ဦးဝီရသူကို ၀ရမ်းအသစ် ထပ်ထုတ်

မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို ဖမ်းဆီးနိုင်တဲ့ ဖမ်းဝရမ်းကို တရားရုံးက ရဲတပ်ဖွဲ့ထံ ထုတ်ပေးထားတာဖြစ်တယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို ဖမ်းဆီးနိုင်တဲ့ ဖမ်းဝရမ်းကို တရားရုံးက ရဲတပ်ဖွဲ့ထံ ထုတ်ပေးထားတာဖြစ်တယ်။

နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မနဲ အမှုဖွင့်ခံထားရတဲ့ ဦးဝီရသူကို ရာဇဝတ် အထွေထွေအမှု နဲ့ ဇွန်လ ၄ ရက် နေ့က ထပ်မံ ဖွင့်လှစ်လိုက်တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံးရဲ့ သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးမင်းသန့်ကပြည်တွင်းသတင်းမီဒီယာတိုက်တွေကို ဒီနေ့ တရားရုံးမှာ ဖြေကြားလိုက် ပါတယ်။

ဦးဝီရသူကို အခုလို ရာဇဝတ်အထွေအထွေအမှု နဲ့ အနောက်ပိုင်းခရိုင် တရားရုံးက အမှုဖွင့်လိုက်တာဟာ တရားခံပြေးဖြစ် သတ်မှတ်လိုက်တာ ဖြစ်တယ် လို့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် ကဘီဘီစီ ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဦးဝီရသူကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပြီး တရားရုံးက ဝရမ်းထုတ်ပေးထားတာပါ။

"အဲဒီ မူလ ဖွင့်ထားတဲ့ အမှုနဲ့ပတ်သက်တဲ့ ရုံးချိန်းကလည်း ဇွန်လ ၁၁ ရက်ကို ချိန်းပါတယ်။ အခု ရာဇဝတ် အထွေထွေမှုဆိုတာက တရားခံပြေးအဖြစ် သတ်မှတ်တာပါ။ တရားရုံးက ဒီလိုသတ်မှတ်ရင် ဦးဝီရသူကို တွေ့တဲ့ တာဝန်သိ ပြည်သူများ အနေဖြင့် ဖမ်းဆီး၍ သက်ဆိုင်ရာ ရဲစခန်းသို့ အပ်နှံနိုင်တယ်"လို့လည်း ဦးခင်မောင်မြင့် ကဘီဘီစီ ကိုပြောပါတယ် ။

ရဲတပ်ဖွဲ့ ကပြောဆိုချက်အရ ဆိုရင်တော့ ပြည်သူတွေက ဖမ်းဆီး ပြီး ရဲစခန်းသို့ အပ်နှံနိုင်မှာ မဟုတ်ပါဘူး။

ဦးဝီရသူအပေါ် ရာဇဝတ် အထွေထွေ အမှုနဲ့ ပြောင်းလဲလိုက်တာဟာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၂အရ မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို ဖမ်းဆီးနိုင်တဲ့ ဖမ်းဝရမ်းကို တရားရုံးက ရဲတပ်ဖွဲ့ထံ ထုတ်ပေးထား တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီလို သတ်မှတ်တာဟာ တရားခံပြေးဖြစ် သတ်မှတ်တာလားလို့ သတင်းထောက်တွေ မေးတာ နဲ့ ပတ်သက်လို့လည်း ဦးမင်းသန့်က ရှင်းရှင်းလင်းလင်းဖြေကြားတာမျိုးတော့ မရှိပါဘူး။

"ဒီနေ့ တရားခံ မပါပါဘူး၊ တရားခံဖမ်းမမိလို့ ဝရမ်းပြန်သွင်းတာပါ ရာဇဝတ် တရားခံမပါလို့ ကျင့်ထုံးအရ ဦးဝီရသူက ရာဇဝတ် အထွေအထွေအမှု ဖွင့်ပြီးဆောင်ရွက်တာပါ"လို့လည်း ဦးမင်းသန့်က ပြည်တွင်းသတင်းမီဒီယာတိုက် အချို့ က ပြန်လည် ဖြေကြားခဲ့ပါတယ်။

အခုလို သတ်မှတ်လိုက်တဲ့ အတွက် ဆရာတော် ကို ဖမ်းမိသည်ဖြစ်စေ မမိသည် ဖြစ်စေ တရားရုံးက သူ့မျက်ကွယ်မှာ တရားစီရင်လို့ ရသွားတာဖြစ်ပြီး လာမယ့် ရုံးချိန်း ကစပြီး တရားလိုဘက်က စပြီးစစ်လို့ရသွားတယ် လို့ ပြည်တွင်းက တရားလွှတ်တော် ရှေ့နေတွေက ပြောပါတယ်။