ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
MIU ဝန်ထမ်း ကိုကျော်ဇင်ဝင်း သတ်သေမှု စုံစမ်းထုတ်ပြန်ပေးမယ်လို့ပြော
Myanmar Imperial University ရဲ့ စာကြည့်တိုက်မှူးအဖြစ် အလုပ်လုပ်ကိုင်နေသူ အသက် ၂၅နှစ်အရွယ် ကိုကျော်ဇင်ဝင်း သေဆုံးမှုကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့က စုံစမ်းနေပြီး ထုတ်ပြန်ပေးမယ်လို့ ကျောင်းရဲ့ ပြောခွင့်ရသူ ကိုချမ်းငြိမ်းအောင်က ဘီဘီစီကိုပြောပါတယ်။
ဇွန်လ ၂၄ရက်၊ နေ့လယ်ပိုင်းလောက်က ကိုကျော်ဇင်ဝင်း သေဆုံးမှုကို ကျောင်းအနေနဲ့ သိရှိခဲ့ရသလို၊ သူ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ အကြောင်းအရာတွေကို ကျောင်းတွင်း စီမံခန့်ခွဲရေးအဖွဲ့နဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးတွေ့ရှိတာတွေကိုတော့ ကျောင်းရဲ့ အင်တာနက်စာမျက်နှာတွေကနေ အများပြည်သူ သိရှိအောင်လို့ ထုတ်ပြန်ပေးမယ်လို့လည်း MIU ကနေသိရပါတယ်။
ကိုယ့်ဘာသာ အဆုံးစီရင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်း မဆုံးမီတစ်ရက်အလို မိမိရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် လုပ်ငန်းခွင်အတွင်း အထက် အရာရှိမှ ဝေဖန်ပြောဆို၊ ရေသားထားတဲ့ အုပ်စုဖွဲ့ပြောဆိုမှု၊ ကဲ့ရဲ့ပြောဆို မှုတွေကို သူ့ဖေ့ဘုတ်မှာတင်ခဲ့ပါတယ်။
ဘီဘီစီက MIU ကို စုံစမ်းစစ်ဆေးနေတဲ့အချိန်ဘယ်လောက်ကြာမှာလဲဆိုတာနဲ့ ကိုကျော်ဇင်ဝင်း တင်သွားတဲ့ ဖေ့ဘွတ်ပေါ်က အကြောင်းကိစ္စတွေနဲ့ ပက်သက်ပြီးမေးမြန်းပေမယ့်လည်း လက်ရှိမှာ စုံစမ်းစစ်ဆေး နေတဲ့အချိန်ဖြစ်နေလို့ ပြန်မဖြေပေးနိုင်သေးဘူးလို့သာ ပြောပါတယ်။
ကိုကျော်ဇင်ဝင်းရဲ့ အစ်မဖြစ်သူ မလဲ့လဲ့မိုးသွယ်ကတော့ "နာရေးကိစ္စတွေနဲ့ လူခွဲမရှိတဲ့ကြားက အကုန် အလုပ်များနေလို့ နာရေးအေးအေး ဆေးဆေးပြီးသွားတာနဲ့ ညီမတို့ ဘာဆက်လုပ်မလဲ တိုင်ပင်ပြီးစီစဉ် ကြမှာပါ" လို့ ဘီဘီစီကိုပြောပါတယ်။
အခုသေဆုံးမှုက ခွဲခြားဆက်ဆံမှုကြောင့် သေဆုံးတဲ့အထိဖြစ်ခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုအပေါ် တိုက်ဖျက်တဲ့ ဥပဒေမရှိတာကြောင့် တရားဥပဒေအရအခက်အခဲဖြစ်နိုင်ပေမယ့် ဆိုဘ်ဘာတိုက်ခိုက်ပြောဆိုမှုလို ပုဒ်မမျိုး ဒါမှမဟုတ် လူသေမှုလို ရာဇဝတ်ပုဒ်မမျိုးနဲ့ လုပ်ဆောင်မှသာ ရရှိနိုင်ပေမယ့် အခက်အခဲတော့ရှိနိုင်တယ်လို့ LGBTQ (လိင်စိတ်ခံယူမှုကွဲပြားသူ) တွေအတွက် ဥပဒေဆိုင်ရာ အကူအညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ နန်းဆုမွန်သာက ဘီဘီစီကိုပြောပါတယ်။
"ဒီကိစ္စက မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံတာကို တိုက်ဖျက်ဖို့ ဥပဒေလိုနေပြီဆိုတာကို ထောက်ပြခဲ့တယ်။ ဥပဒေတွေပြင်ဖို့ လိုနေပြီဆိုတာကို လည်းထောက်ပြလိုက်တာပါ" လို့သူကဆိုပါတယ်။
ကိုကျော်ဇင်ဝင်းသေဆုံးရတာက လုပ်ငန်းခွင်အတွင်း တိကျတဲ့လေးစားလိုက်နာရမယ့် ကျင့်ဝတ်တွေ မရှိတာကြောင့်ရယ်၊ လူအချင်းချင်းဖြစ်တည်မှုအပေါ် အစွဲပြုပြီး LGBTQ (လိင်စိတ်ခံယူမှုကွဲပြားသူ)တွေကို အနိုင်ကျင့်ဖို့၊ ဗိုလ်ကျဖို့၊ လှောင်ပြောင်ဖို့အတွက် အခွင့်အရေးပေးနေတဲ့ ဥပဒေပုဒ်မလိုဟာမျိုးတွေ ရှိနေတာ၊ အဲဒီလိုတွေမဖြစ်ဖို့ ကာကွယ်ပေးနိုင်မယ့်အခြေအနေတွေမရှိတာကြောင့်လို့ LGBTQ (လိင်စိတ်ခံယူမှုကွဲပြားသူ) တွေ အရေး ဆောင်ရွက်နေတဲ့Color Rainbow ရဲ့ ဒုတိယညွှန်ကြားရေးမှူး ကိုလှမြတ်ထွန်းက ဘီဘီစီကိုပြောပါတယ်။
"မိသားစုဆန္ဒရှိတယ်ဆိုရင်တော့ ဥပဒေကြောင်းအရအကူအညီပေးတာကို လုပ်ပေးဖို့ မိသားစုတွေကို ဆက်သွယ်နေပါတယ်။ ဒီကိစ္စကိုနမူနာယူပြီးတော့လည်း အစိုးရအာဏာပိုင်တွေကို လူနည်းစုတွေအပေါ် အကာအကွယ်ပေးဖို့ တိုက်တွန်းဖို့လိုလာပါပြီ" လို့ သူကဆိုပါတယ်။
ကိုကျော်ဇင်ဝင်း အသုဘအခမ်းအနားမှာလည်း LGBTQ (လိင်စိတ်ခံယူမှုကွဲပြားသူ) တွေအနေနဲ့ သွားရောက် ဝန်းရံပြီး ဆုတောင်းကြမယ်လို့လည်း Color Rainbow အဖွဲ့ကသိရပါတယ်။