ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု - မြန်မာ တုံ့ပြန်ဆောင်ရွက်မှု ဖြစ်စဉ် အချိန်ပြဇယား

ကူမင်းလေဆိပ်က လိုက်ပါလာသူကို ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ်စတွေ့

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ကူမင်းလေဆိပ်က လိုက်ပါလာသူကို ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ်စတွေ့

တရုတ်နိုင်ငံနဲ့ နယ်နိမိတ် မိုင်နှစ်ထောင်ကျော်ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယလူနာကို စတင်တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဒီဇင်ဘာလက စတင်ပျံ့နှံ့ခဲ့တဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ပျံနှံ့မှုကို ဇန်နဝါရီ ၇ ရက်မှာ တရုတ်အစိုးရက အတည်ပြုလိုက်ပြီး ၃၀ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကျန်းမာရေး အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက်အထိ သေဆုံးသူ ၂၁၃ ဦးရှိပြီး ကူးစက်ခံရသူ တစ်သောင်းနီးပါးရှိနေပါပြီ။ ကူးစက်သူအများစုက တရုတ်နိုင်ငံမှာ ဖြစ်ပါတယ်။

အခုဆိုရင် တခြားနိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ကူးစက်မှု ၁၀၀ ကျော် ရှိနေပါပြီ။

၂၀၀၃ ခုနှစ် ဆားစ် (ကူးစက်မြန် အဆုတ်ရောင် ရောဂါ) ဖြစ်ပွားစဉ် ရှစ်လတာအတွင်းမှာ ကူးစက်မှု ၈၀၀၀ ကျော် ရှိခဲ့ပြီး လူ ၇၇၄ ယောက် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ လေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပြီး ဒီရောဂါ ကူးစက်ပျံ့ပွားမှု တရုတ်မှာ ဘယ်လို စဖြစ်ခဲ့သလဲ၊ ခုအချိန်ထိ မြန်မာဘက်က ဘယ်လို တုံ့ပြန်ဆောင်ရွက်နေသလဲဆိုတဲ့ ဖြစ်စဉ် အချိန်ပြဇယားကို ဖော်ပြလိုက်ပါတယ်။

ဟွာနန်း ပင်လယ်ရေထွက်ကုန်လက်ကားဈေး

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ဟွာနန်း ပင်လယ်ရေထွက်ကုန်လက်ကားဈေး

ဒီဇင်ဘာ ၃၁ - အဆုတ်ရောင်ရောဂါ စတင်သတင်းပေး

လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲကို တရုတ်အစိုးရက သတိပေး။ ဟွာနန်း ပင်လယ်ရေထွက်ကုန်လက်ကားဈေးကနေ စတင်ကူးစက်တယ်လို့ ယူဆ။ ဗိုင်းရပ်စ်ပိုး အမျိုးအမည် မခွဲခြားနိုင်သေး။

ဇန်နဝါရီ ၇ - ဗိုင်းရပ်စ်ပိုးအမည် စသိ

ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ 2019-nCoV နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ပိုးသစ်တစ်မျိုး အဖြစ် တွေ့ရှိရတယ်လို့ တရုတ်က ကြေညာ။ ကိုရိုနာ ဗိုင်းရပ်စ်က ချောင်းဆိုး၊ နှာချေနဲ့ လူချင်းထိတွေ့တာတွေကနေ ကူးစက်နိုင်။

ဇန်နဝါရီ ၁၁- တရုတ်က ပထမဆုံးသေဆုံးသူ

ဟွာနန်းဈေးကို သွားခဲ့တဲ့ အသက် ၆၁ နှစ်အမျိုးသား ၉ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ကြေညာ။

ဇန်နဝါရီ ၁၃ - တရုတ်ပြင်ပမှာ ပထမဆုံးစတွေ့

တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးရောဂါ ကူးစက်မှု အဖြစ် ထိုင်းနိုင်ငံကို ဝူဟန်မြို့က ရောက်လာသူ အမျိုးသမီးတစ်ဦးမှာ တွေ့ရှိ။

ဇန်နဝါရီ ၂၂- ရန်ကုန်မြို့

ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ဟိုတယ်မှာ တည်းခိုနေတဲ့ တရုတ်နိုင်ငံသား ၁၉ ဦးထဲက ဝူဟန်ကို ရောက်ဖူးတဲ့ တရုတ်အမျိုးသမီးတစ်ဦး ဖျားနာ၊ ရန်ကုန်ဆေးရုံကြီးမှာ ကုသ၊ ဝူဟန်ဗိုင်းရပ်စ် ကူးစက်သူမဟုတ်ကြောင်း တွေ့ရ။

ဇန်နဝါရီ ၂၃ - ရန်ကုန်မြို့

ဝူဟန်က မထွက်နဲ့ ဝူဟန်ကို မလာနဲ့လို့ တရုတ် ကျန်းမာရေး တာဝန်ရှိသူတွေက သတိပေးမှု မတိုင်ခင် ဝူဟန်က နောက်ဆုံးထွက်လာတဲ့ လေယာဉ် ရန်ကုန်လေဆိပ်ကိုရောက်ရှိ၊ ခရီးသည် ၈၅ ဦးလုံးမှာ သံသယလူနာမရှိ။

ဇန်နဝါရီ ၂၄ - တာချီလိတ်မြို့

ယူနန်ပြည်နယ်က ရောက်လာတဲ့ တရုတ်ခရီးသွားအဖွဲ့က ကိုယ်အပူချိန်အနည်းငယ်မြင့်တက်တဲ့ အမျိုးသမီးတစ်ဦးကို ဝူဟန်ဗိုင်းရပ်စ် သံသယမရှိသော်လည်း စောင့်ကြည့်။

တရုတ်ခရီးသွားတွေကို တာချီလိတ် ထိုင်း-မြန်မာနယ်စပ်မှာ အပူချိန်တိုင်းတာနေစဉ်

ဓာတ်ပုံ ရင်းမြစ်, TACHILEIK NEWS AGENCY

ဓာတ်ပုံ ပုံစာ, တရုတ်ခရီးသွားတွေကို တာချီလိတ် ထိုင်း-မြန်မာနယ်စပ်မှာ အပူချိန်တိုင်းတာနေစဉ်

ဇန်နဝါရီ ၂၆- လွယ်ဂျယ်မြို့

ဝူဟန်မှာ အလုပ်လုပ်ပြီး ဇန်နဝါရီ ၁၁ ရက်မှာ ပြန်ရောက်လာသူကို စစ်ဆေး၊ ဖျားနာခြင်းမရှိ ကျန်းမာရေးကောင်းမွန်။ ဒါပေမယ့် ဝူဟန်က ပြန်လာသူ ဖြစ်လို့ အိမ်အပြင် နှစ်ပတ် မထွက် သီးသန့်နေဖို့မှာကြားထား၊ စောင့်ကြည့်နေ။

ဇန်နဝါရီ ၂၇ - မူဆယ်မြို့

မြန်မာ-တရုတ် ဝင်ထွက်ပေါက်က ရွှေလီကနေ ပြန်လာသူ မြန်မာအမျိုးသမီး သတ်မှတ်အပူချိန်ထက်မြင့်တက်နေလို့ မူဆယ်ဆေးရုံကြီးကိုပို့၊ ဝူဟန်ဗိုင်းရပ်စ်ကူးစက်သူ မဟုတ်။

ဇန်နဝါရီ ၂၇ - နေပြည်တော်

တရုတ် ကျယ်ဂေါင်ဘက်မှာ အလုပ်လုပ်ခဲ့ပြီး ဖျားနာပြီး ပြန်လာသူ ပုပ္ဗသီရိ ဆေးရုံမှာ ကုသနေ၊ သီးသန့်ဆောင်မှာ ကုသနေ၊ သာမန်ဖျားနာမှုဖြစ်။

ဇန်နဝါရီ ၂၉

  • တရုတ်ခရီးသွားဆိုက်ရောက်ဗီဇာ ထုတ်ပေးတာရပ်မရပ်

မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာ ရပ်ဆိုင်းဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းမယ်လို့ ကျန်းမာရေး ဝန်ကြီးပြော။

  • လားရှိုး- မုံရွာခရီးသည် ကားပေါ်မှာသေဆုံး

လားရှိုးက မုံရွာသွားတဲ့ ခရီးသည်တင်ကားပေါ်က ခရီးသွားတစ်ဦး ကားပေါ်မှာသေဆုံးသွားခဲ့တာကို ရင်ခွဲစစ်ဆေး ချက်ချင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့။ သီးခြား သတင်းမထုတ်ပြန်။

တရုတ်ကိုသွားတဲ့ မြန်မာလေကြောင်းခရီးတချို့ရပ်ဆိုင်းထား

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ကိုသွားတဲ့ မြန်မာလေကြောင်းခရီးတချို့ရပ်ဆိုင်းထား

ဇန်နဝါရီ ၃၀ - မိတ္ထီလာမြို့

တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး ဇန်နဝါရီ ၁ ရက်မှာ ပြန်ရောက်လာသူတစ်ဦး ဖျားနာလို့ မိတ္ထီလာဆေးရုံမှာကုသ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိမရှိ စိစစ်ဆဲ။

ဇန်နဝါရီ ၃၀

  • ရောဂါ ကာကွယ်ကုသရေး အဖွဲ့ သမ္မတရုံးဖွဲ့

ကိုရိုနာရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဖွဲ့။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဥက္ကဋ္ဌ ၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ပူးတွဲ ဥက္ကဋ္ဌ။

  • အရေးပေါ်အခြေအနေသတ်မှတ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်။

  • မြန်မာလေကြောင်းလိုင်းတွေက စင်းလုံးငှားလေယာဉ်တွေ တရုတ်ခရီးစဉ်ရပ်ဆိုင်း

MAI နဲ့ Air KBZ တို့က တရုတ်ကိုသွားမယ့် စင်းလုံးငှားလေယာဉ်တွေ ခေတ္တရပ်ထားမယ်လို့ကြေညာ။

ဇန်နဝါရီ ၃၁ ရက် - ရန်ကုန်မြို့

ကွမ်ကျိုးက China Southern လေကြောင်းလိုင်းက ရန်ကုန်ကိုလာတဲ့ ခရီးသည်တစ်ဦး ဖျားနာ၊ ဝေဘာဂီဆေးရုံကို ပို့ထား၊ ဝူဟန် ဗိုင်းရပ်စ် သံသယရှိသူနဲ့ အတူပါလာတဲ့ ကျန်ခရီးသည် ၇၆ ဦး သီးသန့် နှစ်ပတ်ခွဲခြားထားရှိရန် စီစဉ်၊ ဒါပေမယ့် ၇၆ ဦးစလုံး တရုတ်နိုင်ငံကို ပြန်သွား၊ ကျန်မြန်မာ နှစ်ဦးကိုလည်း ဝေဘာဂီဆေးရုံမှာ သီးသန့်ခွဲခြားထားရှိ စောင့်ကြည့်။

ရန်ကုန်မှာ Mask တွေ ဝေငှ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မှာ Mask တွေ ဝေငှ

ဇန်နဝါရီ ၃၁ ရက်

  • ကူမင်းလေယာဉ်က ကလေးကို စောင့်ကြည့်

ကူမင်းက မန္တလေးကို ဆိုက်ရောက်တဲ့ လေယာဉ်က ဖျားနာတဲ့ အသက်သုံးနှစ် တရုတ်နိုင်ငံသား မိန်းကလေးနဲ့ သူ့မိဘတွေကို မန္တလေး ကုတင် ၅၅၀ ကလေးအထူးကုဆေးရုံမှာ သီးသန့်ထားရှိ စောင့်ကြည့်နေ။

  • MAI လေကြောင်း ကွမ်ကျိုးခရီးစဉ်တွေရပ်

MAI လေကြောင်းရဲ့ တရုတ် ကွမ်ကျိုး ခရီးစဉ်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ ၂၉ ရက်အထိ ရပ်ထားမယ်လို့ ကြေညာ။

ဖေဖော်ဝါရီ ၂ ရက်- ဝူဟန်က မြန်မာကျောင်းသားတွေကို ပြန်ခေါ်မယ်

ဝူဟန်မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသား ၆၃ ယောက်ကို မြန်မာအစိုးရ အထူးလေယာဉ်နဲ့ ပြန်ခေါ်ပြီး ဆားစ် (ကူးစက်မြန်အဆုတ်ရောင်) ရောဂါ ကူးစက်မှု ဖြစ်စဉ်က အသုံးပြုခဲ့ဖူးတဲ့ မန္တလေးမြို့က ကန်တော်နဒီ ဆေးရုံမှာ နှစ်ပတ် သီးသန့်ထားရှိမယ်။