ရခိုင်က ဒုက္ခသည်စခန်း တချို့မှာ ကလေးသူငယ်တွေ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေ

ဓာတ်ပုံ ရင်းမြစ်, Rakhine Ethnics Congress
ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ် အတွင်းက ဒုက္ခသည်စခန်းတချို့ မှာ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးသူငယ် အများစုမှာ ဝမ်းပျက်ဝမ်းလျှောတာတွေ အဖြစ်များ နေတယ်လို့ ဒုက္ခသည် စခန်းတွေကနေ သိရပါ တယ်။
' ' ရေမရှိတော့ မြစ်ရေကိုပဲ သောက်နေရတာ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေကြတယ်။ ကလေးငယ်တွေ တော့ ပိုများတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းတော့ ဆေးရုံဆေးခန်းလည်း မသွားနိုင်ပါဘူး။ တချို့ကတော့ ရွာထဲကနေ ဓာတ်ဆားတို့ ဘာတို့တော့ ဝယ်သောက်ကြတယ်။ ရိက္ခာကလည်း နောက် သုံးလေးရက်စာပဲ ကျန်တော့တယ် '' လို့ မြောက်ဦးမြို့နယ်ထဲက ဆင်ကဲ ဒုက္ခသည်စခန်းမှာ ရှိတဲ့ စစ်ရှောင် ဒုက္ခသည်တစ်ဦးဖြစ်တဲ့ မနိုင်နိုင်မိုးက ဘီဘီစီကို ပြောပါတယ်။
လူဦးရေ သုံးရာကျော်ရှိတဲ့ ဆင်ကဲဒုက္ခသည် စခန်းမှာ ပြီးခဲ့တဲ့၂ ပတ် ကျော် ကာလက လေပြင်းတိုက်ခိုက်တာကြောင့် ယာယီတဲတွေ ပြိုကျပျက်စီးခဲ့တဲ့ အတွက် အမိုးအကာ မရှိတော့ စခန်းတွေမှာ နေနေရတဲ့အတွက် အပူဒဏ်ကိုလည်း အဓိက ခံစားနေကြရတယ်လို့ မနိုင်နိုင်မိုးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Rakhine Ethnics Congress
ဆင်ကဲဒုက္ခသည်စခန်း နည်းတူ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက ဒုက္ခသည်စခန်း တချို့မှာလည်း ရာသီဥတု အပူရှိန်နဲ့ သောက်သုံးရေ အခက်အခဲကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောတာတွေ အဖြစ်များ နေတယ်လို့ ဒုက္ခသည် စခန်းတွေကို အကူအညီပေးနေတဲ့ မအက်စသာသန်းအေးက ဘီဘီစီကို ပြောပါတယ်။
'' ကိုယ့်ဒေသကိုလည်း ပြန်ချင်ပေမယ့်လည်း ပြန်လို့ကလည်း မရဘူး။ တောင်ယာ လုပ်ကိုင်စားသောက် နေကြဖြစ်ပေမယ့် လယ်ယာမြေတွေကလည်း မရှိတော့တဲ့ ဒီဒုက္ခသည်စခန်းမှာ မိုးခိုရတော့မှာပဲ'' လို့ စားသောက်နေထိုင်ရေး အခက်အခဲတွေ ရှိနေပေမယ့်လည်း နေရပ်ပြန်လို့ မဖြစ်သေးတဲ့ အခြေအနေတွေကို ဝါးတောင်ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ မြိုတိုင်းရင်းသူ မလှဦးက ဘီဘီစီကို ပြောပြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒုက္ခသည် အရေအတွက်လည်း တဖြည်းဖြည်း တိုးပွားလာနေပြီး လက်ရှိမှာ ဒုက္ခသည်ဦးရေဟာ သုံးသောင်းကျော်အထိ ရှိလာပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Rakhine Ethnics Congress
ဒုက္ခသည်စခန်းတွေက ပိုမိုတိုးပွားလာတဲ့အပြင် ရိက္ခာထောက်ပံ့ရေးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှသာ ထောက်ပံ့ရမယ့် အနေအထား ဖြစ်နေတာကြောင့် တဖြည်းဖြည်း တိုးပွားလာတဲ့ ဒုက္ခသည်စခန်းတွေမှာ စားရေရိက္ခာ အခက်အခဲတွေ ရှိလာတယ်လို့လည်း ရခိုင် အခြေစိုက် လူမှုအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။
' ' လောလောဆယ်ထိတော့ အစိုးရထောက်ပံ့ထားတဲ့ ရိက္ခာက နောက် သုံးလေးရက်စာပဲ ကျန်တော့တယ်။ ကျွန်တော်တို့ စခန်းက သွားလာရေးလည်း ခက်တော့ အခြား လူမှုအဖွဲ့အစည်းတွေကလည်း မရောက်တာ များတယ်။ အစိုးရထောက်ပံ့တာကလည်း တစ်ခါပဲ ရဖူးတာ။ သောက်စရာရေလည်း မရှိ အမိုးအကာကလည်း မရှိနဲ့ တော်တော် ဒုက္ခရောက်တယ်'' လို့ ဆင်ကဲဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးမောင်ထွန်းဖြူက ကြုံတွေ့ နေရတဲ့ အခြေအနေတွေကို ပြောပြပါတယ်။









