မြောက်ဦးမြို့ပေါ်နဲ့ ရှေးဟောင်းဇုန်တဝိုက်မှာပါ ပစ်ခတ်မှုတွေရှိလို့ စစ်မဲ့ဇုန်အဖြစ် ကာကွယ် ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်က လူနေရပ်ကွက်တွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ် ထားရာ နယ်နိမိတ်တဝိုက်မှာပါ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိလာလို့ ရှေးအမွေ အနှစ်တွေ မပျက်စီးရအောင် မြောက်ဦးကို စစ်မဲ့ဇုန်အဖြစ် ကာကွယ်သတ်မှတ်နိုင်ဖို့အစိုးရအနေနဲ့ နှစ်ဘက် စလုံး ကို ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းက တောင်းဆိုထားပါတယ်။
မတ် ၁၅ ရက်ညပိုင်းကစလို့ ဒီကနေ့ မတ် ၁၉ ရက်မနက်ပိုင်းအထိ ပစ်ခတ်မှုတွေကြောင့် ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ သျစ်သောင်းပုထိုး၊ထုက္ကံသိမ် အနီးမှာလည်းပေါက်ကွဲမှုတွေဖြစ်ခဲ့သလို ဆင်ချဆိပ်ရပ်ကွက်ရှိ ရှေးလက်ရာတစ်ဆူဖြစ်တဲ့ အနောက်မြေထဲ စေတီအောက်ခြေပိုင်းကိုလည်း လက်နက်ကြီးထိမှန်ခဲ့တဲ့အတွက် ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
'' ဒီကိစ္စကို အစိုးရအနေနဲ့ မြန်မာ့တပ်မတော်ဘက်ကိုရော အေအေဘက်ကို ကြားဝင်ညှိပေးဖို့ တာဝန်ရှိ တယ်။ ဘာကြောင့်လဲဆိုတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကို စစ်မက်ပဋိပက္ခတွေအတွင်းကနေ ကာကွယ်ဖို့ 1954 Hague convention မှာ မြန်မာက လက်မှတ်ထိုးထားတယ်။ အဲဒီမှာပါတဲ့ အချက်တွေကို လိုက်နာဖို့ အဖွဲ့အစည်းတွေကို ညွှန်ကြားပိုင်ခွင့်အစိုးရမှာရှိတယ်။'' လို့ မြန်မာနိုင်ငံရှေးဟောင်း သုတေသန ပညာအသင်းရဲ့အတွင်းရေးမှူးဦးသူရအောင်က ဘီဘီစီကိုပြောပါတယ်။
1954 Hague convention အရ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ် ဒေသတွေမှာ စစ်မက်ဖြစ်ပွားခြင်း၊ယဉ်ကျေးမှုအမွေအနှစ်တွေကို ခံတပ်သဖွယ်အကာအကွယ် ယူအသုံးပြုတာတွေကို ရှောင်ရှားရမယ်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။
မတ် ၁၈ရက် ညပိုင်းက မြောက်ဦးမြို့ပေါ်က လူနေရပ်ကွက်တွေနဲ့ အိမ်တွေထဲကို မြန်မာ့တပ်မတော် ဘက် က စက်သေနတ်တွေ နဲ့ ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို လူနေအိမ်တွေမီးလောင် ပျက်စီးခဲ့ သလို ၆ဦးထက်မနည်းတဲ့ ဒေသခံတွေလည်း ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်ကုသနေကြရတယ်လို့ ဆေးရုံကို ကိုယ်တိုင်သွားရောက်ကူညီခဲ့တဲ့ မြောက်ဦးမြို့ခံ ကိုထွန်းနေဝင်းကဘီဘီစီကိုပြောပါတယ်။
'' ဒီမနက်ဆိုရင် ကျောင်းတောင်၊ ဇာပြင်မှာ ရဟတ်ယာဉ် ၃စီးနဲ့ ဝင်ပစ်တာရှိတယ်။ ကိုးသောင်းဘုရားဘက်ကတောင်တန်းတွေဘက်ကနေ အမြောက်နဲ့ထုတာလည်းရှိတယ်။ ညကလည်း မြို့အထွက်လို့ပြောလို့ရတဲ့ ကမ္ဘောဇဘဏ်နားကနေ အကုန်လုံး တန်းပြီးတော့ စီပြီးတော့ ပစ်တာ။ဆိုတော့ မြန်မာ့တပ်မတော်အနေနဲ့ ပြည်သူတစ်ရပ်လုံးကို ခြိမ်းခြောက်ရာကျတယ်လို့ပဲပြောချင်တယ်။''လို့ ကိုထွန်းနေဝင်းက လက်ရှိအခြေအနေကိုပြောပြပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ ဒေသခံတွေထိခိုက်စေတဲ့အထိ လူနေရပ်ကွက်တွေထဲကိုပါ ပစ်ခတ်မှုတွေ ရှိခဲ့တဲ့ အပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုဘီဘီစီက ဆက်သွယ် မေးမြန်း ရာမှာတော့ အေအေဘက်က စပစ်လို့ ပစ်ခတ်ရတာဖြစ်တယ်လို့ ပြန်လည်ပြောဆိုပါတယ်။
' ' တပ်ရဲ့ မြို့လုံခြုံရေးလုပ်တဲ့အဖွဲ့တွေကိုလည်း လူနေရပ်ကွက်တွေထဲကနေ ပစ်ခတ်တာတွေလုပ်တယ်။ လမ်းထောင့်တွေကနေ လူနေအိမ်တွေထဲကနေ ပစ်တာတွေလုပ်တယ်။ ပြီးတော့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲက အဆောက်အဦတွေကနေ ဝိုင်းပစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က ထိန်းထိန်း သိမ်းသိမ်း နဲ့ ပြန်ပစ်တာပဲရှိတယ်။ ကျွန်တော်တို့က အကြောင်းမဲ့ပစ်တာမဟုတ်ဘူး။'' လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။
ဒါ့အပြင် မြို့ပေါ်နဲ့ ရှေးဟောင်းနယ်မြေအတွင်းကို ရက္ခိုင့်တပ်မတော် အေအေဘက်က အခြေပြု ပစ်ခတ်မှု တွေရှိနေသရွေ့ နှစ်ဘက်ထိတွေ့တိုက်ခိုက်မှုတွေကရှိနေဦးမှာဖြစ်တယ်လို့လည်း သတိပေးပြောဆိုပါတယ်။
အေအေက တပ်မတော် ယူနီဖောင်း ဝတ်ပြီး လူနေအိမ်တွေကို ပစ်ခတ်တာတွေလည်း ရှိတဲ့ အပြင် အေအေ ဘက်က အရပ်သား အသွင်နဲ့ လှုပ်ရှားတယ် ဆိုပြီးလည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး က စွပ်စွဲ ပြောဆိုပေမယ့် အေအေ ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြန်လည် ငြင်းဆိုထားပါတယ်။
လတ်တလော ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့်လည်း ရက္ခိုင့်တပ်မတော် (အေအေ) လာမယ့် အနေနဲ့ မတ် ၂၁ ရက်နေ့နေပြည်တော် မှာအစိုးရဘက်ကငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ နဲ့တွေ့ဆုံဖို့ရှိသလို မတ် ၂၂ ရက်နေ့မှာတော့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေး သွားဖို့ ရှိနေပါတယ်။









