ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင်ဆန္ဒပြပွဲ အစိုးရရုံးတွေကို ဝိုင်းထား၊ တရားခံလွှဲပြောင်းမှု ဥပဒေကြမ်း ဆွေးနွေးပွဲရွှေ့ဆိုင်း
အစိုးရရုံးတွေကို ဝိုင်းထားတဲ့ ထောင်နဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေကြောင့် ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ဆွေးနွေးဖို့ရှိနေတဲ့ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေကြမ်း ဒုတိယအကြိမ် ဆွေးနွေးပွဲကို အာဏာပိုင်တွေက ရုတ်တရက် ရွှေ့ဆိုင်းလိုက်ပါတယ်။
ဟောင်ကောင်မြို့လယ်ခေါင်မှာတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အဓိကလမ်းမကြီးတွေပေါ်ပိတ်ဆို့၊ အစိုးရရုံးတွေကို ဝိုင်းထားပြီး ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပြီး ဟောင်ကောင်နိုင်ငံရေးသမား အမ်မလီလောင်းကတော့ လာမယ့်နေ့တွေမှာလည်း ဥပဒေပြုကောင်စီရှေ့ စုရုံးကြဖို့ ဆန္ဒပြသူတွေကို လှုံဆော်နေပါတယ်။
မျက်နှာဖုံးစွပ် ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်းနင်းရေးရဲတွေက ငရုတ်ကောင်းဖြန်းဆေးတွေနဲ့ ပက်ဖျန်းပြီး လူစုခွဲခဲ့ကြပေမယ့် သူတို့တွေကတော့ အစိုးရရုံးတွေရှေ့မှာ ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ဇွန်လ ၁၁ ရက်နေ့က မိုးတွေသည်းသည်းမဲမဲရွာနေတဲ့ကြားကပဲ ထီးဆောင်း၊ ရွက်ဖျက်တဲထိုး စခန်းချပြီး ဆန္ဒပြနေခဲ့ကြတာဖြစ်ပြီး ရာနဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ ဝန်ထမ်းတွေဟာလည်း ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဥပဒေကြမ်းအရ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ ဟောင်ကောင်ပြည်သူတွေဟာ ပြည်မကြီးကို လွှဲပြောင်းတရားစွဲဆိုခံရမှာဖြစ်ပြီး ဒါကိုအတည်ပြုဖို့ ဟောင်ကောင်ဥပဒေပြုကောင်စီမှာ အကြိတ်အနယ် ဆွေးနွေးရမှာလည်း ဖြစ်ပါတယ်။
အခုဆွေးနွေးပွဲ ရွှေ့ဆိုင်းလိုက်ပြီလို့ ဆိုပေမယ့် ဥပဒေကြမ်း အတည်ပြုဖို့ မဲပေးတာကို ဟောင်ကောင်အစိုးရက ဇွန်လ ၂၀ ရက်နေ့လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဟောင်ကောင်မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
ဆန္ဒပြနေတဲ့ ဥပဒေပြုကောင်စီအဆောက်အဦးနားမှာတော့ လုံခြုံရေး ရဲတွေ ထူထူထပ်ထပ်ချထားပြီး ငယ်ရွယ်တဲ့လူတွေ အနီးအနားဖြတ်သွားရင်လည်း ရဲက ရပ်တန့်ခိုင်းပြီး ရှာဖွေမှုတွေ လုပ်နေပါတယ်။
ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းကတော့ ဒီဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြတာတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပေမယ့်လည်း ရုတ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။