ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသားရေး ဆရာတော်က အောင်သပြေ ရွာသားတွေ အတွက် ငွေကြေး ၊ ရေသန့်ဗူးနဲ့ ဓါတ်ဆားထုပ်တွေ လာရောက် လှူဒါန်း
မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ် ထဲက ကျောက်မီးသွေး ဘိလပ်မြေ စက်ရုံ စီမံကိန်းကို ဆန္ဒပြနေတဲ့ အောင်သပြေ ရွာကို မစိုးရိမ် တိုက်သစ် က ဆရာတော် ဦးဝီရသူ ရောက်လာပြီး ငွေကြေး ၊ ရေသန့်ဗူး နဲ့ ဓါတ်ဆားထုပ်တွေ လာရောက် လှူဒါန်း ခဲ့ပါတယ်။
မေလ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဆရာတော် အပါအ၀င် ကားနှစ်စင်းနဲ့ ရောက်လာပြီး ငွေသားပါတဲ့ အထုပ်တထုပ်နဲ့ အမှတ် တံဆိပ် မပါတဲ့ ရေသန့်ဗူးတွေ အပြင် ဓါတ်ဆားထုပ်တွေ လာပေးသွားတယ်လို့ အောင်သပြေ ရွာသူ မအေးသီတာ က ပြောပါတယ်။
အောင်သပြေရွာက ဦးရွှေအုန်း အိမ်ကို အထက်ပါပစ္စည်းတွေ လာပေးတဲ့အခါ ရွာသားတွေက ဆရာတော့် အလှူကို လက်မခံဘဲ ပြန်ပေးခဲ့ရာမှာ ဆရာတော်က ငွေသားထုပ်သာ ပြန်ယူသွားခဲ့ပြီး ကျန်တဲ့ ပစ္စည်းတွေကိုတော့ ထားသွားခဲ့တယ်လို့ သူက ဆိုပါတယ်။
အခုလို အချိန်မှာ ဆရာတော် လာရောက် လှူဒါန်းမှုကို လက်မခံရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အောင်သပြေ ရွာသူ မရင်ရင်အောင်ကလည်း လက်ရှိ ဖြစ်နေတဲ့ ပြဿနာမှာ ဆရာတော် ၊ သံဃာတော်တွေကို ထိခိုက်မှာ စိုးရိမ် တဲ့ အတွက် သာသနာတော်ကို မညိုးနွမ်း စေချင်လို့ လက်မခံတာလို့ ပြောပါတယ်။
အောင်သပြေ ကျေးရွာ အနီးမှာ ဆောက်လုပ် လည်ပတ် လျက် ရှိတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ဖျက်သိမ်းပေးဖို့ နဲ့ ဒီစီမံကိန်း နဲ့ ပတ်သက်လို့ ဖမ်းထားတဲ့ တောင်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျေးရွာသူ ကျေးရွာသားတွေက မေလ ၁၄ ရက်နေ့စပြီး ကျေးရွာ အ၀င်လမ်းကို ပိတ်ကာ ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီနောက် မေလ ၁၅ ရက်နေ့ မနက် လင်းအားကြီး အချိန်မှာ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ရာဘာကျည်ဆန်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ကာ အင်အားသုံး လူစု ခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေကလည်း မနက် ဂနာရီ ပတ်၀န်းကျင်လောက်မှာ စက်ရုံ စီမံကိန်း၀န်း အတွင်း ဝင်ရောက်ကာ အထဲက ကားတွေနဲ့ အဆောက်အအုံကို ၀င်ရောက် မီးရှို့မှု ကြောင့် ကားနှစ်စီး ဆိုင်ကယ် သုံးစီး မီးလောင်ပျက်စီး သွားခဲ့ပါတယ်။
လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသခံ ရွာသားတွေ အခင်းဖြစ်ပွားမှုကို တိုက်ရိုက် ထုတ်လွှင့်နေတဲ့ မန္တလေး အခြေစိုက် Channel Mandaly TV သတင်းဌာနက သတင်းထောက် တယောက်နဲ့ ဒေသခံ ရွာသား သုံးယောက် ထိန်းသိမ်း ခံခဲ့ရပြီး ဆန္ဒပြသူတွေ ဖက်က ၁၈ ဒဏ်ရာ ရခဲ့သလို လုံခြုံရေး တပ်ဖွဲ့တွေဖက်ကလည်း ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။
ဒီ ကျောက်မီးသွေးသုံး Alpha ဘိလပ်မြေ စက်ရုံ စီမံကိန်း ဟာ ၂၀၁၂ ကတည်းက ဒေသခံတွေ ကန့်ကွက်မှုကြောင့် ရပ်နားထားရပြီး လက်ရှိ အစိုးရ လက်ထက်မှာ ဥပဒေနဲ့ ညီညွတ်မှု ရှိတယ်လို့ ဆိုကာ မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
မြင့်ကုမ္ပဏီကဆောက်လုပ်နေတဲ့ တန် ၅,၀၀၀ ကျ ထုတ်လုပ်သွားမယ့် Alpha ဘိလပ်မြေစက်ရုံစီမံကိန်း ဟာ ကျောက်မီးသွေးစွမ်းအင် အသုံးပြုတာ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ရွာနဲ့ခြံစည်းရိုးသာခြားပြီး ရှိနေတာကြောင့် ဒေသခံတွေရဲ့ တောင်ယာတွေပျက်စီးမှာ ကျန်းမာရေးကိုထိခိုက်လာမှာစိုးရိမ်နေကြသလို စီမံကိန်းလုပ်သားအချို့က ရွာခံမိန်းကလေးတွေကို အိန္ဒြေပျက်ပြား အောင် လုပ်ဆောင်တာတွေလည်းရှိနေ တဲ့အတွက် ကန့်ကွက်ကြရတာဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ဒီစက်ရုံစီမံကိန်းအတွက် လမ်းတွေဖောက်လုပ်တဲ့အခါမှာလည်း ရွာသားတွေပိုင် ခြံစည်းရိုးမြေတွေပါဝင်နေတာကို မဖယ်ပေးဘဲ စက်ရုံပိတ်သိမ်းဖို့ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ဒေသခံ ၁၈ ဦးကို တရားစွဲဆိုထားတာတွေလည်း ရှိခဲ့ပါတယ်။