ဦးဝီရသူကို ဓမ္မစက်၊ အာဏာစက်နဲ့ အရေးယူဖို့ ပြင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မြို့ နဲ့ အခြားနယ်မြို့ တစ်မြို့မှာ အခုရက်ပိုင်းဟောပြောခဲ့တဲ့ မန္တလေးမစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ ဟောပြောမှု တွေကို ဓမ္မစက် အာဏာစက် နဲ့အ ရေးယူဖို့ပြင်နေတယ်လို့ နိုင်ငံတော် သံဃမဟာနာယက နဲ့ သာသနာရေးဖက်က တာဝန်ရှိသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
အခုရက်ပိုင်းဟောပြောခဲ့တဲ့ ဦးဝီရသူ ဟောပြောမှု တွေဟာ ဝိနည်းမညီတဲ့ ဟောပြောမှုတွေလို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်ဆရာတော် ဦးအဂ္ဂဓမ္မက ဘီဘီစီကို မိန့်ပါတယ်။
သူ့ရဲ့ ဟောပြောမှုတွေဟာ တရားကို ဟောတာ မဟုတ်ဘူးလို့ မဟန က ဝေဖန်လိုက်ပြီး မဟုတ်တမ်းတရားတွေ ပြောနေတာသာဖြစ်တယ်လို့ ဦးအဂ္ဂဓမ္မ ကပြောပါတယ်။
ဆရာတော် ဦးဝီရသူဟာ မေလ၅ ရက်နေ့က ရန်ကုန် မြို့လယ် ဟောပြောပွဲမှာ လွှတ်တော်ထဲက စစ်သားတွေဟာ တပ်မတော်ရဲ့ လစာကို စားပြီး လွှတ်တော်ထဲ အမုန်းခံဝင်ထိုင်နေရတာကြောင့် အဲ့ဒီစစ်သားတွေကို ဘုရားလို ကိုးကွယ်သင့်တယ်လို့ ဟောခဲ့ပါတယ်။
ဧပြီလ ၂၉ ရက်နေ့ကလည်း မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲမှာ ဦးဝီရသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုတဲ့ ဗီဒီယိုဖိုင် အင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရ ပါတယ်။
တနင်္သာရီတိုင်း မြိတ်မြို့ မှာ ပြောကြားခဲ့တဲ့ ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ)ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အရေးယူဖို့ အစိုးရက အမှုတည်ဆောက်နေတယ်ဆိုတာကို သာဿနာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဇာနည်မင်းက အတည်ပြုပါတယ် ။
ဦးဝီရသူကို မဟန ဘယ်လို အရေးယူမလဲ
သူ့ကို အရေးယူဖို့ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေဘက်က အသံဖိုင် အထောက်အထားတွေနဲ့ မဟနကို တိုင်ဖို့လိုတယ်လို့လည်း ပြောသလို တိုင်စာတက်မှ မဟနဘက်က အလုပ်လုပ်မှာ ဖြစ်တယ်လို့လည်းမိန့်ပါတယ်။
၂၀၁၇ ခုနှစ် မတ်လကနေ ၂၀၁၈ ခုနှစ် မတ်လ အထိ ဦးဝီရသူကို တရားဟောခွင့် တနှစ်တိတိ မဟနက ပိတ်ခဲ့ပါတယ် ။
နိုင်ငံတော် သံဃမဟာနာယက၄၇ပါး စုံညီ အစည်းဝေးကနေ ဦးဝီရသူ ကိုမန္တလေးမစိုးရိမ်တိုက်သစ် နာယက ဆရာတော် ကြီးတွေ ဆုံးမသြဝါဒပေးဖို့ အပ်ထားတာရှိပြီးတော့ မန္တလေးမစိုးရိမ်တိုက်သစ်ကလည်း ဆုံးမ အရေးယူသင့်တယ်လို့လည်း မဟန ကပြောပါတယ်။
သက်ဆိုင်ရာဒေသ အာဏာပိုင်တွေဘက်က တိုင်စာတက် လာရင် နိုင်ငံတော် သံဃမဟာနာယက ၁၅ ပါးထိုင်တဲ့ ရုံးက ဆုံးဖြတ်ချက် ချရမှာဖြစ်တယ်လို့လည်း မဟနက ပြောပါတယ်။
ဦးဝီရသူဟာ လူမှုကွန်ရက်မှာ အမုန်းစကားတွေ ရေးသားခဲ့တာကြောင့် ဦးဝီရသူနာမည်နဲ့ အကောင့်ဖွင့်ထားတာ ကို ၂၀၁၈ ခုနှစ် မှာ Facebook က အပြီးအပိုင် ပိတ်သိမ်းခဲ့တာလည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ye pyae zar ni
ဦးဝီရသူ အခုရက်ပိုင်းဘာ တွေဟောနေလို့လဲ
အခုရက်ပိုင်း လူပြောအများဆုံး ကတော့ ရန်ကုန်မြို့လယ်မှာ မေလ ၅ရ က်နေ့က ဟောခဲ့တဲ့ လွှတ်တော်ထဲက စစ်သားတွေဟာ တပ်မတော်ရဲ့ လစာကို စားပြီး လွှတ်တော်ထဲ အမုန်းခံ ဝင်ထိုင်နေရတာကြောင့် အဲ့ဒီစစ်သား တွေကို ဘုရားလို ကိုးကွယ်သင့်တယ်ဆိုတဲ့ အမျိုးသားရေး ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်ဖြစ်ပါတယ်။
ဧပြီလ ၂၉ ရက်နေ့က မြိတ်မှာ ဟောခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲမှာလည်းအစိုးရက ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းရာမှာ ပြည်ပအားကိုးနေမှုတွေကို ဆက်လက် ဝေဖန်ခဲ့သလိုနိုင်ငံတော် အတိုင်ပင်ခံ ကို တိုက်ရိုက်ရည်ရွယ် ၀ေဖန်တာတွေလည်း အများပြားလုပ်ခဲ့ပါတယ် ။
ဆရာတော် ဦးဝီရသူ ကိုဒီလို ဝေဖန်မှုတွေနဲ့ ပက်သက်ပြီ ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP
သူနောက်မှာ ဘယ်သူတွေ ရှိနေလဲ
ဒီလိုနိုင်ငံတော်အဆင့်အကြီးအကဲတွေကို တိုက်ရိုက်စွပ်စွဲ ပြောဆိုမှုတွေအတွက် အဖမ်းမခံရတာ အရေးယူမခံရတာနဲ့ ပတ်သက်ပြီး ဦးဝီရသူ ဘာကြောင့် အရေးယူမခံရတာလဲ၊ သူနောက်မှာ ဘယ်သူတွေ ရှိနေလဲ ဆိုတာကို လည်း လူအများ က ဝေဖန်မှုတွေ ရှိပါတယ်။
နိုင်ငံတော် သံဃမဟာနာယက ကိုယ်တိုင်လည်း အစိုးရက အရေးမယူတာကို အံ့အားသင့်နေပါတယ်။
သူ့နောက်မှာ အဖွဲ့အစည်း တစ်ခုရှိနိုင်တယ်လို့လည်း မဟန တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဦးအဂ္ဂဓမ္မက ဘီဘီစီကို မိန့်ပါတယ်။ ဘယ်အဖွဲ့အစည်းဆိုတာကိုတော့ တိတိကျကျ မပြောသွားပါဘူး။
ရွှေဝါရောင်ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို တော့ တပ်မတော်က တရားစွဲဆိုထားမှု ရှိပြီး တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းအောင် လူမှုကွန်ရက်တွင် ရေးသားသည်ဆိုတာကို မေလ ၁၃ ရက်နေ့ မှာ အမရပူရတရားရုံးမှာစစ်ဆေးဖို့ ရှိပါတယ်။
နိုင်ငံတော် သံဃမဟာနာယက တော့ သက်ဆိုင်ရာက တိုင်လာရင် ဘယ်လို အရေးယူရမယ်ဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပြီး အရေးယူတာကတော့ အာဏာပိုင် အဖွဲ့စည်းကပဲ လုပ်ရမှာ ဖြစ်တယ်လို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဝင် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်ဆရာတော် ဦးအဂ္ဂဓမ္မက ဘီဘီစီကို မိန့်ပါတယ်။








