ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ္တရာ ဘိလပ်မြေစီမံကိန်း ရွာသားတွေ ကန့်ကွက်
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နဲ့ မတ္ထရာမြို့နယ်အစပ်က အောင်သပြေရွာမှာ လုပ်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ အဲဒီစီမံကိန်းက လမ်းတွေ တိုးချဲ့ ဖောက်နေမှုကို ဒေသခံတွေက ကန့်ကွက် ဆန္ဒပြ နေကြပါတယ်။
ဆန္ဒပြတဲ့ ရွာသူရွာသားတွေကို ရဲအင်အားသုံးပြီး ထပ်ဖမ်းဖို့ ကြိုးစားရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
အောင်သပြေရွာ ဘေးမှာ ဆောက်နေတဲ့ မြင့်ကုမ္ပဏီရဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းက ရွာရဲ့ပတ်ဝန်းကျင်ကို ထိခိုက် နေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
တန် ၅ဝဝဝ ကျ အာလ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ အပြင် မူလရှိပြီးသား ကျေးရွာဖွံ့ဖြိုးရေး လမ်းကို ၁၈ ပေကနေ ပေ ၅ဝ အထိ တိုးချဲ့မှာကိုလည်း ရွာသားတွေက ကန့်ကွက်ပြီးသူတို့ ခြံစည်းရိုးဖျက်မပေးဘဲ နေကြ ပါတယ်။
စက်ရုံပိတ်သိမ်းဖို့ ဦးဆောင် ကန့်ကွက်ဆန္ဒပြ သူ ၄ ယောက်နဲ့ ခြံစည်းရိုးဖျက် မပေးသူတွေကို ရဲတပ်ဖွဲ့အင်အား ၂၀၀ လောက်နဲ့ ဖမ်းဆီးဖို့ကြိုးစား ရာမှာ ရွာသားတွေက တားဆီး ခဲ့ကြပါတယ်။
လမ်းချဲ့ဖို့ ခြံစည်းရိုး ဖျက်မပေးသူ ခြံပိုင်ရှင် ဒေါ်မြမြ ကတော့ အရင်ရက်ပိုင်းက ပုသိမ်ကြီး ရဲစခန်းမှာ အာမခံမရဘဲ ဖမ်းဆီးခံ ထားရပါတယ်။
အောင်သပြေရွာက ရာအိမ်မှူး ဦးမိုးလင်းက ကျောက်မီးသွေး သုံးပြီး ဘိလပ်မြေ ထုတ်ရင် သရက်၊ ငှက်ပျောစတဲ့ သီးနှံခြံတွေပျက်စီးနိုင်တဲ့ အပြင် စီမံကိန်းဧရိယာထဲမှာ ရွာသားတွေ အမှီပြု နေတဲ့ သောက်သုံး ရေကန်တွေနဲ့ စားကျက် မြေတွေလည်း ပါသွားလို့ ဒေသခံတွေကို ထိခိုက် နိုင်တဲ့ အတွက် ဒီစက်ရုံကို ကန့်ကွက်ရတာလို့ ပြောပါတယ်။
ကုမ္ပဏီက ဒေသခံတွေရဲ့ မြေတွေကို ဝယ်ယူ လုပ်ကိုင်တာဖြစ်ပေမယ့် လမ်းချဲ့တဲ့အတွက် ဒေသခံတွေ နစ်နာမှုများတယ်လို့ အောင်သပြေရွာက ဦးကျော်ခင်က ပြောပါတယ်။
အရင်က ဒီစီမံကိန်းကိုရပ်ထားဖို့ ဒေသခံတွေက တောင်းဆိုပြီး စက်ရုံသွားတဲ့လမ်းကို ပိတ်ထား ခဲ့တဲ့ အတွက် ဒီမံကိန်းကို ၂ လကျော်လောက် ၃ လလောက် ရပ်နားထားခဲ့ပြီး မကြာခင်ကမှ တိုင်းအစိုးရက ဥပဒေနဲ့ညီတယ် ဆိုပြီးပြန်လည် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
စက်ရုံ စီမံကိန်းနယ်နိမိတ်က ရွာစည်းရိုးနဲ့ ထိကပ်နေတဲ့ အတွက် စက်ရုံပြီးစီးလို့ လည်ပတ်မယ် ဆိုရင် ကျောက်မီးသွေးနဲ့ ကျောက်မှုန့်တွေကြောင့် ဒေသခံတွေက သူတို့ရွာ ထိခိုက်မှာကို စိုးရိမ် နေကြချိန်မှာပဲ သူတို့ရဲ့ကန့်ကွက်မှုကြောင့် နောက်ထပ် ဖမ်းဆီးခံရမှာ ကိုလည်း စိုးရိမ် နေကြပါတယ်။