဂါအတွက် ဆေးဝါး၊ ကာကွယ်ဆေးဆိုတာတွေလည်း မရှိသေးပါဘူး။
စနေနေ့အထိ တရုတ်ပြည်မှာ ရောဂါကူးစက်ခံရသူ နှစ်ထောင်လောက်ရှိပြီး နောက်ထပ် မသင်္ကာဖွယ် လူနာ ၂၆ဝဝ ကျော် တွေ့ရတယ်လို့ တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘယ်လိုကူးစက်သလဲ
တရုတ်ကြွက်နှစ်သစ်ကူးမှာ ဒီရောဂါကူးစက်မှု ရုတ်တရက်တိုးလာတာကလည်း တိုက်ဆိုင်မှု ဖြစ်ပါတယ်။ ဒီအချိန်ဟာ တရုတ်ပြည်မှာ ခရီးသွားလာမှု အများဆုံးအချိန်ပါ။
လူ ၁၁ သန်းရှိတဲ့ ဝူဟန်ကနေ အနားက မြို့ရွာ နယ်ပယ်တွေကို ကူးစက်မှုလည်း နည်းနည်းစီရှိပြီး တရုတ်နိုင်ငံ အနှံ့ကို ပြန့်နှံ့ပါပြီ။
ဒါပေမဲ့ ဒီရောဂါက လေကြောင်းကလည်း ပြန့်နှံ့ကုန်လို့ နိုင်ငံတော်တော်များများမှာ ဒီရောဂါကူးစက်ခံရသူတွေ ရှိနေပါပြီ။


တရုတ်ပြည်ရဲ့ အိမ်နီးချင်း အာရှ နိုင်ငံတွေမှာလည်း ဒီရောဂါကူးစက်မှု တချို့တလေ ရှိနေပြီဆိုတဲ့ သတင်းတွေ ထွက်နေပါပြီ။
ဂျပန်၊ တိုင်ဝမ်၊ နီပေါ၊ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ ကနေ သြစတြေးလျ၊ အမေရိကန်နဲ့ ပြင်သစ်အထိပါ ဒီရောဂါကူးစက်ခံရမှုတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။
တခြားနိုင်ငံတွေမှာလည်း ဒီလိုမသင်္ကာတဲ့ လူနာတွေကို စမ်းသပ်ခဲ့ပါတယ်။ ဗြိတိန်မှာ လူ ၃၁ ယောက်ကို စစ်ဆေးရာမှာတော့ အကုန်လုံးမှာ မရှိပါဘူး။
အမေရိကန်က ဝူဟန်က သူတို့ကောင်စစ်ဝန်ရုံးအဖွဲ့ကို ပြန်ခေါ်နေသလို ဂျပန်နဲ့ ဗြိတိန်ကလည်း သူတို့နိုင်ငံသားတွေကို ခေါ်ထုတ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။



ဓာတ်ပုံ ရင်းမြစ်, Getty











