နိုင်ငံတကာ သတင်းများ - ဇန်နဝါရီလ ၂၅ ရက် မနက်ခင်း
ဗိုင်းရပ်စ်ကြောင့် တိတ်သွားရတဲ့ တရုတ်နှစ်ကူး

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်နိုင်ငံမှာ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုး အသစ်တစ်မျိုးကြောင့် ရောဂါပိုး စတွေ့ခဲ့ရတဲ့ ဝူဟန်မြို့ရှိရာ ဟူဘေးပြည်နယ်ထဲမှာ နောက်ထပ် လူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ဒါကြောင့် သေဆုံးသူ အခုဆို အနည်းဆုံး ၄၀ ရှိပါပြီ။ လူ ၁၀၀၀ ကျော်မှာ ပိုးကူးစက်ခံထားရတာကို တွေ့ရပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားတာကို တိုက်ခိုက်နေရတဲ့ တရုတ်မှာတော့ ဒီကနေ့ စတင်ကျရောက်တဲ့ နှစ်သစ်ကူးပွဲတော်ကို ခါတိုင်းလို ပွဲလမ်းသဘင်တွေ ကြီးကြီးကျယ်ကျယ် မကျင်းပဘဲ နေခဲ့ပါတယ်။ ခရီးသွားလာမှုတွေကို လူ သန်းပေါင်းများစွာအပေါ် ကန့်သတ်ထားပြီး လူအများ သွားရောက်လည်ပတ်တဲ့ နေရာ အတော်များများကိုလည်း ပိတ်ထားပါတယ်။ ဒီထဲမှာ မဟာတံတိုင်းကြီးရဲ့ နေရာတချို့လည်း ပါပါတယ်။ ရောဂါပိုး စတွေ့ရာ ဝူဟန်မြို့မှာ ရောဂါပိုးရှိသူတွေကို သီးသန့်ခွဲခြားထားဖို့ ဆေးရုံသစ်တစ်လုံးဆောက်မယ့် မြေနေရာကို မြေတူးစက်ကြီးတွေနဲ့ တူးနေတဲ့ ပုံတွေကို အစိုးရ ရုပ်မြင်သံကြားမှာ ပြသသွားပါတယ်။ အဲဒီ ဆေးရုံကို တစ်ပတ်အတွင်း ပြီးအောင်ဆောက်မယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့က စတွေ့ခဲ့ရတဲ့ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူ ၂ ဦး ပြင်သစ်မှာ တွေ့ရပြီလို့ သိရပါတယ်။ ဒါ ဥရောပမှာ ပထမဆုံး တွေ့ရတာပါ။ အဲဒီ ၂ ယောက်မှာ တစ်ယောက်က အသက် ၄၀ ကျော် အမျိုးသား ဖြစ်ပြီး ဒီ အပတ်ထဲမှာပဲ ဝူဟန်က ပြန်လာသူ ဖြစ်တယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီး အန်ညက်စ်ဘီဇန်းက ပြောပါတယ်။ အဲဒီလူဟာ အဖျားရှိလာပြီး အသက်ရှုမဝလို့ ဘော်ဒိုးမြို့က ဆေးရုံကို ကြာသပတေးနေ့က သွားခဲ့ပြီး အခုတော့ သူ့ကို သီးခြားအဆောင်မှာ ခွဲထားတယ်လို့ ဆိုပါတယ်။ နောက်တစ်ယောက်ကိုတော့ ပဲရစ်မြို့မှာ တွေ့ရတာ ဆိုပေမယ့် တခြားအချက်တွေ မထုတ်ပြန်သေးပါဘူး။
အားပြင်း ငလျင် တူရကီမှာလှုပ်

ဓာတ်ပုံ ရင်းမြစ်, Reuters
သောကြာနေ့ညက တူရကီအရှေ့ပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်သွားတဲ့အတွက် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးပြီး အဆောက်အဦတော်တော်များများလည်း ပြိုကျခဲ့ပါတယ်။ ၆ ဒဿမ ၈ ပြင်းအားရှိတဲ့ ငလျင်ရဲ့ လှုပ်ခါမှုကို ပတ်ဝန်းကျင်က ဆီးရီးယား၊ လက်ဘနွန်နဲ့ အီရန်တို့မှာလည်း ခံစားလိုက်ရပါတယ်။ တူရကီအစိုးရရဲ့ ရုပ်သံမှာ ပြသွားတဲ့ မြင်ကွင်းတွေမှာတော့ လူတွေ က ကြောက်လန့်တကြား လမ်းတွေပေါ်ထွက်ပြေးခဲ့ကြပြီး ရဲတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ပြိုကျသွားတဲ့ အဆောက်အဦတွေအောက်မှာ တူးဆွရှာဖွေနေကြတာ တွေ့ရပါတယ်။ တူရကီဟာ ငလျင်ဒဏ် မကြာခဏခံရတတ်ပြီး ၁၉၉၉ က နိုင်ငံအနောက်ပိုင်းက အစ်ဇမစ်မှာ လှုပ်သွားတဲ့ ငလျင်ကြီးကြောင့် လူ တစ်သောင်း ခုနှစ်ထောင်ကျော် သေဆုံးခဲ့ပါတယ်။
အီရန်တိုက်လို့ အမေရိကန် စစ်သားတွေ ထိခိုက်မှုရှိကြောင်း ပင်တဂွန်ထုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
မကြာသေးခင်က အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းကို အီရန်က ဒုံးပျံတွေနဲ့ ပစ်ခတ်တိုက်ခဲ့တဲ့အတွက် အမေရိကန် စစ်သား သုံးဆယ်ကျော် ဦးခေါင်းကို ပြင်းထန်တဲ့ ထိခိုက်မှုဝေဒနာနဲ့ ထိခိုက်ပွန်းရှတဲ့ ဒဏ်ရာတွေ ခံစားခဲ့ရတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
ကနဦးကတော့ အဲဒီတိုက်ခိုက်မှုမှာ အမေရိကန်စစ်သားတစ်ယောက်မှ ဒဏ်ရာမရဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။ အခုတော့ စစ်သား ၃၄ ယောက် ကုသမှု ခံယူခဲ့ရတယ်လို့ ကြေငြာပါတယ်။
ဒီအပတ်အစောပိုင်းကတော့ သမ္မတထရမ့်က အဲဒီ ဒဏ်ရာတွေဟာ မပြောပလောက်ပါဘူးလို့ ပြောခဲ့ပါတယ်။ ခေါင်းကိုက်တာနဲ့ တခြားအနည်းအကျဉ်းပါလို့ သူက ဆိုပါတယ်။ ဒါဟာ သမ္မတထရမ့်က အီရန်က တိုက်ခိုက်တာကို ပြန်တုံ့ပြန်ဖို့ ဆန္ဒမရှိဘူးဆိုတာပြနေတာလို့ သတင်းထောက်တွေက ယူဆကြပါတယ်။
မိဘတွေကိုပါ ပစ်သတ်ခဲ့တဲ့ ဂျာမနီကအမှု

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျာမနီနိုင်ငံမှာတော့ လူတစ်ယောက်က သူ့ မိခင်၊ ဖခင်နဲ့ တခြား ဆွေမျိုး ၄ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ နောက်ထပ်မိသားစုဝင် ၂ ယောက်လည်း ဒဏ်ရာသွားပြီး တစ်ယောက်က စိုးရိမ်ရတယ်လို့ သိရပါတယ်။ ရဲတွေကတော့ မိသားစုတွင်း ပြဿနာကြောင့် ဖြစ်မယ်လို့ ယူဆပါတယ်။ ဖြစ်တဲ့နေရာကတော့ စတူးဂတ်မြို့က အရှေ့မြောက် ကီလိုမီတာ ၁၀၀ လောက်မှာ ရှိတဲ့ Rot am See မြို့က စားသောက်ဆိုင်တစ်ခုမှာပါ။ အသက် ၂၆ နှစ်အရွယ် သေနတ်သမားက သူ မိဘနဲ့ ဆွေမျိုးတွေကို ပစ်သတ်ခဲ့ကြောင်း ရဲကို ဖုန်းဆက်ပြီး အဖမ်းခံခဲ့ပါတယ်။ ဘာကြောင့် သတ်ရတာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။








