ကျားဖောင် ငရဲခန်းက နောက်ထပ်လွတ်လာသူ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ပင်လယ်ပြင်က ကျားဖောင်တွေမှာ ငါးဖမ်းလုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားအမှု ပေါ်ပေါက်ပြီးနောက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က နောက်ထပ် သူ့လို ရောင်းစားခံရတယ်ဆိုတဲ့သူနှစ်ဦးကို နိုဝင်ဘာ ၂၄ ရက်မှာ ကယ်တင်လိုက်နိုင်ပါတယ် ။
အဲဒီနှစ်ယောက်ထဲက မအူပင်ဇာတိ ကိုသက် နဲ့ ဘီဘီစီက တွေ့ဆုံခွင့်ရခဲ့ပါတယ် ။
သူဟာ ရန်ကုန်ကို အလုပ် ရှာဖို့ရောက်လာသူဖြစ်ပြီး ဇာတိက ဧရာဝတီတိုင်း မအူပင်ကပါ။
ရန်ကုန်ဆိပ်ကမ်းနဲ့ ဒလဘက်မှာ ဆန်အိတ်ထမ်းနေရာက နေ အလုပ်ကောင်းတယ်ဆိုတာကြောင့် ဖျာပုံ အနီး ခါးပြတ်ရွာကနေ မော်တော်နဲ့နှစ်ညအိပ်လောက် မောင်းရတဲ့ ပင်လယ်ပြင်က ကျားဖောင်ပေါ်ကို လိုက်လာရင်းကရောင်းစားခံလိုက်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘယ်လိုရောင်းစားခံ ရတာလဲ
ရန်ကုန်တစ်ဘက်ကမ်း ဒလမြို့က လက်ဖက်ရည်ဆိုင်ဟာ လူကုန်ကူးခံရတဲ့ ဇာတ်လမ်းရဲ့ အစဖြစ်ပါတယ်။
ပွဲစားတွေက လက်ဖက်ရည်ဆိုင်ကနေ သူတို့ကို အလုပ်ကောင်းတယ်၊ ကုန်တက်ရင်တက်သလောက် ရမယ်ဆို ပြီးတော့ အယုံသွင်းပါတယ်။
" ဆိုင်မှာဘေးချင်းကပ်တွေ့ ကြတာ၊ အလုပ်လုပ်ဖို့လာခေါ်တော့ အလုပ်လုပ်ချင်တာနဲ့လိုက်သွားလိုက်တာ" လို့ အသက် ၂၅ နှစ်အရွယ် မအူပင်မြို့နယ် အခြံရွာဇာတိ ကိုသက်က ပြောပါတယ်။
အဲဒီနောက် သူ့ကို ငွေခုနစ်သိန်းနဲ့ ရောင်းစားခံရတယ်ဆိုတာ ဖောင်ပေါ်ကို ရောက်သွားပြီးတော့မှ သိရတယ်လို့ လည်း ကိုသက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
သူဘယ်လိုဖောင်ပေါ်ရောက်သွားလဲ
ဖျာပုံခရိုင်၊ ဖျာပုံမြို့ နဲ့ အမာမြို့နယ် တွေထဲက နောက်မီး၊ ခါးပြတ်၊ ဗန်ဒါပင်၊ ဒေါ်ညိမ်း၊ ကုလားထိပ်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ဖျာပုံမြစ်တန်း ရွာတွေဟာ ကျားဖောင်တွေနဲ့ ပင်လယ်ပြင် ငါးဖမ်းထွက်တာကို မိရိုးဖလာ ဓလေ့ အနေနဲ့ အကြီးအကျယ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ရန်ကုန်တစ်ဘက်ကမ်း ဒလကနေ ကိုသက်ရယ် ၊ရောင်းစားခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသား မြတ်သူရထွန်းရယ်၊ ကိုစိုင်းမောင်မောင်ရယ် မိုင် ၅၀ လောက် ဝေးတဲ့ ကျားဖောင်ပေါ်မှာ အလုပ်ရမယ်ဆိုပြီးလိုက်သွားရင်းနဲ့ လူကုန်ကူးခံရတာ ဖြစ်ပါတယ်။
ဖျာပုံနားက ခါးပြတ်ရွာကနေ ရေမိုင် ၁၅ မိုင်လောက် အကွာမှာ ဒီကျားဖောင်တွေရှိတယ်လို့ လည်းဖျာပုံဒေသခံတွေ ကပြောပါတယ်။
ဖျာပုံ အနီးပင်လယ်ဝတစ်ဝိုက်မှာ ကျားဖောင် စုစုပေါင်းထောင်နဲ့ ချီရှိပြီးတော့ မြန်မာတို့ ထမင်းဝိုင်း အတွက် မရှိ မဖြစ် မျှင်ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တွေကို ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ဒီလုပ်ငန်းတွေက ပါပါတယ်။
လူကုန်ကူးခံရသူတွေဟာ ဒီလို ဖောင်တွေပေါ်မှာ အလုပ်လုပ်ရဖို့ ပွဲစားတွေကနေ တစ်ဆင့် ရောက်ပြီး ရောင်းစားခံကြရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ကျားဖောင် ဆိုတာဘာလဲ
ဖျာပုံ အနီးခါးပြတ် ရွာကနေ မော်တော်နဲ့ နှစ်ညအိပ်လောက် မောင်းရတဲ့နေရာ မှာ ကျားဖောင်တွေရှိကြပါတယ်။
ကျားဖောင်ဆိုတာဟာ အလျားပေ ၃၀၊ အနံ ပေ ၂၀ လောက် ဝါးတွေနဲ့ လုပ်ထားတဲ့ ပင်လယ်ဝမှာ ပိုက်ချ ပြီးငါးဖမ်းတဲ့ ဖောင်တွေပါ ။
ကိုသက်ပြောပြတာကတော့ သူရောက်ခဲ့တဲ့နေရာမှာ ကျားဖောင် ၄၀ ကျော် ၅၀ နီးပါး ရှိတယ်လို့ပြောပါတယ်။
ကျားဖောင်လုပ်သားတွေဟာ ၂၀၁၁ ခုနှစ်ဝန်းကျင် က မုန်တိုင်းကြောင့် ပင်လယ်ထဲမျောပြီး အိန္ဒိယကို ရောက်သွား သူတွေ ကို ပြန်ကယ်ခဲ့ရတာ ရှိသလို ပင်လယ်ထဲမှာ ကျပြီး အသက်သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ ဒီကျားဖောင်ပေါ်က ကျွန်ပြုခံရတဲ့ လူတွေ အချင်းချင်း ရန်ဖြစ်ပြီး အသတ်ခံရမှုတွေ ရှိတယ် ဆိုတာကလည်း လွန်ခဲ့တဲ့နှစ်တွေကနေ စပြီးကြားလာရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ခုနှစ် စက်တင်ဘာ က နေ ဧပြီ လ အထိ ၈ လတာ ပင်လယ်ပြင်ထွက် ငါးဖမ်းရာသီအတွင်း ကျားဖောင်တွေပေါ်မှာ အလုပ်လုပ်ရင်း ပျောက်ဆုံးတာ၊ အသတ်ခံရတာ နဲ့ နာမကျန်းဖြစ်ပြီး သေဆုံးတာက ၂၇၆ ဦး ရှိတယ်လို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
အစိုးရဘက်က ဘာတွေလုပ်ဖို့ရှိလဲ
ဒီဖြစ်စဉ်တွေကို တားဆီးဖို့ အဲဒီဒေသက ငါးလုပ်ငန်းပိုင်ရှင်တွေ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူကုန်တား၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
အခုလို ကျားဖောင်တွေပေါ် လူကုန်ကူးပြီး အတင်းအဓမ္မ စေခိုင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆင့် အဆိုးရွားဆုံး အခြေအနေ ဖြစ်တယ်လို့ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဦးယုလွင်အောင်က ပြောပါတယ်။
" ရိုက်နှက်နှိပ်စက်ညှဉ်းပန်းပြီးတော့ ခိုင်းတာတို့၊ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အတင်းအဓမ္မ ရိုက်နှက်ခြိမ်းခြောက်ပြီးတော့မှ ခိုင်းတာ။ ဒါတွေက ကျွန်ပြုတဲ့ သဘောတွေ ဖြစ်သွားပြီ။ လုပ်ခမပေးဘဲ ခိုင်းစေတာဟာ လူ့အခွင့်အရေးကို လုံးဝချိုးဖောက်တဲ့ ဖြစ်စဉ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်ကိုတော့ ကျွန်တော်တို့က မရမနေ တားရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရမယ့် သဘောရှိပါတယ်" လို့ သူက ပြောပါတယ်။
" ကျွန်တော်တို့ လက်မှက်တွေ ထိုးရတယ်၊ ဓာတ်ပုံတွေ ရိုက်ရတယ်၊ နောက် ဖောင်ပေါ်တက်သွားတဲ့ အချိန်ကျမှ ပွဲစားက ပိုက်ဆံ ထုတ်သွားတာ" လို့ လည်းကိုသက်က ပြောပါတယ်။
မင်းတို့လမ်းစရိတ် စားစရိတ် ဘာမှ မလိုဘူး ဘာမှပူစရာမလိုဘူး လိုတာကိုပြောဆိုပြီး ပွဲစားတွေက ခေါ်သွားတာလို့လည်းကိုသက်ကပြောပါတယ်။
ဖောင်ပေါ်မှာ ငါးဖမ်းပိုက်ချတာ၊ ပိုက်ဖော်တာတွေကို ဖောင်ဦးစီးနဲ့ သူအပါအဝင် သုံးဦးတို့ လုပ်ကိုင်ရတာဖြစ်ပြီး ပိုက်ဖော်ပြီးတာနဲ့ ဖမ်းမိတဲ့ ငါးပုစွန်တွေကို ရွေးထုတ်၊ အခြောက်လှန်း စတာတွေလုပ်ရပါတယ်။ အဲဒါတွေ လုပ်နေတာ မပြီးသေးတဲ့အချိန် နောက်တစ်ကြိမ် ပိုက်ဖော်ဖို့အချိန် ရောက်လာတာနဲ့ အစကနေ ပြန်လုပ်ရပြီး တစ်ရက်ကို အိပ်ချိန် တစ်နာရီခွဲလောက်ပဲရှိတယ်လို့ ဆိုပါတယ်။
ကိုသက် ဟာ ကာယအားကိုး အလုပ်ကြမ်း လုပ်လက်စ ရှိသူဖြစ်လို့ ကျားဖောင်ပေါ်မှာ ပင်ပန်းပေမယ့် ကြိတ်မှိတ်လုပ်ခဲ့တာကြောင့် ဖောင်ဦးစီးရဲ့ ရိုက်နှက်နှိပ်စက်တာ မခံခဲ့ရပေမယ့် သူ့လက်မှာ ငါးဖမ်းပိုက် ကြိုးတွေဆွဲတဲ့ သေရာပါ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ကျားဖောင်ပေါ် ရောင်းစားခံခဲ့ရပြီး မိသားစုက ငွေနဲ့ ပြန်ရွေးလို့ လွတ်မြောက်လာတဲ့ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုက တရားခံလို့ယူဆရသူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းမိထားပြီး ကျောက်တံတားရဲစခန်းမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။
လက်ရှိမှာ ကိုသက်နဲ့ ကိုစိုင်းမောင်မောင်တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ထားပြီး သူတို့အမှုတွေကို ရဲတပ်ဖွဲ့ကပဲ တရားလိုလုပ် တရားစွဲတင်မှာ ဖြစ်ပါတယ်။








