လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသူတွေကို ရုရှားရဲ ဖမ်းဆီး

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ် မြို့မှာ လိင်တူချစ်သူ LGBT တွေရဲ့ အခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားသူတွေ ဖမ်းဆီး ခံခဲ့ရပါတယ်။

သူတို့ဟာ လက်ကိုင်ပိုစတာတွေ ၊ LGBT အခွင့်အရေး အထိမ်းအမှတ် သက်တံရောင် ရိန်းဘိုး အလံတွေ ကိုင်ဆောင်ပြီးလိင်တူချစ်သူတွေရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရုရှားမှာ လိင်တူချစ်သူတွေ အရေး ဝါဒဖြန့်မှုတွေကို တားဆီးခွင့် ဆိုတဲ့ ဥပဒေကို ၂ဝ၁၃ ခုနှစ်တုန်းက အတည်ပြုထားပါတယ်။

စနေနေ့က ပြုလုပ်ခဲ့တဲ့ လိင်တူအခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတွေဟာ စုဝေး ဆန္ဒပြတာမျိုး မလုပ်ပဲ နေရာတွေခွဲပြီး တဦးချင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ မဖြစ်ခဲ့ပေမယ့် လှုပ်ရှားသူတွေ ကိုင်ဆောင်ထားခဲ့တဲ့ ဆိုင်းဘုတ် ၊ ပိုစတာတွေကိုတော့ ရဲတွေက သိမ်းဆည်းသွားခဲ့ပါတယ်။

သက်တံရောင် အလံတွေကို ကိုင်ဆောင်ထားသူတွေ၊ သက်တံရောင် ဝတ်စုံတွေ ဝတ်ဆင်ထားသူတွေကို ရဲက အဓိက ဦးတည် ဖမ်းဆီးခဲ့တာလို့ ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်တဲ့ အလက်စကီ နာဇာရော့ဇ်က ပြောပါတယ်။

ရုရှားပြည်တွင်းက မီဒီယာတွေမှာ LGBT နဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ မဖော်ပြသလောက် ဖြစ်နေပြီး လိင်တူချစ်သူတွေ တကယ်လည်း ရှိနေတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ LGBT အရေးအတွက် တစုံတရာ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်သင့်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ မီခေလ်းက ပြောပါတယ်။