တပ်မတော်က ရေငုပ်သင်္ဘောတွေ ထပ်ဝယ်ဖို့ရှိသေးလား

ရေငုပ်သင်္ဘောတွေထပ်ရှိလာဖို့ အစီအစဉ်တော့ရှိပါမယ်၊ ဘယ်နိုင်ငံကနေ ထပ်မံဝယ်ယူမယ်ဆိုတာကိုတော့ သူ့အနေနဲ့ အတိအကျအတည်မပြုပေးနိုင်သေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရေငုပ်သင်္ဘောတွေထပ်ရှိလာဖို့ အစီအစဉ်တော့ရှိပါမယ်၊ ဘယ်နိုင်ငံကနေ ထပ်မံဝယ်ယူမယ်ဆိုတာကိုတော့ အတိအကျအတည်မပြုပေးနိုင်သေး

ဒီနှစ်ထဲမှာပဲ မြန်မာနိုင်ငံကို အိန္ဒိယက ရေငုပ်သင်္ဘောကို လက်လွှဲပေးတော့မှာဖြစ်သလို၊ အဲဒီရေငုပ်သင်္ဘောအပြင် အခြားနောက်ထပ်ရေငုပ်သင်္ဘောတွေထပ်တိုးလာဖို့ အစီအစဉ်ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အဲဒီလို အစီအစဉ်ရှိတယ် ဆိုပေမယ့်လည်း ဘယ်နိုင်ငံကနေ ထပ်မံဝယ်ယူမယ်ဆိုတာကိုတော့ သူ့အနေနဲ့ အတိအကျ အတည်ပြု မပေးနိုင်သေးဘူး လို့ဆိုပါတယ်။

အခုလို မြန်မာကရေငုပ်သင်္ဘောပိုင်ဆိုင်တာဟာ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ ထိုင်းနိုင်ငံတို့နောက်မှ ပိုင်ဆိုင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်တော့ ပထမဆုံးရေငုပ်သင်္ဘော ဖြစ်ပါတယ်။

အခုလိုပိုင်ဆိုင်ဖို့အတွက်ကို တပ်မတော်က ၁၀စုနှစ်တစ်ခုလောက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့တာလို့လည်း တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဧပြီလ ၂၆ ရက်က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ရုရှားရေတပ်စခန်းရဲ့ အက်မာ တိုင်စကီဗာဖီ သင်္ဘောကျင်းမှာ ရေငုပ်သင်္ဘော ထုတ်လုပ်နေမှု အခြေအနေတွေနဲ့ ရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းတဲ့ အခြေအနေတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေ သွားရောက် ကြည့်ရှုခဲ့ပြီးတဲ့နောက် တပ်မတော်က ရေငုပ်သင်္ဘော တစ်စင်းကို မကြာခင် ဝယ်ယူနိုင် မယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်ခဲ့အပြီး ရုရှားနိုင်ငံလုပ် ရေငုပ်သင်္ဘောကို အိန္ဒိယထံကနေ ဝယ်ယူလိုက်တာပါ။

ပထမဆုံးဝယ်ယူတဲ့ ရေငုပ်သင်္ဘောအပြင် အခြားရေငုပ်သင်္ဘောတွေထပ်မံဝယ်ယူဖို့အစီအစဉ်ရှိမရှိကို မေးကြည့်ရာမှာတော့ "အစီအစဉ်တော့ရှိပါလိမ့်မယ်။တစ်စင်းနဲ့ဖြစ်စေ၊ နှစ်စင်းနဲ့ဖြစ်စေ၊ အရေးမကြီး ပါဘူး။ ဒါတွေကို ကိုင်တွယ်နိုင်မယ့်လေ့ကျင်မှုရထားဖို့ပဲ အရေးကြီးတာပါ။ သင်္ဘောနဲ့ ပတ်သက်လာရင် ကိုယ့်ရဲ့ဓန အင်အားနဲ့ ကိုယ်အသုံးပြုမယ့်ဟာနဲ့ ချိန်ပြီးတော့ လုပ်တာဖြစ်ပါလိမ့်မယ်" လို့ သူကပြောပါတယ်။

ရေငုပ်သင်္ဘောအတွက် လေ့ကျင့်ရေးကိုလည်း အိန္ဒိယကနေပဲ ရယူထားတာ ဖြစ်ပေမယ့် ဝယ်ယူတဲ့အမျိုး အစားကရုရှားထုတ် အမျိုးအစား ဖြစ်တဲ့အတွက် ရုရှားနဲ့ ဆက်စပ်မှုရှိထားတဲ့ အခြေအနေတွေကိုတော့ အခုချိန်မှာအတိအကျ မပြောနိုင်သေးဘူး

ဓာတ်ပုံ ရင်းမြစ်, Senior General Min Aung Hlaing

ဓာတ်ပုံ ပုံစာ, ရေငုပ်သင်္ဘောအတွက် လေ့ကျင့်ရေးကိုလည်း အိန္ဒိယကနေပဲ ရယူထားတာ ဖြစ်ပေမယ့် ဝယ်ယူတဲ့အမျိုး အစားကရုရှားထုတ် အမျိုးအစား ဖြစ်တဲ့အတွက် ရုရှားနဲ့ ဆက်စပ်မှုရှိထားတဲ့ အခြေအနေတွေကိုတော့ အခုချိန်မှာအတိအကျ မပြောနိုင်သေးဘူး

ရေငုပ်သင်္ဘောအတွက် လေ့ကျင့်ရေးကို အိန္ဒိယကနေပဲရယူထားတာဖြစ်ပေမယ့် ဝယ်ယူတဲ့အမျိုး အစားကရုရှားထုတ် အမျိုးအစား ဖြစ်တယ်၊ ဒါကြောင့် ရုရှားထုတ် သင်္ဘောနဲ့ က အဆက်အစပ်ရှိနေပြီး ဖြစ်တယ်၊ ဒါပေမဲ့ နောက်ဝယ်မယ့် ရေငုပ်သင်္ဘော ဘယ်နိုင်ငံကလဲဆိုတာ အခုချိန်မှာတော့အတိအကျ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အခုရောက်ရှိမယ့် ရေငုပ်သင်္ဘောကလည်း လေ့ကျင့်ရေးအတွက်ရည်ရွယ်တယ်ဆိုပေမယ့် စစ်ဆင်ရေးရည်ရွယ်ချက် အဖြစ်ပါ သတ်မှတ်ထားတာကြောင့် မူလအတိုင်းလက်နက်တွေ တပ်ဆင်အသုံးပြုနိုင်မယ့် ရေငုပ်သင်္ဘောဖြစ်တယ်လို့ သူက ဘီဘီစီကိုအတည်ပြုပြောပါတယ်။

ဗီဒီယို ပုံစာ, နှစ် ၁၀၀ နီးပါး မြုပ်နေတဲ့ ဂျာမန် ရေငုပ်သင်္ဘော

"ရေငုပ်သင်္ဘောတပ်ဖွဲ့တွေ တစ်စင်းတည်းနဲ့တော့မရပါဘူး။ အနာဂတ်မှာထပ်ဖြည့်တင်းဖို့တော့လိုတယ်။ ဒါပေမယ့် ဘယ်နိုင်ငံကထပ်ဖြစ်မယ်ဆိုတာကိုတော့ မသိရသေးဘူးပေမယ့်လည်း ရေငုပ်သင်္ဘောတပ် ဖွဲ့မှာဆိုရင်တော့ တစ်စင်းတည်းနဲ့တော့ မဖြစ်နိုင်ဘူး" လို့ သေနင်္ဂဗျူဟာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦး ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာလည်း ၂စင်း၊ ထိုင်းဆိုရင်လည်း ၂စင်း၊ မလေးရှားဆိုရင်လည်း ၂၀၀၇ခုနှစ်ကတည်းက ၂စင်း စတာတွေနဲ့ ရေငုပ်သင်္ဘောတပ်ဖွဲ့တွေကို နိုင်ငံတိုင်းက အနည်းဆုံး ၂စင်းကနေစပြီးတော့ တည်ထောင်လေ့ ရှိပါတယ်။

မြန်မာအနေနဲ့ကလည်း ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ ရေငုပ်သင်္ဘောတွေကို ဆက်ပြီးတိုးချဲ့တည်ထောင် ရမှာဖြစ်တယ်လို့ ဦးနိုင်ဆွေဦးကဆိုပါတယ်။

မြန်မာနိုင်ငံကဝယ်ယူခဲ့တဲ့ ရေငုပ်သင်္ဘောတန်ဖိုးအတိအကျကို တပ်မတော်က ထုတ်ပြန်မပြောဆိုနိုင်ပေမယ့် မူလရုရှားထုတ် 877EKM Kilo Class ဒီဇယ် - လျှပ်စစ် သုံးတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေက အမေရိကန်ဒေါ်လာ ၁၃၈ သန်းဝန်းကျင်မှာရှိတယ်လို့ သေနင်္ဂဗျူဟာအဖွဲ့ထံက သိရပါတယ်။

အိန္ဒိယပြီးရင် ရေငုပ်သင်္ဘောနဲ့ ဆိုင်တဲ့ လေ့ကျင့်ရေးကို တခြားကို လွှတ်ထားတာ မကြားမိဘူး၊ လတ်တလော ဝယ်ယူထားတာကလည်း ရုရှားနည်းပညာနဲ့ တည်ဆောက်ထားတာ ဖြစ်လို့ နည်းပညာ၊ စနစ်တွေကဆင်တူပြီး အများအပြားအပြောင်း အလဲမရှိတဲ့အတွက် တခြားနိုင်ငံတွေမလွှတ်တာလည်းဖြစ်နိုင်တယ်လို့ သူကယူဆပါတယ်။

ကမ်းရိုးတန်း အရှည် မိုင်ပေါင်း ၁၂၀၀လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ ရေငုပ် သင်္ဘောကို အခု ၂၀၁၉ခုနှစ်အတွင်းမှာပဲ ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ အခုပိုင်ဆိုင်မယ့် ရေငုပ်သင်္ဘောက ဆိုဗီယက်ခေတ် ၁၉၈၀ကျော်ကတတည်းက အိန္ဒိယက ဆိုဗီယက်ထံကနေ ရရှိပြီးအသုံးပြုနေတဲ့ ဟာလည်း ဖြစ်ပါတယ်။

ဒီရေငုပ်သင်္ဘောက 877EKM Kilo Class ဒီဇယ် - လျှပ်စစ် သုံးတိုက်ခိုက်ရေးအမျိုးအစားဖြစ်ပြီး မူလထုတ်လုပ်တဲ့နိုင်ငံကတော့ ရုရှား (ယခင်ဆိုဗီယက်ယူနီယံ) ဖြစ်ပါတယ်။ အဲဒါကိုမှ အိန္ဒိယက ခေတ်နဲ့အညီပြုပြင်တပ်ဆင်မှုတွေကို ပြန်လည်ပြုလုပ်ထားတာပါ။

သေနင်္ဂဗျူဟာအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ အခုရရှိမယ့်ရေငုပ်သင်္ဘောက မျိုးခွဲတွေအများအပြားရှိတဲ့ထဲကမှ ခေတ်နဲ့အညီ အဆင့်ဆင့် ပြန်လည်အဆင့်မြှင့်ထား တာဖြစ်တယ်၊ အိန္ဒိယကလည်း အဲဒီရေငုပ် သင်္ဘောကို ၂၀၁၇ ခုနှစ်မှာ ကမ်းတင်ကာ ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၉ ဇူလိုင်လ ၂၂ရက်နေ့ ကမှ ပြန်လည်ရေချထားတာဖြစ် တယ်လို့သိရပါတယ်။