H1N1 ကြောင့် သေဆုံးသူ ပဲခူးတိုင်းအတွင်းမှာပါရှိလာ၊ ရခိုင်မှာ မြန်မာ့တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ထဲက သေဆုံးသူအရေအတွက်ဟာ ၁၄ဦးအထိရှိ အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN/AFP/Getty Images
H1N1 ကြောင့် သေဆုံးသူ ပဲခူးတိုင်းအတွင်းမှာပါ ရှိလာ
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ သူဌေးကုန်းကျေးရွာမှာ H1N1 ကြောင့် သေဆုံးသူလူနာ တစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇူလိုင် ၂ရက်နေ့ ကသတင်းထုတ်ပြန်ထားပါတယ်။
H1N1 ကြောင့် သေဆုံးသူလူနာရဲ့ မိသားစုဝင်တွေနဲ့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေကိုရာသီတုပ်ကွေး ရောဂါလက္ခဏာများ ရှိ ၊ မရှိကို ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသွားရောက်စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကနေထုတ်ပြန်ထားပါတယ်။
H1N1ကြောင့် သေဆုံးသူ ဦးရေဟာ ရန်ကုန်တိုင်းအတွင်းမှာ ၁၈ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ၁ဦးရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ရန်ကုန်မှာ အဖြစ်အများဆုံးဖြစ်ပြီး ပြည်၊ မန္တလေး၊ မုံရွာ စစ်တွေ စတဲ့ မြို့တွေမှာ ရောဂါပိုးတွေ့တဲ့ လူနာက ၇၆ ဦးထဲမှာ လူနာ ၃၉ ဦး ကတော့ ဆေးရုံတွေပေါ်မှာ ကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။
ရာသီတုပ်ကွေး ကုသဖို့ ဆေးရုံကြီးတွေ တိုးချဲ့တဲ့အပြင် ရပ်ကွက်ထဲက ဆေးခန်းတွေမှာလည်း စောင့်ကြည့်တဲ့စနစ်ကို တစ်ဆင့်ချင်းတိုးချဲ့ ဆောင်ရွက်ဖို့ ညှိနှိုင်းပြင်ဆင်နေတယ်လို့ ရောဂါ ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ကျန်းမာရေးနှင့်အသိပညာ မြှင့်တင်ရေး ဌာနခွဲ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူအေးက ဘီဘီစီကို ပြောထားပါတယ်။
ဒါ့အပြင် တုပ်ကွေးဆန်တဲ့ရောဂါကို စောင့်ကြည့်ကုသတဲ့ဆေးရုံ ၂၀၁၇ ခုနှစ်မှာ ဆေးရုံ ခုနစ်ရုံရှိပြီး အခု ၁၅ ရုံ ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ H1N1ရောဂါကြောင့် ၂၀၁၇ ခုနှစ်မှာ သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ်မှာ ရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော်ရှိခဲ့ပေမဲ့ လူသေဆုံးမှု မရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ရခိုင်မှာ မြန်မာ့တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ထဲက သေဆုံးသူအရေအတွက်ဟာ ၁၄ဦးအထိရှိလာ
ရခိုင်မှာ ရက္ခိုင်တပ်မတော် အေအေနဲ့ ဆက်စပ်တယ်လို့ သံသယနဲ့ မြန်မာ့တပ်မတော်က ဖမ်းဆီးထိန်း သိမ်းပြီး စစ်ဆေးခံရသူတွေထဲက သေဆုံးသွားသူအရေအတွက်ဟာ ၁၄ဦးအထိရှိလာပြီလို့ ဒေသခံ တွေထံကသိရပါတယ်။
မကြာခင်ရက်ပိုင်းကလဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာကနေ ဇွန် ၂၂ ရက်နေ့မှည AA နဲ့ ဆက်စပ် သံသယရှိလို့ ဖမ်းဆီးခံခဲ့ရတဲ့ လက်သမား ၃ ဦးထဲက ဒုတိယမြောက်တစ်ဦးဖြစ်တဲ့ ကိုဇော်မျိုးလှိုင်ဟာ စစ်ဆေးမှု အတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ စစ်တွေဆေးရုံကြီးမှာ ကုသနေစဉ် သေဆုံးသွားခဲ့ ပါတယ်။
'' သူက နေမကောင်းဘူး၊ သွေးတွေ အပက်ပက်အံတယ်။ အဲသလို အံတာဟာ စစ်တပ်က ရိုက်နက်စစ်ဆေးတဲ့ အတွက် သွေးအံတာဖြစ်တယ်၊ သူရဲ့ အဆုပ်တွေကွဲသွားတယ်။ ချောင်းဆိုးပြီး သွေးအံတာ''လို့ မိခင်ဖြစ်သူ ဒေါ်သိန်းနုစိန်က သားဖြစ်သူ သေဆုံးခဲ့ရတဲ့အခြေအနေကို ပြောပြပါတယ်။
အခု သေဆုံးသွားတဲ့ ကိုဇော်မျိုးလိူင်ဟာ ဇွန်လ ၂၂ ရက်နေ့က ဝေသာလီ ဘုရားကြီးကို ပြုပြင်နေရာကနေ တစ်ခြား လက်သမား ၂ ဦးနဲ့ အတူ နေ့လယ် ထမင်းစားဖို့ ဆင်းလာချိန်မှာ စစ်တပ်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူနဲ့ အတူ အဖမ်းခံခဲ့ရတဲ့ အသက် ၂ဝ အရွယ် ပေါက်တောပြင်ကျေးရွာမှ ကိုနေမျိုးထွန်းဆိုသူဟာလည်း စစ်ဆေးခံနေရစဉ် ဒဏ်ရာတွေရရှိခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်ဆေးရုံမှာ သေဆုံးသွားခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
လစ်ဗျားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေ့ပြောင်းဒုက္ခသည် ၄၀ နီးပါးသေဆုံး
လစ်ဗျားနိုင်ငံမှာတော့ ထိန်းသိမ်းရေးစခန်းတစ်ကို ပြုလုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုတစ်ခုမှာ အာဖရိက နိုင်ငံတွေကလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက်လေးဆယ်နီးပါးသေဆုံးခဲ့တယ်လို့ မြို့တော် ထရီပိုလီ မှာအခြေစိုက်တဲ့ ကုလမသဂ္ဂကျောထောက်နောက်ခံ ပေးထားထားတဲ့ လစ်ဗျားအစိုးရက ပြောလိုက်ပါတယ်။
ထိန်းသိမ်းရေးစခန်းလေကြောင်းကနေ အတိုက်ခံရမှုမှာ နောက်ထပ် လူ ၈၀ ကျော်လည်း ဒဏ်ရာရတယ် လို့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ဝရမ်းပြေးဗိုလ်ချုပ်ကြီး ခါလီဖာ ဟတ်ဖ်တာကို သစ္စာခံထားပြီး ထိန်းသိမ်းရေးစခန်းရှိရာ နယ်မြေမှာ အစိုးရတပ်တွေကို တိုက်ခိုက်နေတဲ့ လစ်ဗျားအမျိုးသားတပ်မတော် (LNA) ကတော့ ထိန်းသိမ်းရေး စခန်းကို သူတို့ မတိုက်ဘူးလို့ ပြောပါတယ်။
ဒါ့ပြင် ဒီတိုက်ခိုက်မှုဟာ အစိုးရတပ်တွေကိုလိုလားတဲ့ ပြည်သူ့စစ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ PLA ပြောခွင့်ရသူက အပြစ်တင်ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကတော့ ရွှေ့ပြောင်းတွေရဲ့ထိန်းသိမ်းရေးစခန်း ဗုံးကြဲခံရတာကို အလွန်အမင်း စိုးရိမ်တယ်လို့ ပြောထားပါ တယ်။








