ရခိုင်၊ကချင်နဲ့ ရှမ်းက စစ်ဘေးရှောင်တွေအတွက် ဂျပန်အစိုးရကူညီမယ်

ဓာတ်ပုံ ရင်းမြစ်, ZINGHTUNG YAWNG HTANG
ရခိုင်ပြည်နယ် အပါအဝင် ကချင်ပြည်နယ် ရှမ်းပြည်နယ်တို့က စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၇ ငွေကြေး အကူအညီကို သဘောတူညီမှု စာချုပ်နဲ့ ဂျပန်အစိုးရနဲ့ ကုလသဂ္ဂ အဖွဲ့အစည်းတွေက ချုပ်ဆိုလိုက်ပါတယ်။
ဒီငွေကြေးအကူအညီဟာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်းပြည်နယ်က စစ်ဘေးရှောင် အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေအပါအဝင် လူ့အဖွဲ့အစည်းအကြား ယုံကြည်မှု တည်ဆောင်ရေး အစီအစဉ်တွေမှာ အသုံးပြုမယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ ဂျပန်အစိုးရရဲ့ပူးတွဲ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ ရန်ကုန်အခြေစိုက် ပြောရေးဆိုခွင့်ရှိသူ မစ္စ ကင်ဘာလင်ဖိလစ် က "ကျွန်မတို့ လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကတော့ ကိုယ်ပိုင် အရည်အချင်းမြှင့်တင်ရေး၊ ကျန်းမာရေး အစီအစဉ်တွေ ပါပါတယ်။ စစ်ရှောင်စခန်းတွေမှာ ခြင်ထောင်ဝေတာတွေ၊ နောက်ပြီး အမျိုးသမီး ၊ ကလေးငယ်နဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ရောဂါ အပြင်းအထန် ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ အတွက် ဆေးဝါးကုသမှုတွေ ပါပါတယ် " လို့ ဘီဘီစီကို ရှင်းပြပါတယ်။
ကျန်တဲ့ငွေကြေး အကူအညီတွေကတော့ တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၊ ကုလသမဂ္ဂ ကလေးရန်ပုံငွေ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ တခြား ယူအန်အဖွဲ့အစည်းတွေက စီမံခန့်ခွဲပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ အသုံးပြုမယ်လို့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်စပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်မတော် အေအေနဲ့ အစိုးရတပ်တွေကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၆ ထောင်ကျော် ထွက်ပြေး ပုန်းရှောင်နေရပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်နေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ပြန်လာရေးကို နှောင့်နှေးစေနိုင်တယ်လို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။





