မြောက်ဦး ယဉ်ကျေးမှု နယ်မြေ အတွက် နောက်ဆုံးအဆိုပြုမူကြမ်းကို ဇန်နဝါရီလကုန်မှာ ကမ္ဘာ့ အမွေနှစ် ကော်မတီကို တင်ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး ယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင် အဖြစ် ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံ အဖွဲ့ (UNESCO) က အသိအမှတ်ပြုခံရရေး နောက်ဆုံးအဆိုပြုစာတွဲမူကြမ်းကို အခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လကုန်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်ကော်မတီကို အပြီးသတ်ပေးပို့တော့မှာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနဌာန၊ မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဘီဘီစီကို ပြောပါတယ်။
မြောက်ဦးဇုံထဲက ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကို ရှေးဟောင်းသုတေသနဌာနနဲ့ သမိုင်းအထောက်အထား ရှာဖွေရေးအဖွဲ့တို့က ဦးဆောင်ပြီးတော့ အမွေအနှစ်တွေနဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေတွေ၊ သမိုင်းကြောင်းတွေ၊ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေကို ပြုစုနေကြတာပါ။
ပထမ မူကြမ်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။ အဲ့ဒီမူကြမ်းမှာ မြောက်ဦးဇုံ ထဲက သမိုင်းဝင်အမွေအနှစ်အမျိုးအစား ၂၇ ခုနဲ့ အရေအတွက်ပေါင်း ၁,၀၄၄ ခုတို့ရဲ့ သမိုင်းကြောင်းတွေကို ထည့်သွင်းရေးသားထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ပထမမူကြမ်းမှာ ပါဝင်တဲ့ အမွေအနှစ်အမျိုးအစားပေါင်း ၂၇ ခုထဲမှာ နန်းတော်ကုန်း၊ တံတိုင်း၊ ကျုံး၊ စေတီပုထိုး၊ ပိဋကတ်တိုက်၊ စဉ့်ထည်၊ စဉ့်ဖို၊ ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေ၊ စပါးကျီတွေ အစရှိတဲ့ အမွေအနှစ်အမျိုးအစားတွေရဲ့ အကြောင်းအရာတွေကို ထည့်သွင်းရေးသားထားကြောင်း သမိုင်းအထောက်အထားရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောပါတယ်။
နောက်ဆုံးမူကြမ်းကိုတင်သွင်းပြီးလို့ရှိရင် တင်သွင်းထားပြီးတဲ့မူကြမ်းတွေနဲ့ပတ်သက်လို့ လိုအပ်ချက်တွေကို ယူနက်စကိုဘက်ကနေ မြန်မာနိုင်ငံကို ပြန်လည်ပေးပို့သွားမှာဖြစ်ပြီး အဲ့ဒီကမေးမြန်းချက်တွေကို ထပ်မံဖြည့်သွင်းရေးသားမှုတွေ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဒေါက်တာသန်းထိုက်က ရှင်းပြပါတယ်။
မကြာခင်တင်သွင်းတော့မယ့် နောက်ဆုံးအဆိုပြုစာတွဲမူကြမ်းမှာ မြောက်ဦးမြို့ရဲ့ ထင်ရှားတဲ့သမိုင်းကြောင်းတွေ၊ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းစဉ်၊ အမွေအနှစ်ဒေသကို ရေရှည်စီမံခန့်ခွဲအုပ်ချုပ်မှုတွေကို ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတဲ့အသေးစိတ်အကြောင်းအရာတွေကို တင်ပြသွားမယ့် အဆိုပြုစာတွဲဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
မြောက်ဦးအမွေအနှစ်ဇုံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဇုံတစ်ခုအဖြစ် စာရင်းဝင်နိုင်ရေးအတွက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ဆောင်ရွက်နေကြတာဖြစ်ပြီး နှစ်နှစ်တာကလအတွင်းမှာ ပထမ အဆိုပြုလွှာမူကြမ်းကို တင်သွင်းနိုင်ခဲ့ကြောင်းနဲ့ အခု ၂၀၂၀ နှစ်စပိုင်းမှာ နောက်ဆုံးမူကြမ်းကို တင်သွင်း နိုင်တော့မှာလည်း ဖြစ်ပါတယ်။
သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေအနေနဲ့ အဆိုပြုစာတွဲတွေကိုရေးသားနိုင်ဖို့အတွက် နှစ်နှစ်တာကာလအတွင်းမှာ မြေပြင်ကွင်းဆင်းတိုင်းတာတာတွေ၊ မှတ်တမ်းအထောက်အထားယူတာတွေ၊ မြေပုံရေးဆွဲတာတွေကို ပြုလုပ်ခဲ့ရပြီး နောက်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာလို့ ဒေါက်တာသန်းထိုက်က ပြောပါတယ်။
အဆိုပြုလွှာမူကြမ်းရေးဆွဲရေးအဖွဲ့အနေနဲ့ လက်ရှိရခိုင်စစ်ပွဲတွေမဖြစ်ပွားခင်ကာလမှာ ကောက်ယူခဲ့တဲ့ မြေပြင်ကွင်းဆင်းလေ့လာမှုတွေကရရှိလာခဲ့တဲ့ အချက်အလက်တွေကို မူကြမ်းရေးသားပြီးတင်သွင်းနိုင်ခဲ့ပေမယ့် စစ်ပွဲတွေဖြစ်ပွားလာခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြေပြင်ကွင်းဆင်းမှုလုပ်ငန်းတွေကို ရပ်တန့်လိုက်ရတဲ့အတွက် နောက်ထပ်စာရင်းကောက်ယူဖို့ အမွေအနှစ်တွေလည်း အများအပြားကျန်ရှိနေသေးတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးအဖွဲ့ကနေ အဆိုပြုလွှာမူကြမ်းတွေကို တင်သွင်းပြီးသွားလို့ရှိရင် လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ယူနက်စကို ညီလာခံကနေ မြောက်ဦးအမွေအနှစ်ဇုံကို လက်ခံ၊ မခံ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သမိုင်းအထောက်အထားရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။
"ကျွန်မတို့ဘက်က တင်သွင်းထားတဲ့အချက်အလက်တွေထဲမှာ လိုအပ်ချက်တွေပြီးပြည့်သွားပြီ၊ ဖိုင်နယ်ဖြစ်သွားပြီဆိုလို့ ရှိရင် တင်သွင်းတဲ့ကိစ္စက ပြည့်စုံသွားပြီပေါ့၊ ၂၀၂၀ စက်တင်ဘာလောက်မှာ သူတို့တရားဝင်လာစစ်မယ်၊ စစ်ပြီးသွားလို့ ရှိရင် ၂၀၂၁ ဇွန်၊ဇူလိုင်လောက်မှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ၂၂ ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံကနေ မြောက်ဦးကို သွင်းသင့်မသွင်းသင့်ကို ဆုံးဖြတ်ပါလိမ့်မယ်" လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
အဲ့ဒီမူကြမ်းတွေမှာ ထည့်သွင်းရမယ့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ယူနက်စကို၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတော်က ငှားရမ်းထားတဲ့ ပညာရှင်တွေက ဝိုင်းဝန်းရေးဆွဲပေးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ယူနက်စကိုအဖွဲ့အနေနဲ့ နောက်ဆုံးမူကြမ်းလက်ခံရရှိပြီးတဲ့နောက်ပိုင်းမှာ မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းမှုအပေါ် ဒေသခံတွေလက်ခံနိုင်ခြင်း ရှိမရှိ၊ လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်တွေ၊ ရဟန်းသံဃာတွေရဲ့ သဘောထားမှတ်ချက်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်တွေကို ရယူမှုတွေပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။
မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုအဖြစ် အသိအမှတ်ပြုခံရရေးအတွက် ဆောင်ရွက်နေမှုအပေါ်မှာတော့ ဒေသခံတွေအနေနဲ့ ရာနှုန်းပြည့်လက်ခံတာမျိုးမဟုတ်ဘဲ ၉၀ ရာခိုင်နှုန်းလောက်သာ လက်ခံကြပြီးတော့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်က သူတို့တွေ့ရဲ့ နေအိမ်တွေ၊ အဆောက်အအုံတွေကို ဖြိုဖျက် ရွှေ့ပြောင်းပေးရမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။
အဲ့ဒီပြောင်းရွှေ့ရနိုင်တဲ့ လူနေရပ်ကွက်တွေအတွင်းက နေအိမ်တွေအတွက် မြောက်ဦးမြို့သစ်စီမံကိန်းတစ်ခုကိုလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းကနေ ပြည်နယ်အစိုးရက ဆောင်ရွက်နေပေမယ့် လက်ရှိအချိန်ထိတော့ အဲ့ဒီစီမံကိန်းက အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။
ဒါ့အပြင် ရခိုင်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့အကြား တိုက်ပွဲတွေမှာ မြောက်ဦးက သမိုင်းအမွေအနှစ်တွေ၊ ဘုရား စေတီတွေဟာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် ပျက်စီးမှုတချို့လည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလလယ်လောက်က မြောက်ဦးမြို့နဲ့ ၅ မိုင်အကွာမှာရှိတဲ့ သက်တမ်းနှစ်ပေါင်း ၆၀၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ သင်္ကျစ်တော်စေတီတော်မှာ လက်နက်ကြီးကျည်တွေကျရောက်ခဲ့တဲ့အတွက် ထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
စစ်ပွဲ ကာလ တစ်နှစ်တာအတွင်း အခုလိုမျိုး စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ သမိုင်းအမွေအနှစ်တွေ ဘယ်လောက်ထိရှိနေပြီလဲဆိုတာကိုတော့ လုံခြုံရေးအခြေအနေအရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေကနေ မြေပြင်ကွင်းဆင်းပြီး သွားရောက်မှတ်တမ်းရယူဖို့ ခက်ခဲနေတယ်လို့ ရှေးဟောင်းသုတေသနဌာနကပြောပါတယ်။
မြောက်ဦးနယ်မြေအတွင်းမှာ အပစ်ခတ်ရပ်စဲမှုတွေမရှိသေးတဲ့အတွက် အဲ့ဒီလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေက ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် လက်ခံနိုင်ရေးအပေါ်မှာ ထိခိုက်မှုတွေတော့ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေတာပါ။










