ငါးလုပ်ငန်းနဲ့ ကျားဖောင်တွေကို လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေးမယ်

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ဖျာပုံမြို့နယ်အနီးတစ်ဝိုက်က ငါးလုပ်ငန်းတွေနဲ့ ကျားဖောင်တွေမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေရဲ့ အခြေအနေကို လာမယ့်သီတင်းပတ်မှာ ကွင်းဆင်း စစ်ဆေးမယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။
ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကနေ မသမာမှုတွေကို တားဆီးနိုင်ရေး နည်းလမ်းရှာဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ရန်ကုန်မြို့မှာ ဌာနဆိုင်ရာတချို့နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ပင်လယ်ပြင်က ကျားဖောင်တွေမှာ ငါးဖမ်းလုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားအမှု ပေါ်ပေါက်ပြီးနောက် ကော်မရှင်က ကွင်းဆင်းစစ်ဆေးဖို့ ဖြစ်လာတာပါ။
ကွင်းဆင်းပြီးတဲ့နောက် ဒီဖြစ်စဉ်တွေကို တားဆီးဖို့ အဲဒီဒေသက ငါးလုပ်ငန်းပိုင်ရှင်တွေ၊ အစိုးရ ငါးလုပ်ငန်း ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူကုန်တား၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို ကျားဖောင်တွေပေါ် လူကုန်ကူးပြီး အတင်းအဓမ္မစေခိုင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆင့် အဆိုးရွားဆုံး အခြေအနေ ဖြစ်တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။
"တော်တော်ဆိုးရွားတဲ့အဆင့်ပါ။ လူအချင်းချင်း ကုန်ရောင်းကုန်ဝယ် လုပ်တဲ့ပုံစံမို့ လူ့အခွင့်အရေးကို ချိုးဖောက်တာ။ ဟိုဘက်ရောက်တော့ လုပ်အားကို ခေါင်းပုံဖြတ်တာ။ မဝရေစာ ကျွေးတာ။ နင်ပဲငဆ ရိုက်နှက်နှိပ်စက်ညှဉ်းပန်းပြီးတော့ ခိုင်းတာတို့၊ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အတင်းအဓမ္မ ရိုက်နှက်ခြိမ်းခြောက်ပြီးတော့မှ ခိုင်းတာ။ ဒါတွေက ကျွန်ပြုတဲ့ သဘောတွေ ဖြစ်သွားပြီ။ လုပ်ခမပေးဘဲ ခိုင်းစေတာဟာ လူ့အခွင့်အရေးကို လုံးဝချိုးဖောက်တဲ့ ဖြစ်စဉ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်ကိုတော့ ကျွန်တော်တို့က မရမနေ တားရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရမယ့် သဘောရှိပါတယ်" လို့ သူက ဆိုပါတယ်။
ဒီဖြစ်စဉ်တွေမှာ ရောင်းစားတဲ့သူ၊ လက်ခံခိုင်းစေသူ၊ လက်တွေ့ကျင့်သုံးတဲ့ ကျားဖောင်ဦးစီးတွေ၊ လုပ်ငန်း ပိုင်ရှင်တွေနဲ့ ဒါကိုမသိကျိုးကျွံပြုနေတဲ့ သူတွေအားလုံးမှာ တာဝန်ရှိတယ်လို့ ဦးယုလွင်အောင်က ဆိုပါတယ်။
ကျားဖောင်ပေါ် ရောင်းစားခံခဲ့ရပြီး မိသားစုက ငွေနဲ့ ပြန်ရွေးလို့ လွတ်မြောက်လာတဲ့ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုက တရားခံလို့ယူဆရသူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းမိထားပြီး ကျောက်တံတားရဲစခန်းမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။
ဒါ့အပြင် ကိုမြတ်သူရထွန်းရဲ့ သတင်းပေးချက်အရ နောက်ထပ် သူ့လိုရောင်းစားခံရတယ်ဆိုတဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်မှာ ကယ်တင်လိုက်နိုင်ပြီး နောက်ဆက်တွဲတရားခံတစ်ဦးကို ထပ်မံ ဖမ်းဆီးထားပါတယ်။
လူကုန်တားရဲတပ်ဖွဲ့က ကယ်တင်လိုက်နိုင်သူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ကိုသက်က သူတို့လို ဖြစ်စဉ်မျိုး နောက်လူတွေထပ်မခံရအောင်နဲ့ ပွဲစားတွေပြောသမျှ အယုံမလွယ်ကြဖို့ ၊ ပွဲစားတွေက ဘယ်လိုလူတွေကို ပစ်မှတ်ထားပြီး စည်းရုံးတတ်လဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ဘီဘီစီကို ခုလိုပြောပါတယ်။
"မအူမလည်နဲ့ တောကတက်လာပြီး အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေကို သူတို့က ပစ်မှတ်ထားတယ်။ ပွဲစားတွေ ပြောသမျှ အယုံမလွယ်ကြဖို့၊ အလုပ်လုပ်မယ်ဆိုလည်း ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်ကြဖို့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်တော့ မသွားကြနဲ့" လို့ အသက် ၂၅ နှစ်အရွယ် မအူပင်မြို့နယ် အခြံရွာဇာတိ ကိုသက်က ပြောပါတယ်။
သူဟာ လှိုင်သာယာမြို့နယ်က မိတ်ဆွေတွေထံ နေထိုင်ရင်း ဒလဘက်မှာ ဆန်ထမ်းတဲ့ အလုပ်ကိုလည်း ရံဖန်ရံခါ လုပ်တယ်လို့ ဆိုပါတယ်။ တစ်နေ့မှာ ဒလဘက်ကမ်းမှာ လဘက်ရည် ဆိုင်ထိုင် နေတုန်း အမျိုးသမီးနှစ်ဦးရောက်လာပြီး ငါးလုပ်ငန်းမှာ အလုပ်ရမယ်။ လုပ်နိုင်ရင် လုပ်နိုင်သလောက် လစာရမယ်လို့ လာရောက်ပြောဆိုတဲ့အတွက် လိုက်ပါသွားရာက အခုလို ကျားဖောင်တွေပေါ် ရောက်ခဲ့တာ ဖြစ်ပါတယ်။
သူအလုပ်လုပ်တဲ့ ဖောင်ဟာ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာကနေ နှစ်ညအိပ်သွားရပြီး ငါးဒိုင်ပိုင်ရှင်က သင်္ဘောနဲ့ ပို့ဆောင်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖောင်ပေါ်မှာ ငါးဖမ်းပိုက်ချတာ၊ ပိုက်ဖော်တာတွေကို ဖောင်ဦးစီးနဲ့ သူအပါအဝင် သုံးဦးတို့ လုပ်ကိုင်ရတာဖြစ်ပြီး ပိုက်ဖော်ပြီးတာနဲ့ ဖမ်းမိတဲ့ ငါးပုစွန်တွေကို ရွေးထုတ်၊ အခြောက်လှန်း စတာတွေလုပ်ရပါတယ်။ အဲဒါတွေ လုပ်နေတာ မပြီးသေးတဲ့အချိန် နောက်တစ်ကြိမ် ပိုက်ဖော်ဖို့အချိန် ရောက်လာတာနဲ့ အစကနေ ပြန်လုပ်ရပြီး တစ်ရက်ကို အိပ်ချိန် တစ်နာရီခွဲလောက်ပဲရှိတယ်လို့ ဆိုပါတယ်။
သူဟာ ကာယအားကိုး အလုပ်ကြမ်း လုပ်လက်စ ရှိသူဖြစ်လို့ ကျားဖောင်ပေါ်မှာ ပင်ပန်းပေမယ့် ကြိတ်မှိတ်လုပ်ခဲ့တာကြောင့် ဖောင်ဦးစီးရဲ့ ရိုက်နှက်နှိပ်စက်တာ မခံခဲ့ရပေမယ့် သူ့လက်မှာ ငါးဖမ်းပိုက် ကြိုးတွေဆွဲတဲ့ သေရာပါ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thaw Zin
သူနဲ့ နောက်တစ်ဦးဖြစ်တဲ့ ကိုစိုင်းမောင်မောင်တို့ဟာ ကိုမြတ်သူရထွန်းနဲ့အတူ ကျားဖောင်တွေပေါ် တစ်ရက်တည်း ရောက်ခဲ့တာဖြစ်ပေမယ့် အလုပ်လုပ်ရတဲ့ ဖောင်ချင်းတော့ မတူဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ကိုသက်နဲ့ ကိုစိုင်းမောင်မောင်တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ထားပြီး သူတို့အမှုတွေကို ရဲတပ်ဖွဲ့ကပဲ တရားလိုလုပ် တရားစွဲတင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို လူမှုဝန်ထမ်းဦးစီးဌာနက နိုဝင်ဘာ ၂၆ ရက်မှာ ငွေကျပ် ၁၀ သိန်း လာရောက် ထောက်ပံ့ပေးခဲ့ပါတယ်။
လတ်တလောမှာ သူတို့အမှုတွေနဲ့ ပတ်သက်တဲ့ ပွဲစားအမျိုးသမီးနှစ်ဦးအပါအဝင် ကျန်သူတွေဟာ တိမ်းရှောင်နေပြီး တရားခံတွေ ဖမ်းဆီးရမိဖို့ စုံစမ်းရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ရဲတပ်ဖွဲ့က ဒီအမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူတွေကို အမှုဖွင့်ထားတဲ့ လူကုန်ကူး ပုဒ်မ ၂၅ ဟာ အမျိုးသားတွေကို လူကုန်ကူးတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ငါးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။









