ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးမှာဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တဲ့ ရွာသား ၃ဦးနဲ့ သတင်း ထောက်တစ်ဦးကို ဖမ်းဆီးအမှုဖွင့်
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ မြင့်ကုမ္ပဏီကဆောက်လုပ်နေတဲ့ Alpha ဘိလပ်မြေစက်ရုံစီမံကိန်းကို ဖျက်သိမ်းပေးဖို့ ကန့်ကွက်တားဆီးခဲ့တဲ့ ရွာသား ၃ဦးနဲ့ ဖြစ်စဉ်ကို သတင်းရယူခဲ့တဲ့သတင်းထောက်တစ်ဦးကို ပုသိမ်ကြီးရဲစခန်းမှာ ထိန်းသိမ်းထားပြီး အမှုဖွင့်ထားတယ်လို့ ဒေသခံအချို့ကဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ မေ ၁၆ ရက်နေ့ မနက်ပိုင်းမှာလည်း ပုသိမ်ကြီးမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက ဆွေးနွေးဖို့ဆိုပြီး အောင်သပြေကျေးရွာက ရာအိမ်မှူး ကိုမိုးလင်းကို ပုသိမ်ကြီးမြို့ပေါ်ကို ဖိတ်ခေါ်ခဲ့ပြီး နောက် ပြန်မလွှတ်ဘဲ အချုပ်မှာ ဖမ်းဆီးထားခဲ့တယ်လို့လည်း အောင်သပြေကျေးရွာသား တစ်ဦးဖြစ်တဲ့ ဦးရွှေအုံးကဘီဘီစီကိုပြောပါတယ်။
မေ ၁၅ရက် နေ့ မနက်ပိုင်းက စီမံကိန်းဖျက်သိမ်းပေးဖို့ စက်ရုံဝင်းထဲကို ကုမ္ပဏီပိုင်ယာဉ်တွေ အဝင်မခံဘဲ ပိတ်ဆို့တားဆီးပြီး ကန့်ကွက်ခဲ့တဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့ကပစ်ခတ်နှိမ်နင်းအပြီးမှာ ရွာသား ၃ဦးနဲ့အတူ ဖြစ်စဉ်ကို တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်နေတဲ့ သတင်းထောက်တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ တာဖြစ်ပါတယ်။
'' မနေ့က ဖမ်းသွားထဲက ဘယ်မှာဖမ်းထားတယ်။ ဘာနဲ့အမှုဖွင့်ထားတယ်ဆိုတာလည်းမသိရဘူး။ ရွာက လူတချို့ သွားတော့ ပုသိမ်ကြီး ရဲစခန်းမှာချုပ်ထားတာတွေ့တယ်လို့ပြောတယ်။ ကျွန်မကလည်း စက်ရုံကို ဆန္ဒပြလို့ ငြိမ်းစုစီနဲ့ အစွဲခံရပြီး ဝရမ်းအထုတ်ခံထားရတော့ ရဲစခန်းလည်း သွားကြည့်လို့မရဘူး။ သမီးလေးက ဒီနှစ် ၉တန်းတက်မှာ၊ကျွန်မတို့ နှစ်ယောက်လုံး အခုလိုဖြစ်နေတော့ ဘယ်လိုဆက်လုပ်ရမှန်း တောင် မသိဘူး။'' လို့ မေ ၁၅ရက်နေ့ကဖြစ်စဉ်ကြောင့် အဖမ်းခံထားရသူတွေထဲကတစ်ဦးဖြစ်တဲ့ ကိုမင်းနိုင်ရဲ့ အမျိုးသမီးဖြစ်သူ မဝင်းမာသန်းက ဘီဘီစီကိုပြောပြပါတယ်။
ဖမ်းဆီးခံထားရသူတွေအနက် နန္ဒ ( တကိုယ်တော်) ဟာ မန္တလေးအခြေစိုက် Channel Mandalay Tv ရဲ့ သတင်း ထောက်ဖြစ်တယ်လို့ သတင်းရယူရေးကိုသာလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Channel Mandalay Tv ကနေ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံထားရတဲ့သတင်းထောက်ကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၃ အပါအဝင် ပုဒ်မ ၄၃၅၊ ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပြီး သတင်းရယူတဲ့သတင်းထောက်ကို ဖမ်းဆီးတာဟာ မဖြစ်သင့်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို သတင်းမီဒီယာကောင်စီအပါအဝင် သတင်းမီဒီယာအဖွဲ့အစည်း အချို့ကနေ ထုတ်ပြန် တောင်းဆိုထားပါတယ်။
ရွာသား ၃ဦးအပါအဝင် သတင်းထောက် တစ်ဦးအဖမ်းခံထားရတာနဲ့ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
စက်ရုံပိတ်သိမ်းပေးဖို့ ကန့်ကွက်တားဆီးခဲ့တဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုအပြီးမေ ၁၅ရက်နေ့ညနေ ပိုင်းမှာ မြင့်ကုမ္ပဏီပိုင် ယာဉ်ယန္တရားတွေနဲ့ နိုင်ငံခြားသားပညာရှင်တွေအပါအဝင်ကုမ္ပဏီ ဝန်ထမ်းတွေ ဟာ စက်ရုံဝန်းအတွင်းက ထွက်ခွာသွားခဲ့ကြပါတယ်။
ဒီကနေ့ မေ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ ကုမ္ပဏီပိုင်ယာဉ်အချို့ ပြန်လည်ရောက်ရှိလာတဲ့အတွက် ရွာသားအချို့က တားဆီးခဲ့ပြီးနောက် ရဲကားအချို့လည်း ကျေးရွာအနီးမှာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ အောင်သပြေ ရွာသားတစ်ဦးဖြစ်တဲ့ ဦးရွှေအုံးက ပြောပါတယ်။
မြင့်ကုမ္ပဏီကဆောက်လုပ်နေတဲ့ တန် ၅,၀၀၀ ကျ ထုတ်လုပ်သွားမယ့် Alpha ဘိလပ်မြေစက်ရုံစီမံကိန်း ဟာ ကျောက်မီးသွေးစွမ်းအင်အသုံးပြုပြီး လုပ်ကိုင်မှာဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ရွာနဲ့ခြံစည်းရိုးသာခြားပြီး ရှိနေတာကြောင့် ဒေသခံတွေရဲ့ တောင်ယာတွေပျက်စီးမှာ ကျန်းမာရေးကိုထိခိုက်လာမှာစိုးရိမ်နေကြသလို စီမံကိန်းလုပ်သားအချို့က ရွာခံမိန်းကလေးတွေကို အိန္ဒြေပျက်ပြား အောင် လုပ်ဆောင်တာတွေလည်းရှိနေ တဲ့အတွက် ကန့်ကွက်ကြရတာဖြစ်တယ်လို့ ဒေသခံအချို့ရဲ့သဘောထားနဲ့ပတ်သက်ပြီး ရွာသူ မပူစူးက ဘီဘီစီကိုပြောပါတယ်။
၂၀၁၈ ခုနှစ်တုံးက ဒီစက်ရုံစီမံကိန်းအတွက် လမ်းတွေဖောက်လုပ်တဲ့အခါမှာလည်း ရွာသားတွေပိုင် ခြံစည်းရိုးမြေတွေပါဝင်နေတာကို မဖယ်ပေးဘဲ စက်ရုံပိတ်သိမ်းဖို့ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ဒေသခံ ၁၈ ဦးကို တရားစွဲဆိုထားတာတွေလည်း ရှိခဲ့ပါတယ်။