အိန္ဒိယ ရေငုပ်သင်္ဘော ပေါက်ကွဲမှုဖြစ်

india submarine blast
ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုကို မွန်ဘိုင်း တစ်မြို့လုံးက မြင်ကြရ

အိန္ဒိယနိုင်ငံ မွန်ဘိုင်း ရေတပ် စခန်းတခုမှာ ရပ်နားထားတဲ့ အိန္ဒိယရေတပ်က ရေငုပ်သင်္ဘောတစ်စီးဟာ ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် ရေတပ် တပ်ဖွဲ့ဝင် အများအပြား သေဆုံးသွားပါတယ်လို့ သိရပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေ အန်တိုနီက ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောသေးပေမယ့် အခုဖြစ်ရပ်ဟာ အိန္ဒိယ ရေတပ်အတွက် ကြီးမှားလှတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုလို့ ဖေါ်ပြ ပြောဆိုလိုက်ပါတယ်။

india submarine blast
ဓာတ်ပုံ ပုံစာ, ဆင်ဒူရာရှက် ရေငုပ်သင်္ဘောကို ၂၀၀၆ ခုနှစ်က မြင်တွေ့ရစဉ်။

ရေငုပ်သမားတွေကလည်း အသက်ရှင် ကျန်ရစ်သူတွေကို ကြိုးစား ရှာဖွေနေကြပေမယ့်လို့ အခုနောက်ဆုံးရ သတင်းတွေအရ ဆိုရင် အသက်ရှင်ကျန်သူတွေ မတွေ့ရဘူးလို့ သိရပါတယ်။

ရေတပ်ဦးစီးချုပ် ဒီကေဂျိုရှီက ပြောတာကတော့ တစ်ပြိုင်နက်နီးပါး ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ၂ ခု ဖြစ်တဲ့အချိန်မှာ သင်္ဘောထဲမှာ တပ်ဖွဲ့ဝင် ၁၈ ယောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ဆင်ဒူရာရှက် လို့ အမည်ပေးထားတဲ့ ရုရှားလုပ် ဒီ ရေငုပ်သင်ဘောဟာ ဒီဇယ်နယ်ကနေ လျှပ်စစ်ဓာတ် ထုတ်ပြီး မောင်းနှင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ သင်္ဘောကို အဓိက ပြန်လည် ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီးနောက် အခုနှစ် အစောပိုင်းကမှာ ပြန်လည် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။